အာဆင်နယ်ဟာ နယူးကာဆယ်ကို သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာက မန်စီးတီးကို ၈ မှတ်ဖြတ်ပြီး ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နေဆဲပါပဲ ။ တကယ်လို့ ချဲလ်ဆီး နဲ့ မန်စီးတီးပွဲစဉ်မှာ မန်စီးတီးသာ အနိုင်ရခဲ့မယ်ဆိုရင် အာတေတာဟာ ဂွာဒီယိုလာထက် ၅ မှတ်သာ အသာရတော့မှာ ဖြစ်ပါတယ် ။ ၇ မှတ်ကွာဟခြင်းကို ခံစားဖူးတဲ့ အာဆင်နယ် ပရိတ်သတ်များကတော့ ၅ မှတ်ကို သိပ်သဘောတွေ့ကြမှာ မဟုတ်ပါဘူး။
ဒီရလဒ်ကြောင့် အသင်းရဲ့ပရိသတ်တွေအနေနဲ့ မချင့်မရဲ ဖြစ်မိကြမှာပါ ။ ဒါပေမယ့် ရှာကာပြောသလိုပဲ ၊ ဒါဟာ ဘောလုံးပွဲဖြစ်တာကြောင့် မိနစ်၉၀အတွင်းမှာ အနိုင် အရှုံး သရေ ဆိုတဲ့ ဘယ်လိုလဒ်မဆို ဖြစ်သွားနိုင်ပါတယ် ။ ဘယ်သူမှအမြဲတမ်း အနိုင်မရတတ်သလို ဘယ်သူကမှလည်း ပြီးပြည့်စုံတဲ့ လူသားတွေမဟုတ်တာကြောင့် အာဆင်နယ် အခုလို အမှတ်လျော့သွားတဲ့အပေါ် သိပ်တော့ စိတ်ပူစရာ မရှိလှပါဘူး။
မန်စီးတီးကလည်း ပွဲစဉ်တိုင်းကို အနိုင်မရနိုင်တာကြောင့် အာဆင်နယ်အနေနဲ့ တစ်ခါတစ်ရံ အမှားလုပ်ခွင့်တော့ ရှိနေပါတယ် ။ ဒါပေမယ့် မှားပြီးသားအမှားကိုတော့ ထပ်မှားလို့မဖြစ်တာကို ဂရုစိုက်ရမှာပါ ။ အသင်းဟာ ပုံစံကောင်းတစ်ခုမှာ ရှိနေတာကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားနိုင်ဖို့ပဲ လိုပါလိမ့်မယ်။
အာဆင်နယ် ဂန္တ၀င် အီယန်ရိုက်ကတော့ အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ ချန်ပီယံအိပ်မက်ကို ရှင်သန်နေစေဖို့ အသင်းရဲ့ ကစားသမား သုံးယောက်ဟာ ဒဏ်ရာပြဿနာကင်းစင်နေဖို့ လိုတယ်လို့ ရိုက်က ထောက်ပြလာခဲ့ပါတယ်။
“ကစားသမားတွေဟာ သူတို့ဘာလုပ်နေတာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိကြပါတယ် ၊ ဒါပေမယ့် သူတို့လုပ်ဆောင်နေတဲ့အရာက သေချာပေါက် ခက်ခဲမှာပါ“
“မန်စီးတီး ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ် ။ အဓိကကစားသမားအချို့ကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်ထားရမယ်ဆိုရင်တောင် ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်တဲ့ တစ်ခုတည်းသောအသင်းက မန်စီးတီးပါ ။ အာဆင်နယ်ပရိသတ်တွေကလည်း ဒါက တကယ်ကို အချိန်ကောင်းတစ်ခုပဲ ဆိုတာ သိပါတယ် ၊ အာဆင်နယ်ဟာ အခုဆို သူတို့ကိုထုတ်လာတဲ့ မေးခွန်းတွေကို ဖြေကြားနေပါပြီ“
“ဒါပေမယ့် အသင်းမှာ ဒဏ်ရာပြဿနာတွေအများကြီးသာ ရှိလာရင် အသင်းရဲ့ ချန်ပီယံအိပ်မက်ကို အပြောင်းအလဲ ဖြစ်သွားစေနိုင်ပါတယ် “ လို့ ဂန်းနားဟောင်းကြီးက ဆိုပါတယ်။
လတ်တလောမှာ အာဆင်နယ်ဟာ အသင်းရဲ့ အဓိကတိုက်စစ်မှူး ဂါဘရီယယ်ဂျေးဆူ ကို ဆုံးရှုံးထားရပါတယ် ၊ ရိစ်နယ်လ်ဆင်ကလည်း ဒဏ်ရာရနေပြီး စမစ်ရို ကတော့ မကြာခင်ပြန်လာနိင်ဖို့ ရှိနေပါတယ်။
တကယ်လို့ ကွင်းလယ်မှာသာ ပါတေး ဒဏ်ရာရသွားခဲ့ရင် သူ့နေရာမှာ အစားထိုးစရာ ကစားသမားမရှိတာဟာ အကြီးမားဆုံး ပြဿနာပါပဲ ၊ ဘယ်တောင်ပံတိုက်စစ်မှာလည်း ဆာကာသာ အကြောင်းတစ်ခုခုကြောင့် မပါ၀င်နိုင်ခဲ့ရင် အရန်ကစားသမားအဖြစ် မာကွင်ဟိုစ်သာ ရှိနေပါတယ်။
ဒါ့အပြင် အသင်းရဲ့ ထိပ်ဂိုးသွင်းရှင်ဖြစ်တဲ့ ကပ္ပတိန် မာတင်အိုဒီဂတ်ဟာလည်း သိပ်ကိုအရေးပါတဲ့ ကစားသမားတစ်ဦးလို့ ဆိုနိုင်ပါတယ် ။ သူ့နေရာမှာ ဗီအဲရာ ၀င်ကစားနိုင်ပေမယ့် ပေါ်တူဂီသားဟာ အိုဒီဂတ်ရဲ့ ကွက်လပ်ကို အပြည့်အ၀ ဖြည့်နိုင်မှာတော့ မဟုတ်ပါဘူး။
ဒါနဲ့ပတ်သက်ပြီး အီယန်ရိုက်က ခုလိုဆိုလာခဲ့ပါတယ်။
“အာဆင်နယ်အနေနဲ့ ဇန်နဝါရီမှာ လူ၀ယ်ဖို့ အခွင့်အရေးရှိပါသေးတယ် ။ ဒါပေမယ့် ဒီရာသီ အသင်းကို ကြည့်မယ်ဆိုရင် ဆာကာ ၊ ပါတေး ၊ အိုဒီဂတ်တို့ဟာ အကောင်းဆုံးလုပ်ပြထားပါတယ်“
“ဒီကစားသမားတွေက အရေးကြီးပါတယ် ၊ သူတို့သာ ကြံ့ခ်ုင်မှု ပြည့်၀နေမယ်ဆိုရင် လိဂ်ချန်ပီယံဖြစ်ဖို့ဆိုတာ အရမ်းခက်ခဲမှာဆိုပေမယ့် အာဆင်နယ်အတွက် တကယ်ကောင်းတဲ့ အခွင့်အရေးတစ်ခု ရှိနေမှာပါ“ လို့ ရိုက်က ဆိုပါတယ်။
မရေရာသေးတဲ့ ကစားသမားသစ်ခေါ်ယူမှုနဲ့အတူ ရှိရင်းစွဲကစားသမားတွေ ကွင်းပြင်ရောက်မသွားဖို့ကိုလဲ အာဆင်နယ်ပရိတ်သတ်တွေ ဆုတောင်းရဦးမှာပါ။ ချန်ပီယံဖြစ်ဖို့ခရီးကြမ်းမှာတော့ အခက်အခဲအတားအဆီးတွေက တခုမဟုတ် တခုရှိနေမှာပါ။ ဂန်းနားတို့အနေနဲ့လည်း ၁၆ ပွဲအပြီး ကနေ ၃၈ ပွဲအပြီးထိ ခုလိုအခြေအနေကို ဆက်လက်ထိမ်းသိမ်းသွားရမှာဖြစ်ပါတယ်။ ဘယ်လိုပဲဆိုဆို ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်က အပြည့်ပဲ မဟုတ်လား။