မြောက်လန်ဒန်ညကနေ ဂန်းနားတို့ ဘာတွေသိလိုက်ရသလဲ

မြောက်လန်ဒန်ဒါဘီပွဲမှာတော့ အာတေးတားရဲ့ဂန်းနားတွေဟာ စပါးအသင်းကို  (၂-၀)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ မန်ချက်စတာဒါဘီမှာ ခြေချော်ခဲ့တဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးကို ရှစ်မှတ်အထိ ဖြတ်ပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ လွတ်လွတ်‌ကျွတ်ကျွတ် ရပ်တည်နေပါတယ်။ အာဆင်နယ်အသင်းအမြတ်ထွက်တဲ့ပွဲစဥ်ပါပဲ။

ဂုဏ်သိက္ခာ နဲ့ ချန်ပီယံအိပ်မက်အတွက်ပါ သိပ်ကိုအရေးပါတဲ့ နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်နိုင်ခဲတာကြောင့် အသင်း နဲ့ ပရိသတ်တွေအတွက်တော့ တကယ်ကိုချိုမြိန်တဲ့အောင်ပွဲ ဖြစ်ခဲ့ပါတယ် ။

ဒီပွဲမှာ အသင်းအတွက် သွင်းဂိုးတွေကိုတော့ ဟူဂိုလောရစ် (OG ) နဲ့ အိုဒီဂတ်တို့က ပထမပိုင်းမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ အိမ်ရှင်တွေဟာ ချေပဂိုးတွေရဖို့ ကြိုးစားခဲ့ပေမယ့် ရမ်ဒေးလ်ရဲ့ လက်စွမ်းပြမှု ၊ အာဆင်နယ်ခံစစ်ရဲ့ ကျစ်လစ်မှုတွေကြောင့် ဂိုးပြန်မရခဲ့ပဲ ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ (၂-၀)ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ် ။

နိုင်ပွဲရတဲ့ အပတ်တွေဆိုရင်  အသင်းအကြောင်းရေးတဲ့စာတွေကို ကိုယ်ရေးတာဖြစ်ဖြစ် ၊ ဘယ်သူရေးတာဖြစ်ဖြစ် ဖတ်ရတာအရသာရှိလှပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ပွဲပြီးပြီးချင်း အခြားပြောချင်တာတွေကို ပြောရင်း ပွဲပြီးဆောင်းပါးကိုတော့ နောက်ကျမှသာတင်ဆက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စာဖတ်သူတွေအတွက် မြောက်လန်ဒန်ဒါဘီအနိုင်က လတ်ဆတ်နေဦးမှာပါ။

() ချန်ပီယံခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂန်းနားများ

ပထမပိုင်းမှာ ရရှိခဲ့တဲ့ သွင်းဂိုးတွေနဲ့ အာဆင်နယ်ဟာ တော့တင်ဟမ်ကို အနိုင်ရခဲ့တာ ဖြစ်ပြီး အသင်းရဲ့ ပထမပိုင်းကစားပုံကလည်း တကယ်ကို ကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်။ ပွဲစတင်ကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပြိုင်ဘက်ကို စိုးမိုးထားနိုင်ခဲ့ပြီး ကွန်တီရဲ့တော့တင်ဟမ်ကို ကစားကွက်တည်မရအောင် လုံး၀ထိန်းချုပ်သွားခဲ့ပါတယ်။

ဒါ့ကြောင့် အိမ်ရှင်တွေဟာ ဂန်းနားတွေရဲ့တိုက်စစ်ဆင်မှုတွေကိုသာ တစ်ချိန်လုံးခုခံနေခဲ့ရပြီး ဆာကာ ၊ အိုဒီဂတ်တို့ကို ခပ်ကြမ်းကြမ်းကစားပြီး ဟန့်တားဖို့ ကြိုးစားခဲ့တာကြောင့် တော့တင်ဟမ်နောက်တန်းခံစစ်ကစားသမားများစွာ အဝါကဒ်ထိခဲ့ကြပါတယ် ။

ပထမပိုင်းမှာ ဆွန်ဟောင်မင်က အပိုင်အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် သူ့ရဲ့ကန်ချက်ကို ရမ်ဒေးလ်က လက်စွမ်းပြကာကွယ်ခဲ့ပါတယ် ။ ဆာကာကိုကန်ချက်ကို လောရစ်ကာကွယ်ပုံ မသပ်ရပ်တာကနေ အာဆင်နယ်ဟာဦးဆောင်ဂိုးရခဲ့ပြီး ဒုတိယဂိုးကိုတောါ ကပ္ပတိန် အိုဒီဂတ်က လှပတဲ့ အဝေးကန်ချက်နဲ့ သွင်းယူပေးခဲ့ပါတယ် ။ ပါတေးရဲ့ မြေမကျကန်ချက် တိုင်ထိထွက်ခဲ့တာက‌တော့ အသင်းအတွက် နှမြောစရာကောင်းခဲ့ပါတယ် ။

ပွဲကိုသိမ်းပိုက်ထားတဲ့ ဂန်းနားတွေလို့ ပြောရင်မမှားပါဘူး။

()ရမ်ဒေးလ်ရယူပေးခဲ့တဲ့ အနိုင်သုံးမှတ်

ဒုတိယပိုင်းမှာတော့ အာဆင်နယ်ဟာ အနိုင်ရလဒ်ကို ထိန်းကစားဖို့ ကြိုးစားလာခဲ့တာကြောင့် တော့တင်ဟမ်ဟာ တရစပ်တိုက်စစ်ဆင်ဖို့ ကြိုးစားလာခဲ့ပါတယ် ။ ဒါပေမယ့် ဒီပွဲမှာ တကယ်ကိုလက်စွမ်းပြနေခဲ့တဲ့ ရမ်ဒေးလ်ကြောင့် တော့တင်ဟမ်ရဲ့ ကြိုးစားမှုတွေဟာ သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟာ တော့တင်ဟမ်ကစားသမားတွေရဲ့ အပိုင်ကန်ချက်တွေကို အကြိမ်ကြိမ်ကာကွယ်ခဲ့ပြီး  ဖြတ်တင်ဘောတွေကိုလည်း အကြိမ်ကြိမ် အမှားအယွင်းမရှိ တားဆီးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲအပြီးမှာတော့ ရမ်ဒေးလ်က ဒီပွဲရဲ့အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရျိခဲ့ပါတယ် ။ 

()မှတ်တမ်းဆိုးတွေကို ချိုးဖျက်ခဲ့တဲ့ အာတေတာ နဲ့ အဖွဲ့သားများ

ဒီပွဲစဉ်မတိုင်မီ  အာတေတာက တော့တင်ဟမ်ရဲ့ အိမ်ကွင်းအသစ်မှာ ပထမဆုံးနိုင်ပွဲရချင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ် ။ တော့တင်ဟမ်ရဲ့ အိမ်ကွင်းအသစ်မှာ အာဆင်နယ်ဟာ နိုင်ပွဲမရဖူးသေးသလို မြောက်လန်ဒန်ဒါဘီ အဝေးကွင်းပွဲစဥ်တွေမှာ အနိုင်မရခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် အာဆင်နယ်ဟာ တော့တင်ဟမ်ကို အိမ်ကွင် ၊ အဝေးကွင်းနှစ်ကျော့စလုံးမှာ အနိုင်မရခဲ့တာ အတော်လေးကြာပြီဖြစ်ပါတယ် ။ ဒီနေ့မှာတော့ အာတေတာ တို့ဟာ မှတ်တမ်းဆိုးတွေကို ချေဖျက်ပြီး မှတ်တမ်းသစ်တွေ ရေးထိုးဖို့ အသင့်ဖြစ်နေကြပါပြီ။

() ရပ်တန့်လို့မရတဲ့ မာတင်အိုဒီဂတ်

၂၀၂၂ နို၀င်ဘာ-ဒီဇင်ဘာလတွေရဲ့ အကောင်းဆုံး ပရီးမီးယားလိဂ်ကစားသမားဆုကို ပူပူးနွေနွေး  ရယူထားတဲ့ အိုဒီဂတ်ဟာ ဒီရာသီမှာတော့ အံ့ဩဖို့ကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့တယ် ။ သူဟာ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာလည်း အာဆင်နယ်အတွက် ဒုတိယအနိုင်ဂိုးကို လှပသေသပ်တဲ့ အဝေးကန်ချက်နဲ့ ရယူပေးခဲ့ပါတယ်။

 ဒါ့ကြောင့် ဂန်းနားကပ္ပတိန်ဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၈ဂိုးအထိ သွင်းယူထားခဲ့ပြီး ဂိုးဖန်တီးမှု ၅ကြိမ်ပြုလုပ်ထားခဲ့ပါတယ်။  အိုဒီဂတ်ဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး နဲ့ စွမ်းဆောင်အမြင့် ကွင်းလယ်လူဖြစ်လာခဲ့ပါတယ်။ ရာသီအစကတည်းက တည်ငြိမ်ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသထားတဲ့နော်ဝေးသားဟာ World Cup Break အပြီးမှာတော့ ပိုပြီးခြေစွမ်းပြနေတာကို တွေ့ရပါတယ်။

()အင်အားဖြည့်တင်းဖို့ လိုနေသေးတဲ့ အသင်းရဲ့လူစာရင်း

အပေါင်းလက္ခဏာတွေချည်းတော့မဟုတ်ခဲ့ပါဘူး။ လိုအပ်ချက်တွေကိုလဲမြင်ခဲ့ရပါတယ်။

ဒီပွဲစဉ်မှာ ထင်သာမြင်သာရှိခဲ့တာ‌ကတော့ အသင်းရဲ့အရန်အင်အားဟာ လုံလောက်မှု မရှိသေးဘူးဆိုတာပါပဲ ။ တော့တင်ဟမ်ဟာ လူစားလဲမှာတွေ အများအပြားပြုလုပ်နေချိန်မှာ အာဆင်နယ်မှာတော့ လဲလှယ်စရာ ကစားသမားအများအပြားမရှိခဲ့ပါဘူး ။ တိုက်စစ် နဲ့ ကွင်းလယ်ဟာ မဖြစ်မနေ အင်အားဖြည့်တင်းဖို့ လိုနေပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ်  အမှတ်လျော့မယ်လို့ ကြိုတွက်ခဲ့ရတဲ့ပွဲစဥ်တပွဲကိုတော့ ကောင်းစွာကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သလို ၊ နောက်ထပ်လှေခါးတစ်ထစ်ကိုလဲ ကျော်လွန်နိုင်ခဲ့ပြီလို့ဆိုရပါမယ်။ ဒီပွဲစဥ်ဟာ စကားတွေအများကြီးပြောခဲ့ပါတယ်။ သတင်းတွေများစွာကိုလည်းပေးခဲ့ပါတယ်။ အားလုံးကတော့ပိုပြီးရင်ခုံစရာကောင်းလာပြီဆိုရပါမယ်။

Advertisement

Leave a Reply

%d bloggers like this: