အာဆင်နယ်ဟာ ပြန်မလာတော့ပါ

To know him is to love him

တစ်ယောက်ယောက်ကို ချစ်ဖို့ သူ့အကြောင်းသိရပါတယ်။ ဒါက စကားပုံလေးပါ။ ပြောမှာကတော့ အာဆင်နယ်အကြောင်းပါပဲ။ သူ့ကိုချစ်ဖို့  ကျွန်တော်တို့ သူ့ကိုနားလည်ဖို့ လက်လှမ်းမှီသရွေ့ကြိုးစားရပါမယ်။

ဆောင်းပါးမစတင်ခင်မှာ  ပြောစရာ ၂ ခုရှိပါတယ်။

ပထမက – ဒီစာဟာ အီဒူးကို ကာကွယ်နေတာ မဟုတ်ဘူးဆိုတာရယ်

ဒုတိယ က  – ပထမအချက်ကို ပြန်ဖတ်ဖို့ရယ်ပါပဲ။

ကျွန်တော်ပြောဆိုတာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ရှင်းလင်းတဲ့ အချက်အလက်ကိုရဖို့လိုပါတယ်။

အာတေတာနဲ့ပတ်သတ်ပြီး ကောင်းတယ်  ညံ့တယ် အရည်အသွေးမှီတယ်  မမှီဘူးဆိုတဲ့ငြင်းခုံမှုတွေဟာ နိဌိတံခဲ့ပါပြီ။ ခုချိန်မှာ အားလုံးနီးပါးက အာတေတာကို ချစ်ကြပါပြီ။ သူကလဲ လုပ်ရပ်နဲ့သက်သေပြပြီကိုး။  ဒီနေရာမှာ အနဲငယ် ဝံ့ကြွားကြွားပြောရ​ရင်  မနှစ်က အာတေတာနဲ့ပတ်သတ်ပြီးရေးသားခဲ့တာတွေအတွက် ကျွန်တော်ကိုယ်တိုင်ပြန်ဖတ်ပြီးစိတ်ကျေနပ်ရချိန်ပဲဆိုပါတော့။  သူ့ရဲ့အလားအလာတွေအတွက် ကျွန်တော်ပြောခဲ့တာတွေက ပိုတာ လိုတာ နဲပါတယ်။  အာဆင်နယ်အကြောင်းနဲနဲလေးပြန်နွေးပါရစေ။

အဖွဲ့အစည်းနဲ့အလုပ်လုပ်တာဖြစ်လို့ အားသာချက် အားနဲချက်တွေရှိပါတယ်။ ဒါအကြောင်းကို မနှစ်က ဘောလုံးရာသီတုန်းကလဲ အခန်းဆက် ဆောင်းပါး ၃ ပုဒ် နဲ့ကို အကျယ်တဝင့်ရေးသားပြီးဖြစ်ပါတယ်။ အနှစ်ပြန်ချုပ်ရရင်  စုပေါင်းလုပ်ဆောင်ခြင်းဖြစ်လို့  အမျှတဆုံးအဖြေကိုရတယ် ၊ ဆုံးဖြတ်ချက်မှာ အားလုံးပါဝင်ကြတယ်။ အမှားအယွင်းနဲတယ်။ ရေရှည်ကိစ္စတွေမှာ ရလဒ်ကောင်းတယ်။ ဒါတွေရဲ့တဖက်မှာလည်း အားနဲချက်ကတော့ လုပ်ဆောင်ချက်တွေ နှေးကွေးတယ် ရလဒ်ထွက်ဖို့ခက်ခဲတယ်။ အမြင်တွေတအားစုံလင်တဲ့အတွက် လက်တွေ့နဲ့ကင်းကွာသွားတတ်တယ်။ ဒီလိုမျိုးအားသာချက် အားနဲချက်တွေရှိပါတယ်။

ဝမ်းနည်းစရာလား ဝမ်းသာစရာလားမပြောတတ်ပေမယ့် အာဆင်နယ်ရဲ့ Decision Making Unit ဟာ အထက်မှာပြောခဲ့သလိုဖြစ်ပါတယ်။  ဘယ်လိုသိလဲမေးရင်တော့ စီးပွားရေးဆောင်းပါးတွေ ၊  ခရွန်ကီတို့အထာတွေ ၊ Documentary က ပေးတဲ့ မက်ဆေ့ စတာတွေပေါ့ဗျာ။ Football London က ရေးသားခဲ့တဲ့ The Arsenal Way ဆိုတဲ့ ရုံးတွင်းလုပ်ငန်းစဥ်ပရောဂျက်တွေကြောင့်လဲပါတာပေါ့။ 

အီဒူးဆီသွားရအောင်။

အများအမြင်မှာ အီဒူးရဲ့ စွမ်းဆောင်ရမယ့် ကိစ္စ ၊ သူ့အလုပ်လို့ ယူဆကြပါတယ်။ ကျွန်တော်ကဖြည့်စွက်ပြောရရင်တော့ အီဒူးက အားကစားဆိုင်ရာကိစ္စတွေအတွက် Front Liner ဖြစ်ပါတယ်။ ပြောရရင် ရှေ့ထွက်ရသူပေါ့။ ဆုံးဖြတ်သူတွေကတော့ အီဒူးအပါအဝင် အနောက်မှာ အဆင့်ဆင့် တဖွဲ့လုံးဖြစ်ပါတယ်။ သူလဲပါသလို  အခြားသော Unit ပေါင်းစုံလူတွေပါဝင်နေပါတယ်။ အားလုံးက အလွန်သဘောကျနေတဲ့ အာတေတာ ကိုယ်တိုင်ဟာလဲ  မူဒရစ်ကိစ္စကို လက်လျော့တဲ့ဆုံးဖြတ်ချက်မှာ ပါဝင်ကောင်းပါဝင်နိုင်ပါတယ်။ ပါဝင်နေတယ်လို့လဲ ကျွန်တော်က ယုံပါတယ်။ အာတေတာကို ပေးထားတဲ့လုပ်ပိုင်ခွင့်က  အာဆင်နယ်မှာအတော်များပါတယ်။ ဒီတော့ ပိုလန်ခရီးမှာ ထင်သလောက်မချောမွေ့ချိန်မှာ ဆုံးဖြတ်ချက်ချဖို့က အီဒူး တဦးထဲနဲ့ မဆိုင်ပါဘူး။ အားလုံးစုပေါင်းစဥ်စားပြီးမှ ရလာတဲ့ ရလဒ်ပဲဖြစ်ပါတယ်။

သိရသလောက်  အာဆင်နယ်က ပြောင်းရွှေ့ကြေးကို လိုက်နိုင်ပေမယ့်  လစာငွေကိုမပေးချေလိုတာကြောင့်လို့ နောက်ဆုတ်ခဲ့တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါကမှန်လား ..မှားလား။  ကျွန်တော်အဖြေမပေးလိုပါ။ သိုသော် ယူနိုက်တက်လိုအသင်းက လည်း လစာတွေကို Performance Base နဲ့ပြန်သွားဖို့လုပ်နေတယ်။ ချဲလ်ဆီးကိုယ်တိုင်လည်း ဒါမျိုးကျင့်သုံးလာမယ်ဆိုတဲ့သတင်းတွေဟာ  အာဆင်နယ်လုပ်နေတာ မှန်၏ မမှန်၏ ဆိုတာရဲ့အဖြေဖြစ်နိုင်ပါတယ်။ 

ဒါဆိုရင် ချဲလ်ဆီးက အခုမူဒရစ်ကို ဘာလို့ ခေါ်လဲဆိုရင်တော့  လတ်တလောလိုအပ်ချက်ကြီးမြင့်မှုအတွက် အလျင်အမြန်လုပ်ဆောင်တယ်လို့ဆိုပါရစေ။ ဘာလို့လဲဆိုရင် သူတို့အသင်းဟာ လက်ရှိအချိန်မှာ အပြောင်းအလဲအကြီးတစ်ခုကို တကယ်လိုအပ်နေတာပါ။

ကြီးမြင့်တဲ့လစာနဲ့ခေါ်ယူခြင်းဟာ လက်ရှိစာချုပ်ဆွေးနွေးနေဆဲဖြစ်တဲ့ မာတင်နယ်လီ၊ ဆာကာ ၊ ဆာလီဘာတို့နဲ့ ကိစ္စတွေမှာ သက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်။ ဘယ်လိုသက်ရောက်မှုလဲဆိုတာကတော့ ပြောဖို့လိုမယ်မထင်ပါ။ ကျွန်တော်ရေးတဲ့ စာနဲနဲလေးကနေ  အီဒူး တစ်ဦးထဲနဲ့ဆိုင်ခြင်း မဆိုင်ခြင်း ဆိုတာကိုတွေးလို့ရမယ်ထင်ပါတယ်။

လတ်တလောကာလမှာ အာဆင်နယ်အသင်းဟာ  Physical Appearance ကစလို့ အသင်းရဲ့အတွင်းပိုင်း အုပ်ချုပ်ပုံ ၊လုပ်ကိုင်ပုံတွေအထိပြန်ပြီး တည်ဆောက်နေတာသိကြပါလိမ့်မယ်။ ဒီ Process က ကြာမှာပါ။ အရက်ဖြတ်တာတို့  ရည်းစားနဲ့ Move On လုပ်တာတို့တောင် ကြာသေးတာပဲ။ အဖွဲ့အစည်းတခုလုံးအပေါ်မြင်နေတဲ့အမြင်  ၊ ထင်နေတဲ့အထင်တွေကို ပြောင်းလဲပစ်ဖို့က သေချာပေါက်ကြာမှာပါ။ အာဆင်နယ်ဆိုတာ ငွေမသုံးဘူးဆိုတာကို ပြောင်းလဲဖို့  ငွေတွေသုံးပြရမယ်။ အာဆင်နယ်ဆိုတာ တခါရှုံး ၃ ပွဲဆက်ဆိုတာကို ဖျောက်ဖို့ လုပ်ပြရမယ်။ ဒါကလည်းတစိတ်တပိုင်းပြီးနေပါပြီ။ ဒီလိုပဲပေါ့  … ကိစ္စများစွာရှိပါတယ်။ ခရီးလဲဆက်နေကြပါတယ်။

အသင်းဖက်ကပြန်ကြည့်တော့ သူတို့ရည်မှန်းထားတဲ့ နှစ်စဥ်ရည်မှန်းချက်တွေကို ကျော်လွန်အောင်မြင်နေတယ်လို့ဆိုပါတယ်။ ဒီတော့ သတ်မှတ်ထားတဲ့ မူဘောင်တွေကို ကျော်လွန်ပြီး လုပ်ဆောင်ဖို့ တွေးမှာပါပဲ။ အောင်မြင်မှုခရီးဆိုတာ ခပ်မြန်မြန်ရောက်လေကောင်းလေဆိုတာ ကိုယ်တွေလိုပဲ သူတို့လည်းနားလည်ပါတယ်။ တဖက်မှာလည်း လတ်တလောရလဒ်တွေကို ဖမ်းဆုပ်ဖို့ကြိုးစားမှာဖြစ်သလို တည်ဆောက်လာတဲ့အခြေခံတွေကိုလည်း ဖျက်ပစ်မှာမဟုတ်ပါဘူး။

ဥပမာ _ငါတိုအခုလူစုနဲ့ Top 4 မှာ သက်သက်သာသာ နေကြမယ်။ လက်ရှိအစုအဖွဲ့ကို စာချုပ်ချုပ်မယ်။ အဆင်မပြေရင်ရောင်းမယ်။ ပြီးတော့မှာ လူသစ်ဝယ်မယ် လို့ မူလအစီအစဥ်ရှိထားတယ်ဆိုပါစို့။  လတ်တလောအဆင့် ၁ ရနေလို့ ချန်ပီယံလမ်းကြောင်းအတွက် လူတွေထပ်ဖြည့်ကာမှ မူလပလေယာတွေနဲ့ သူတို့ကြားထဲမှာ အသင်းရဲ့ Balance ပျက်သွားမယ့်ကိစ္စမျိုးကို သူတို့ လိုလားမှာမဟုတ်ပါဘူး။  မူလရည်မှန်းချက်ထက်ကျော်လွန်တာကောင်းပေမယ့် အဆိုပါအခြေအနေကို လိုက်ဖြည့်ရင်းဟန်ချက်ပျက်တာလည်း ကောင်းတဲ့ကိစ္စမဟုတ်ပြန်ပါဘူး။

အနှစ်ချုပ်ရရင်  ကျွန်တော်တို့ အာဆင်နယ်ကိုချစ်တဲ့သူတွေအနေနဲ့ အောက်ကမေးခွန်းလေးတွေကို ဖြေကြည့်ဖို့ အပြုသဘောဆောင်ဖိတ်ခေါ်လိုပါတယ်။

အသင်းက ဟန်ချက်ပျက်နေသလား။

လမ်းကြောင်းမှားနေသလား။

ပိုင်ရှင်တွေဟာ ငွေထုတ်နေသလား  မထုတ်ဘူးလား။

ကစားသမားသစ်တွေခေါ်ယူခြင်းတိုင်းက အသင်းကို ပိုကောင်းစေပါ့မလား  .. စတာတွေပါပဲ။

စာဖတ်သူရဲ့ စိတ်ထဲမှာ  အသင်းဖက်ကို လော်ဘီလုပ်နေတယ်လို့ ထင်နေရင် ပြန်ထုတ်လိုက်ဖို့ ကျွန်တော်မေတ္တာရပ်ခံပါတယ်။  ဒီဆောင်းပါးရဲ့ အားထုတ်မှုဟာ အသင်းအပေါ် စိုးရိမ်လွန်းပြီး    Anxiety တွေများနေတဲ့ အာဆင်နယ်ပရိတ်သတ်တွေအတွက် အနဲငယ် Sit Back လုပ်ဖို့ကို တိုက်တွန်းခြင်းသာဖြစ်ပါတယ်။

ဒီဆောင်းပါးနဲ့အနီးဆုံးမှာ  မြောက်လန်ဒန်ဒါဘီရှိပါတယ်။ အဲ့ဒီပွဲမှာ ဘာရလဒ်ထွက်မလဲ ကျွန်တော်မသိပေမယ့် မျက်နှာမငယ်တဲ့ကစားဟန်ကို ပြသပါလိမ့်မယ်။ တခါတလေမှာ အရှိန်အဝါကြီးမားတဲ့ ကစားပုံတွေကလည်း အသင်းရဲ့ မျက်နှာစာဖြစ်ပါတယ်။ အာဆင်နယ်ပရိတ်သတ်တွေကိုယ်တိုင်က ဖိအားများနေပါတယ်။ များသင့်တဲ့ဖိအား ၊ မများသင့်တဲ့ဖိအားရှိပါတယ်။ နောက်ပြီး (အားနာပေမယ့်) ဂန်းနားပရိတ်သတ်တွေက ရှုံးရဲပါတယ် .. အခြေအနေမကောင်းတဲ့အသင်းကို အနာခံအားပေးနိုင်ပါတယ်။ ဒါပေမယ့် မနိုင်တတ်သေးပါဘူး။ အပေါ်က မနေတတ်သေးပါဘူး။ တတိယနေရာက အသင်းပရိတ်သတ်တွေက ချန်ပီယံမျှော်ပြီး ဝင့်ကြွားရဲပေမယ့် အာဆင်နယ်ပရိတ်သတ်များကတော့ မဝံ့မရဲဖြစ်နေဆဲပါ။ ဒါကို အထိန်းအကွပ်ရှိတယ်လို့ မမြင်ချင်ပါဘူး။ စိုးရိမ်စိတ်များနေခြင်းဖြစ်ပါတယ်။ အားငယ်နေခြင်းဖြစ်ပါတယ်။ ဒီစိတ်ကို ဖယ်ဖို့ ကျွန်တော်အကြံပြုလိုပါတယ်။

အာဆင်နယ်ဟာ ဘယ်တော့မှပြန်မလာတော့ပါ။ ကောင်းခြင်းရော ဆိုးခြင်းပါ ခဝါချခဲ့ပါပြီ။ အသစ်သော အာဆင်နယ်သာရှိပါတော့တယ်၊ အာဆင်နယ်လမ်းသစ်မှာ တူတူလျှောက်ဖို့အတွက် ကျွန်တော်တို့ကလဲ တတပ်တအားဖြစ်ရပါလိမ့်မယ်။ မြောက်လန်ဒန်မှာ ဘောလုံးထိတိုင်း ဂိုးပြီဆိုတဲ့စိတ်နဲ့အားပေးရပါမယ်။

Advertisement

Leave a Reply

%d bloggers like this: