မလွယ်ခဲ့တဲ့ပွဲက မျှော်လင့်စရာများ

အောက်စ်ဖို့ဒ်ယူနိုက်တက်ကို ၃ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီးနောက် အာဆင်နယ်ဟာ FA ဖလားပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ဒီလိုပွဲမျိုးတွေမှာ ဒူးထောက်လိုက်ရတဲ့ အသင်းတွေအများကြီးပါ။ အသင်းက အပေါ်စီးက ကစား ၊ ဂိုးရဖို့ခက် ၊ မထင်မှတ်ပဲဂိုးပေးရ ၊ ပြီးတော့ ဘယ်လိုမှ ပြန်လိုက်မရတော့ပဲ ၀-၁ နဲ့ရှုံး။ ဒီလိုအခြေအနေတွေကို အာဆင်နယ်အပါအဝင်အသင်းများစွာကြုံဖူးကြတာပါ။ အာတေတာကတော့ ဒုတိယပိုင်းမှာ အာဆင်နယ်အသင်း ပြသနိုင်ခဲ့တဲ့ တိုက်စစ်စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျေနပ်နေပါတယ် ။ ပထမပိုင်းမှာ ဂိုးမရခဲ့သလို အာဆင်နယ်အသင်းရဲ့ ဝိဉာဥ်ကလဲပျောက်ဆုံးနေခဲ့တာသိသာလှပါတယ်။

ပထမပိုင်းမှာ အိမ်ရှင်တွေဟာ ဂန်းနားတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂါဘရီယယ် မာတင်နယ်လီ ၊ ဘူကာယိုဆာကာ ၊ အက်ဒီအန်ကက်တီးယား တို့ကို အကောင်းဆုံးထိန်းချုပ်ထားခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ သွင်းဂိုးတွေရယူဖို့ ခက်ခဲနေခဲ့ပါတယ် ။ ဒီအခြေအနေကို ပြန်လည်ထိုးဖောက်ဖို့ကျတော့လဲ ဂန်းနားတို့ဆီမှာ ရင်းမြစ်တချို့ ရှိမနေခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ အယ်လ်နီနီဟာ အောက်ဖို့ဒ်ရဲ့ခံစစ်ကို စတင်ချိုးဖောက်ခဲ့ပြီး အသင်းအတွက် အဖွင့်ဂိုးကိုသွင်းယူခဲ့ပါတယ်။ ‌ဒီနောက်မှာတော့ အန်ကက်တီးယားဟာ အသင်းအတွက် သွင်းဂိုး၂ဂိုး ထပ်မံသွင်းယူပေးခဲ့ပါတယ် ။ 

အာဆင်နယ်ရဲ့ စိတ်ရှည်မှု ၊ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကစားဟန်တွေဟာ နိုင်ပွဲကို ဆောင်ကျဉ်းပေးခဲ့ပြီး ပရိတ်သတ်တွေနဲ့ အာတေတာကို စိတ်ကျေနပ်မှု ပေးခဲ့ပါတယ် ။ ပွဲအပြီးမှာတော့ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အာတေတာက ခုလို ချီးကျူးစကား ဆိုလာခဲ့ပါတယ်။

” အောက်စ်ဖို့ဒ်အသင်းဟာ ခက်ခဲ့တဲ့ပြိုင်ဘက်ဖြစ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားခဲ့ပါတယ် ။ ကြံခိုင်မှုကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုကလည်း တခဲနက်ပါပဲ ။ ကစားကွင်းရဲ့ အခြေအနေတွေကလည်း ကျွန်တော်တို့ ကစားနေကျ ပုံစံမျိုးတော့ မဟုတ်ခဲ့ဘူး ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးမှာမဆို ကျွန်တော်တို့ အနိုင်ယူနိုင်ရပါမယ် ၊ ကျွန်တော်တို့ ကောင်းကောင်းလည်း ယှဉ်ပြိုင်နိုင်ခဲ့ပါတယ် ။

ပထမပိုင်းမှာ ကျွန်တော်တို့ ကစားပွဲကို အခြေအနေကို လိုက်ပြီး ထိန်းညှိကစားဖို့ အနိုင်ရလိုတဲ့ ရည်ရွယ်ရွယ်ကို ပိုပြီး ပြသနိုင်ဖို့ လိုအပ်ခဲ့ပါတယ် ပြိုင်ဘက်ကို ပိုခြိမ်းခြောက်နိုင်ဖို့ လိုအပ်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုမှာရော ကစားပုံမှာပါ  ကျွန်တော်တို့ ပိုပြီး အချိတ်အဆက်မိဖို့ လိုအပ်ခဲ့ပါတယ်

ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ကစားပွဲကို ပိုထိန်းချုပ်နိုင်ခဲ့ပြီး ပိုကောင်းတဲ့ နေရာလွတ်တွေလည်း ရခဲ့တယ် ပြိုင်ဘက်ကို တကယ်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်

ဒီပွဲမှာ ဗီအဲရာဟာ အယ်လ်နီနီရဲ့ အဖွင့်ဂိုးကို ဖရီးကစ်ကနေ ဖန်တီးပေးခဲ့သလို အန်ကက်တီးယားရဲ့သွင်းဂိုးကိုလည်း ဖန်‌တီးပေးခဲ့ပြီး ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ် ။ ဒီပွဲစဉ်မှာ သွင်းဂိုး၂ဂိုး ရယူနိုင်ခဲ့တဲ့ အန်ကက်တီးယားကတော့ World Cup Break အပြီး အသင်းအတွက် ကစားခဲ့ရတဲ့ ပွဲစဉ်၄ပွဲမှာ ၄ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။

ဒီလိုစွမ်းဆောင်ရည်ကောင်းတွေပြသခဲ့တဲ့ ဗီအဲရာနဲ့ အန်ကက်တီးယားကို အာတေတာက ခုလို ချီးကျူးစကား ဆိုခဲ့ပါတယ် ။

ဗီအဲရာမှာရှိတဲ့အရည်အသွေးနဲ့ဆိုရင် သူဟာ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ကစားပွဲတွေရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်ပါတယ် သူ့မှာ ဒီလို အပြောင်းအလဲတွေ ဖန်တီးနိုင်စွမ်းရှိပြီး ဒီနေ့မှာလည်း အရမ်းကောင်းမွန်တဲ့ အခိုက်အတန့်နှစ်ခုကို ဖန်တီးခဲ့ပြီး ကျွန်တော်တို့ကို အနိုင်ရအောင် ကူညီပေးခဲ့ပါတယ်။ 

“အက်ဒီရဲ့ ခြေစွမ်းကတော့ တကယ်ကို ကောင်းမွန်မှု ရှိနေပါတယ် ။ သူရဲ့ယုံကြည်မှုတွေကလည်း ပိုအားကောင်းလာခဲ့သလို ရုပ်ပိုင်းဆိုင်ရာအရလည်း အရင်ကထက် ပိုကောင်းလာခဲ့ပါတယ် ၊ ဒီနေ့မှာ တကယ်ကောင်းတဲ့ ကစားပွဲတစ်ခုကို သူကစားခဲ့ရတယ်လို့ ကျွန်တော်ထင်ပါတယ်”

အသင်းဟာ အဆုံးအဖြတ်ပေးမယ့်ပွဲကြပ်တွေစောင့်နေတဲ့ကိစ္စ ၊  ကစားသမားအင်အားနဲနေတဲ့ကိစ္စတွေကြောင့် ပရိတ်သတ်တွေရဲ့ စိုးရိမ်မှုက မြင့်တက်နေပါတယ်။ ဒီလိုအချိန်မျိုးမှာ  လက်ရှိကစားသမားတွေ ၊ အထူးသဖြင့်အရံအင်အားတွေဆီက ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကို ရခဲ့တာဟာ အင်အားတစ်ခုပဲဖြစ်ပါတယ်။ ဘာမှမရှိတာထက်စာရင် တစ်ခုခုဟာပိုကောင်းတယ်မဟုတ်ပါလား။ ကစားသမားသစ်တွေရောက်လာခဲ့မယ်ဆိုရင်တော့ အနီးဆုံးပွဲတွေမှာတော့ အစွမ်းပြနိုင်ဖို့ခက်ပါလိမ့်မယ်။ ဒီတော့ စုဖွဲ့မှုကောင်းကောင်းနဲ့ ခြေစွမ်းပြနေတဲ့သူတွေကို အားပေးကြဖို့ပဲရှိပါတယ်။

ပွဲကြီးတွေမလာခင်မှာ သွေးပူသဘောမျိုးလေ့ကျင့်သလိုဖြစ်ခဲ့တဲ့ ဒီပွဲဟာ အကျိုးမနဲခဲ့ပါဘူး။ အသင်းအတွက် အင်အားတစ်ခု သေချာပေါက်ဖြစ်နေမှာပါ။

Advertisement

Leave a Reply

%d bloggers like this: