ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်း ၂ သင်းဖြစ်ပေမယ့် ဒီ ၂ သင်းစလုံးမှာကစားခဲ့ဖူးတဲ့ ပလေယာတွေလည်း မနဲပါဘူး။ ကျွန်တော်တို့ လက်လှမ်းမှီသလောက်ဆိုရင် ဗန်ပါစီ၊ ဝဲဘတ် ၊ ဆန်းချက် ၊ မစ်ခီတာရန် ၊ ဆီဗက်စတာ စသည်ဖြင့်ဖြစ်ပါတယ်။
အဲ့ဒီအထဲက တောသားကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ အလက်ဆစ်ဆန်းချက်ဇ်ဆိုတဲ့ နာမည်ကို ဂန်းနားပရိသတ်တွေ အမှတ်ရနေကြဦးမှာပါ ။ ဘာစီလိုနာကနေ မြောက်လန်ဒန်ကိုရောက်လာခဲ့တဲ့ ချီလီလက်ရွေးစင်ကြီးဟာ အိုဇေးလ်နဲ့အတူ တွဲဖက်ပြီး ဂန်းနားတွေအဖြစ် တစ်ချိန်က အကောင်းဆုံးအသုံးတော်ခံခဲ့ပါတယ် ။ ဒါပေမယ့် သူ့ရဲ့အမ်းမရိတ်နောက်ဆုံးနေ့စွဲတွေကတော့ သိပ်မလှပခဲ့ပါဘူး ။ ပေးဆပ်လိုစိတ်နည်းလာတဲ့ ၊ အသင်းရဲ့ရှုံးပွဲတွေအပေါ် စိတ်ပျက်လာတဲ့ သူ့ဟာ တစ်ခုသော ဇန်နဝါရီမှာတော့ အာဆင်နယ်ကို ကျောခိုင်းဖို့ ဖြစ်လာခဲ့ပါတယ် ။
အာဆင်နယ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ အကြိတ်အနယ်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဆန်းချက်ဇ် နဲ့ မစ်ခီတာယန်တို့ကို အလဲအထပ်လုပ်ခဲ့ပါတယ်။ ခန်းနားမှုတွေနဲ့စတင်ခဲ့ပေမယ့်လည်း ဒီကစားသမားအလဲအထပ်ဟာ နှစ်သင်းစလုံးအတွက် အလုပ်မဖြစ်ခဲ့ပါဘူး ။
မစ်ခီတာယန်းဟာ အာဆင်နယ်မှာ ရုန်းကန်ခဲ့ရသလို ဆန်းချက်ဇ်ကလည်း သရဲနီတွေအတွက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး ။ ဒါ့ကြောင့် ကစားသမားနှစ်ယောက်စလုံးဟာ နောက်ပိုင်းမှာတော့ အီတလီမြေကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။
အာဆင်နယ်ကနေ ထွက်ခွာခဲ့တာဟာ ဆန်းချက်ဇ်အတွက် နောင်တရစရာ ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပါတယ် ။ မန်ယူနဲ့ လေ့ကျင့်ရေးဆင်းပြီးနောက် ဆန်းချက်ဇ်က သူ့ရဲ့အေးဂျင့်ကို “ငါအာဆင်နယ်ဆီ ပြန်သွားလို့ရသေးလား “လို့ မေးခဲ့တဲ့အကြောင်း နောက်ပိုင်းမှာ၀န်ခံခဲ့ပါတယ်။
နောက်ထပ်နာရီပိုင်းမှာကစားကြမယ့် အာဆင်နယ်နဲ့ မန်ယူပွဲဟာ တော်တော်လေးစိတ်လှုပ်ရှားစရာကောင်းသလို ချန်ပီယံတိုက်ပွဲအတွက်လည်း အရေးပါလှပါတယ်။ ဒီပွဲအတွက် Promo Video ကို အာဆင်နယ်ဖက်ကတင်တဲ့အခါမှာတော့ ဆန်းချက်ဇ် ရဲ့စွမ်းဆောင်မှုကိုလည်း ထည့်သွင်းပြသ သွားခဲ့ပါတယ်။ စာရေးသူရဲ့ ပင်ကိုယ်သဘောအရတော့ အဲ့ဒီလိုအပြုအမူကို သဘောကျပါတယ်။ အသင်းကြီးဆန်တဲ့လုပ်ရပ်လို့လည်း ယူဆပါတယ်။ ပြိုင်ဖက်တွေဖြစ်ကြပေမယ့် Appreciation တွေဟာ လိုအပ်ပါတယ်။
ဒီလို မန်ယူ နဲ့ အာဆင်နယ်နှစ်သင်းစလုံးမှာ ကစားဖူးတဲ့ ၊ နှစ်သင်းစလုံးကနေ နှစ်သင်းစလုံးကို ဂိုးသွင်းဖူးတဲ့ ဆန်းချက်ဇ်ဟာ ဒီညပွဲစဉ်မှာ အာဆင်နယ်အသင်း ရလဒ်ကောင်းတွေရဖို့ ဆုတောင်းသွားခဲ့ပါတယ် ။
” ခင်ဗျားတို့ ကျွန်တော့်ကို မှတ်မိသလို ကျွန်တော်လည်း ခင်ဗျားတို့ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး ။ ပရိတ်သတ်တွေက ကျွန်တော့် ရဲ့နှလုံးသားထဲမှာ အမြဲရှိနေပါတယ် ။ ဒီလူတွေက အင်္ဂလန်မှာ ကိုယ့် ရဲ့ ပထမဆုံးအိမ်ဖြစ်ခဲ့ပြီး လူတိုင်းကလည်း ကောင်းကောင်းဂရုစိုက်ခဲ့ပါတယ် ၊ အထူးသဖြင့် ပရိသတ်တွေပေါ့ ၊ အားလုံး အကောင်းဆုံးဖြစ်ပါစေ ဂန်းနားတွေရေ“ လို့ ဆန်းချက်ဇ်က မန်ယူနဲ့ယှဉ်ပြိုင်မယ့် အာဆင်နယ်အသင်းအတွက် ဆုတောင်းပေးခဲ့ပါတယ်။
အမ်းမရိတ်ဟာ ခေတ္တခိုလှုံခဲ့ဖူးသူတွေအတွက်တောင် အမြဲနွေးထွေးတဲ့ အမှတ်ရစရာနေရာလေးတစ်ခုဆိုတာ ဆန်းချက်ဇ်နားလည်ခဲ့ပြီထင်ပါတယ်။ နှစ်ဖက်စလုံးနဲ့ပတ်သတ်ဖူးသူတစ်ဦးဆီက ပြန်ရတဲ့ဆုကလည်း အသင်းအတွက် နွေးထွေးသလို နှလုံးသားက ပေးတဲ့ဆုလို့လည်း ယူဆမိပါတယ်။ အာဆင်နယ်အတွက်တော့ ပွဲကြိုလက်ဆောင်လေးပေါ့။
ရလဒ်ကတော့ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဂန်းနားတို့ခြေစွမ်းပြနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။