မူဒရစ်ကို တကယ်ရှောင်ခဲ့တာလို့ ရိုမာနိုသုံးသပ်

မြောက်လန်ဒန်ဒါဘီပွဲ မတိုင်မီအထိ အဆူညံဆုံးဖြစ်ခဲ့တာကတော့ မန်ယူရဲ့ မန်ချက်စတာ ဒါဘီအောင်ပွဲနဲ့ မူဒရစ်ခ်ရဲ့ အပြောင်းအရွှေ့ပါပဲ ။   ဘောလုံးကမ္ဘာကို သိမ်းပိုက်ထားတဲ့သတင်းများပဲပေါ့။

ပြီးခဲ့တဲ့နွေကနေ လက်ရှိဆောင်းရာသီအပြောင်းအရွှေ့အထိ အာဆင်နယ်နဲ့ တောက်လျှောက် သတင်းထွက်နေခဲ့တဲ့ မူဒရစ်ခ်ဟာ အာဆင်နယ်ရောက်လာတော့မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သတင်းထွေ ကျယ်ကျယ်လောင်လောင်ထွက်နေခဲ့ပါတယ်။ ပရိသတ်တွေဟာလည်း ယူကရိန်းသားကို ဂန်နားသစ်အဖြစ် ၀မ်းမြောက်၀မ်သာ ကြိုဆိုဖို့ စောင့်မျှော်နေခဲ့ကြပါတယ်။ အခြေအနေတွေကလည်း တကယ်ပဲ နေမာလက်သစ်လေးဟာ အမ်းမရိတ်ဆီကိုဦးတည်နေခဲ့တာကိုး။

ဒါပေမယ့်ကျော်တော့လည်း လှေသူကြီး ညားတော့လည်း လှေထိုးသား ဆိုတဲ့အတိုင်း ချဲလ်ဆီးက ရှက်တာဒိုးနက်အလိုရှိနေတဲ့ ယူရိုသန်း၁၀၀ကို တစ်ပြားမှဈေးမဆစ်ပဲ ပေးချေသွားခဲ့သလို အာဆင်နယ်ပရိသတ်ဆိုတဲ့ မူဒရစ်ခ်ကလည်း ခြင်္သေ့ပြာတစ်ကောင်ဖြစ်လာဖို့ ခေါင်းညိမ့်ခဲ့ပါတယ်။ လစာငွေကလည်း စတန်းဖို့ဒ်အသိုင်းအဝိုင်းဖက်မှာပိုရတယ်လို့သိရပါတယ်။

ဒီသတင်းကြောင့် အသင်းရဲ့ ပရိသတ်တွေဟာ အီဒူးနဲ့ ဘုတ်အဖွဲ့ကို အပြစ်တင်ဝေဖန်ခဲ့ကြပါတယ် ။ ဆောင်းရာသီဈေးကွက်မပိတ်ခင် အာဆင်နယ်ဟာ လိုအပ်နေတဲ့ ကစားသမားသစ်တွေကို ခေါ်နိုင်ပါ့မလားဆိုတဲ့ စိတ်ပူပန်မှုရေချိန်တွေဟာ ဂန်းနားရပ်၀န်းထဲမှာ မြင့်တက်လာခဲ့ပါတယ် ။

အပြောင်းအရွှေ့‌ ဂုရုကြီးဖာဘရီယိုရိုမာနိုကတော့ မူဒရစ်ခ်ကို အပြိုင်လုနေခဲ့ကြတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့နဲ့ ပတ်သက်ပြီး အကြောင်းစုံကို  သူ့ရဲ့ယူကျု့ချန်နယ်မှာ Live လွှင့်ပြီး ပြောပြလာခဲ့ပါတယ် ။

 ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အာဆင်နယ်ဟာ  နောက်ဆုံးအနေနဲ့  ပေါင်သန်း (၇၀) + ထပ်ဆောင်းအပိုကြေး ပေါင် (၂၅) သန်းနဲ့ ယူကရိန်းကလပ်ကို ကမ်းလှမ်းခဲ့ပါတယ် ။ ဒါပေမယ့် ရှက်တာဒိုးနက်က အာဆင်နယ်ရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ခြင်္သေ့ပြာတွေရဲ့ ပေါင်သန်း (၁၀၀) ကမ်းလှမ်းချက်ကိုသာ လက်ခံခဲ့တာဖြစ်တယ်လို့ ရိုမာနိုကဆိုပါတယ် ။

အာဆင်နယ်ရဲ့အပြောင်းအရွှေ့‌ပေါ်လစီနဲ့ပတ်သက်ပြီး ဖာဘရီဇီရိုမာနိုက ခုလိုပဲ ရှင်းပြလာခဲ့ပါတယ်။

အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ပေါ်လစီကို ပြောပြရမယ်ဆိုရင်  အာဆင်နယ်က သူတို့ရဲ့ Project နဲ့ကိုက်ညီတဲ့ကစားသမားတွေကို သင့်တော်တဲ့ဈေးနှုန်းပေးပြီး ခေါ်ယူချင်ကြတာပါ။ သူတို့က ရူးလောက်တဲ့ မတန်တဆဈေးတွေပေးပြီး ကစားသမားတစ်ယောက်ကိုခေါ်ယူတဲ့ လုပ်ရပ်မျိုးမလုပ်ချင်ဘူး။ ဒါ အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ ခံယူချက်ပါပဲ

တစ်ချို့ကတော့ အာဆင်နယ်ရဲ့ မူဝါဒကို ထောက်ခံလိမ့်မယ်၊ အချို့ကတော့ သဘောကျမှာ မဟုတ်ပါဘူး ဒါပေမယ့် အာဆင်နယ်ပရိတ်သတ်တွေကတော့  အသင်းရဲ့မူဝါဒကို သေချာပေါက်လက်ခံမယ်လို့ ထင်ပါတယ်

ချယ်လ်ဆီးက ရှက်တာဒိုးနက်ကိုသွားပြီး မာဒရစ်ကိုခေါ်ယူဖို့ ကြိုးစားနေတာကို အာဆင်နယ်သိသွားတော့ သူတို့က အေးအေးဆေးဆေးပဲဗျ ဘာမှမတုံ့ပြန်ခဲ့ဘူး ပြောင်းရွှေ့ကြေးလဲ ပိုမပေးခဲ့ဘူး။ သူတို့ရဲ့အပြောင်းအရွှေ့ပေါ် ချဉ်းကပ်တဲ့ ပုံစံကိုပဲပြောင်းလဲသွားခဲ့တာပါ ရိုမာနိုက ဆိုပါတယ်။

စာဖတ်သူတို့ ဒီစာကိုဖတ်နေချိန်မှာ အခြားကစားသမားများစွာနဲ့သတင်းတွေပလူပျံနေပါပြီ။  မိတ်ဆွေများကလည်း Comment တွေမှာ  မသေချာတဲ့သတင်းမတင်ဖို့ ဒေါသတကြီးပြောဆိုနေကြပါတယ်။ ဒါပေမယ့် အီဒူးတို့ တသိုက် တခုခုလုပ်မယ်လို့ မျှော်လင့်နေကြမှာလည်း ကျွန်တော်သိပါတယ်။ ဒီတော့ ပြီးခဲ့တဲ့ကိစ္စကိုလည်း နှမြောတသဖြစ်ရင်း ဘာဆက်ဖြစ်မလဲကိုလည်း စောင့်ကြည့်ကြရအောင်ပါ။

Advertisement

Leave a Reply

%d bloggers like this: