ပထမအကျော့ပွဲစဉ်တွေမှာ လန်ဒန်ဒါဘီ ပြိုင်ဘက်အားလုံးကို အနိုင်ယူခဲ့တဲ့ အမြှောက်တပ်သားတွေဟာ လန်ဒန်ရဲ့ဘုရင်ဆိုတဲ့ဂုဏ်ပုဒ်ကို ဆက်ထိန်းထားနိုင်ဖို့ လာမယ့် တနင်္ဂနွေနေ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ တော့တင်ဟမ်ကို အနိုင်ယူဖို့ လိုနေပါတယ် ။
တစ်ဖက်မှာလည်း မန်စီးတီးဟာ အိုးထရက်ဒ်မှာ မန်ယူနဲ့ မန်ချက်စတာ ဒါဘီပွဲစဉ် ကစားရဖို့ ရှိနေပါတယ် ။ ဒါ့ကြောင့် ဂံာဒီယိုလာရဲ့အသင်း အမှတ်လျော့နိုင်ချေ ရှိနေချိန်မှာ အာတေတာ နဲ့ သူရဲ့ကောင်လေးတွေသာ မြေက်လန်ဒန်ဒါဘီကနေ အမှတ်ပြည့်ရအောင် ယူနိုင်ဖို့ သိပ်အရေးကြီးပါတယ် ။
ဂန်းနားတွေဟာ သူတို့ရဲ့ ခါးသီးတဲ့မြို့ခံပြိုင်ဘက်ကို အဝေးကွင်းမှာ အနိုင်မရခဲ့တာ ဆယ်စုနှစ်တစ်ခု နီးပါးကြာပြီဆိုပေမယ့် လက်ရှိခြေစွမ်းအရတော့ မြောက်လန်ဒန်ကြက်ဖကို ကောင်းကောင်းပညာပေးနိုင်ဖို့ ရှိနေပါတယ် ။
သရဲနီဂန္တ၀င် အီဗရာကတော့ အာဆင်နယ်ဟာ တော့တင်ဟမ်ကို အဝေးကွင်းမှာ အနိုင်ယူနိုင်လိမ့်မယ်လို့ ထင်ကြေးပေးလာခဲ့ပါတယ် ။ အာဆင်နယ်ရဲ့ လက်ရှိစွမ်းဆောင်ရည်ဟာ တော့တင်ဟမ်ထက် သာလွန်နေတယ်လို့ အီဗရာက ယုံကြည်နေတာ ဖြစ်ပါတယ်။
” အာဆင်နယ်အနေနဲ့ တော့တင်ဟမ်ကို အနိုင်ရသင့်ပါတယ် ။ ကျွန်တော်ကတော့ အာဆင်နယ် မနိုင်စရာ အကြောင်းရင်း မတွေ့မိပါဘူး ။ ဒါဘီပွဲစဉ်တစ်ပွဲဖြစ်တာကြောင့် ဘာမဆို ဖြစ်သွားနိုင်တယ် ၊ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ၊ (ဒိုင်တွေရဲ့ ) မမျှတမှုတွေပေါ့ ၊ ဒါပေမယ့် သူတို့ ဒီပွဲကို မနိုင်စရာ အကြောင်းမရှိပါဘူး ။ ဒါပေမယ့် သူတို့ သတိထားဖို့တော့ လိုပါတယ် ၊ ဘာလို့လဲဆိုတော့ ကွန်တီနဲ့ ကစားသမားတွေက ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ် “
” ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမယ်ဆိုတာတော့ အသေအချာပါပဲ ။ ဒါပေမယ့် လက်ရှိ အသင်းနှစ်သင်းရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် အာဆင်နယ်ကို ချီးကျူးရမှာပါ ။ သူတို့ ပရီးမီယားလိဂ်ချန်ပီယံဖြစ်ချင်ရင် ကစားပွဲတိုင်းကို အနိုင်ယူရပါလိမ့်မယ် ။ သူတို့ ကစားပွဲတိုင်းကိုလည်း အနိုင်ယူနိုင်ပါတယ် “
အာဆင်နယ်သာ အကြောက်တရားကင်းကင်းနဲ့ ကစားနိုင်မယ့်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တယ်လို့လည်း အီဗရာက ယုံကြည်နေပါတယ် ။ ဒီပွဲစဉ်မှာ အာတေတာတို့ လူစုဟာ ကွန်တေနဲ့အပေါင်းအပါများကို (၃-၁) နဲ့အနိုင်ရမယ်လို့ အီဗရာက ဆိုပါတယ်။
” အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ။ အာဆင်နယ်ပရိသတ်တွေကတော့ ကျွန်တော့်ကို ဒီကစားပြောစေချင်မှာ မဟုတ်ဘူး ၊ ဒါပေမယ့် အာဆင်နယ် လက်ရှိကစားနေပုံအရဆိုရင် သူတို့ထက်ပိုကောင်းအောင် ကစားနိုင်တဲ့အသင်း ပရီးမီးယားလိဂ်မှာ မရှိပါဘူး ။ သူတို့ ဘာကိုမှ အကြေက်အလန့် မရှိတော့ဘူး ၊ သူတို့က (အတွေ့အကြုံနုနယ်တဲ့) ကလေးတွေမဟုတ်တော့ပါဘူး “လို့ အီဗရာကဆိုပါတယ်။
ပထမအကျော့ တွေ့ဆုံခဲ့ချိန်ကတော့ အာဆင်နယ်ဟာ (၃-၁)ဆိုတဲ့ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ် ။ ဒီပွဲစဉ်ကို အနိုင်ယူနိုင်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက်ပါ ယုံကြည်မှုတွေအများကြီးရရှိစေမှာ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဂုဏ်သိက္ခာအရကော ၊ ချန်ပီယံအိပ်မက်အတွက်ပါ အရေးပါတဲ့အောင်ပွဲကို အာဆင်နယ် အရယူနိုင်ဖို့ သိပ်အရေးကြီးပါတယ် ။
ပွဲစဥ်တခုလုံးအနေနဲ့ပြန်ကြည်ရင်လည်း ယခုလမှာ အသင်းကြီးအချင်းချင်းထိပ်တိုက်တွေ့ဆုံပွဲတွေများတာကြောင့် ချန်ပီယံပြေးလမ်းဟာ ပိုရှင်းသွားမလား ၊ ပိုကြပ်လာမလားဆိုတာကို အဖြေထွက်လာစေမှာဖြစ်ပါတယ်။ အာဆင်နယ်ပရိတ်သတ်အနေနဲ့ကတော့ ဂန်းနားတို့အတွက် လမ်းပွင့်သွားစေဖို့သာ မျှော်ရတာပါပဲ။