Editorial – အက်ဒီ ကို အလွန်အကျူး အမွှမ်းတင်ရန်မတောင်းဆိုပါ

အက်ဒီကိုသဘောကျမိကြလား .. သူကတော့ သူ့အလုပ်သူလုပ်နေပါပြီ။

အက်ဒီအကြောင်းကို ပြီးခဲ့တဲ့ ၂ ပတ်လောက်ကရေးချိန်မှာ အပျော်သဘောဆန်တဲ့ အသုံးအနှုံးတွေများစွာပါဝင်ပါတယ်။ အဲ့ဒီအချိန်တုန်းက   ပရိတ်သတ်တွေဟာ ဂျေးဆူမကစားနိုင်ချိန်မှာ လုံးဝတုန်လှုပ်နေကြပြီး  ရှိသမျှလူကို false 9 အဖြစ်တွေးနေကြချိန်ဖြစ်ပါတယ်။  ဒါကြောင့်မို့လို အက်ဒီက ဘယ်လိုလုပ်ပြမယ်၊ အင်ဇာဂီကဲ့သို့စွမ်းမယ် စသည်ဖြင့် ပေါ့ပေါ့ပါးပါးရေးခဲ့တာပါ။ သို့သော် ယခုတခါ အက်ဒီအကြောင်းရေးချိန်မှာတော့  Appreciation အသိအမှတ်ပြုခြင်းအကြောင်းဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင်  ကြားထဲက ၂ ပတ်တာကာလမှာ အက်ဒီသွင်းပြသွားတာ ၄ ဂိုးရှိပါပြီ။ ပြသခဲ့တဲ့ခြေစွမ်းကလည်း အဆင့်တခုမှာပါ၊ ဒီတော့ ကျွန်တော်တို့ နောက်တစ်ဆင့်အကြောင်းဆွေးနွေးဖို့ လုံလောက်ပါပြီ။

ကျွန်တော်က အက်ဒီကို ထိပ်တန်းတိုက်စစ်မှုးအဖြစ် ညွှန်းဆိုနေတာမဟုတ်ပါဘူး၊ ဒါ့အပြင် ဂိုးသွင်းဘုရင်လောင်းအဖြစ်လဲ အမွန်းမတင်ပါဘူး။ ဂျေးဆူကို ဖယ်ပစ်မယ့်သူလို့လဲ မပြောပါဘူး။ သူဟာ သူ့အရည်အသွေးနဲ့သူရှိတယ်။ အတိုင်းအတာတစ်ခုထိ အားကိုးလို့ရတယ်။ ပြီးတော့ အမှိုက်မဟုတ်ဘူး ဆိုတာကို အာဆင်နယ်အကြောင်း စာရေးသူတစ်ဦးအနေနဲ့တော့ ခိုင်မာစွာ အဆိုပြုချင်တယ်။ ကျွန်တော် အားထုတ်တာ ဒီအခြေအနေဖြစ်ပါတယ်။

သို့သော် အက်ဒီသာ အခြားအသင်းက ကစားသမားဆိုရင် ပရိတ်သတ်တွေဆီက အမွှမ်းတင်မှုကို အခုထိရမှာတော့သေချာပါတယ်။ ကျွန်တော်တို့ အာဆင်နယ်ပရိတ်သတ်တွေရဲ့  ပူပန်တတ်မှုက အစွန်းရောက်တဲ့အဆင့်မှာကိုရှိနေပါတယ်။ မနေ့တုန်းက မိ်တ်ဆွေများနဲ့ စကားပြောတုန်းက  “ တကယ်လို့များ ဖလားရရင်တောင်  FA   က ငါတို့ဆီကဖလားပြန်လာသိမ်းမလား ဆိုပြီး တွေးလန့်နေကြမလား “ ဆိုပြီးဟာသပြောဖြစ်ပါသေးတယ်။

ဒီလိုပြောရင် ပရိတ်သတ်အချင်းချင်း “ ငါတို့က ဘယ်နှခုနှစ်တုန်းက ဘယ်လိုဖြစ်ခဲ့တာ “ “ ငါတို့က ကြုံဖူးပြီးသားကွ “ ဆိုပြီး အရင်တုန်းက ခံစားရ ကြုံတွေ့ရတွေနဲ့ ပြန်လည်နှိင်းယှဥ်ကာ တွေးပူတတ်ကြပါတယ်။ ဒါက ပူပန်တတ်တာကို ယေဘူယျအားဖြင့် ဥပမာပေးတာပါ။ အက်ဒီနဲ့ပတ်သတ်ရင်လဲ အစိုးရိမ်လွန်ခြင်းတွေများစွာရှိပါတယ်။

ခြေစွမ်းပြန်ကျသွားမှာ .. ထင်သလောက်ဖြစ်မလာမှာ … အခြားဖန်တွေဆီကနေ “ hype နေတာလား “ ဆိုပြီး အလှောင်ခံရမှာ စသည်ဖြင့်များစွာသောအကြောင်းအရာတွေက တားဆီးနေပါတယ်။ မယုံကြဘူးဆိုပါတော့။

ဂန်းနားမိတ်ဆွေများခင်ဗျား ..

အက်ဒီကို အမွှန်းတင်ဖို့မလိုအပ်ပါ။ သို့သော် သူ့အဆင့်အတန်းနဲ့ ညီမျှတဲ့ချီးကျူးမှုတော့လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ သူဟာ အလယ်အလတ်အဆင့်ထက်ပိုတဲ့ Good Player  တစ်ဦးဖြစ်ပါတယ်။ အသင်းက လိုတိုင်း အသင့်ရှိနေတဲ့ ကစားသမားဖြစ်ပါတယ်။ နည်းဗျူဟာ အပြောင်းအလဲလုပ်ဖို့ အရေးပါသူလည်းဖြစ်ပါတယ်။ သင့်တင့်တဲ့ ဂိုးသွင်းနှုန်းလဲရှိပါတယ်။ သူဟာ ဒီလောက်အဆင့်အတန်းရှိတယ်ဆိုတာကို အသိအမှတ်ပြုဖို့ပါပဲ။

သူ့ရဲ့ ကစားသမားဘဝမှာ မကြာခန ဂိုးမြူးတတ်ပါတယ်။ အငှားထွက်ကစားစဥ် ၊ လူငယ်အသင်း ၊ ပြီးတော့ ဂန်းနားလူကြီးအဖြစ် .. သက်သေပြပြီးဖြစ်ပါတယ်။ တခါတုန်းက ဂန္တဝင်ကြီး ဝင်းဂါး ပြောခဲ့တဲ့မှတ်ချက်ကိုလည်းပြန်ပြီး ပြောပြပါရစေ

“  သူက အကြောက်အလန့်ကင်းတာ ကောင်းကောင်းကြီးသိတာပေါ့ဗျာ … သူက အခွင့်အရေးတွေကို အာရုံခံတယ် လှုပ်ရှားမှုတွေကိုသိတယ် .. သူကစားတိုင်းမှာ အခွင့်အရေးတွေရှိနေတာပါ “ လို့ ဆိုခဲ့တာပါ။ တကယ်လဲ ကွင်းထဲမှာ ပြေးလွှားနေရင်းရလာတဲ့အခွင့်အရေးတွေအများသားမဟုတ်လား။

အားလုံးက အံ့သြသွားရလောက်အောင်ပဲ ကျောနံပါတ် ၁၄ ကိုပေးခဲ့တယ်။ အသင်းကထွက်ချင်နေတဲ့သူ့ကို မရရအောင် အာတေတာကဆွဲထားခဲ့တယ်။ အခုတော့လိုအပ်ချိန်မှာအားကိုးရတယ်။ ဒါက အသုံးတည့်မှုပဲမဟုတ်လား။

နောက်ဆုံး ၂၄ ပွဲမှာ ၁၇ ဂိုးသွင်းတယ်ဆိုတာအပါအဝင် ဖော်ပြနေကြတဲ့ သူ့ရဲ့မှတ်တမ်းတွေအကြောင်းထားလိုက်ကြပါစို့။ ဒီစာဟာတိုကောင်းတိုမယ် ဆိုပေမယ့် အက်ဒီကို အသိအမှတ်ပြုဖို့ သတိရမယ်ဆိုရင်ပဲ အားထုတ်ရကြိုးနပ်ပါပြီ။ စာရေးသူရဲ့ တစ်ကိုယ်ရည်ခံစားချက်ကို ထည့်ပြောရရင်တော့  သူက မန်ယူနဲ့ပွဲမှာ ဂိုးသွင်းနိုင်မယ်လို့ ထင်မိပါတယ်။ ပြီးခဲ့တဲ့ရာသီ အမ်းမရိတ်နိုင်ပွဲတုန်းက အက်ဒီဟာ လူကြားထဲကနေပြေးထွက်ပြီး ဒီဂေးယားကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် သွင်းဂိုးတော့အရာမထင်ပါဘူး။ ဒီကိစ္စက အခုရာသီပွဲစဥ်မှာဖြစ်လာမလားပါပဲ။

စပါးပွဲမှာလည်းပဲ ကောင်းမွန်တဲ့အစွမ်းတွေကို ပြသပါလိမ့်မယ်။ ဖြစ်လာမလားစောင့်ကြည့်ကြတာပေါ့။

Advertisement

Leave a Reply

%d bloggers like this: