ငှက်ကျားတို့နဲ့ တိုက်ပွဲညမတိုင်မီပြောကြားမှုထုတ်နှုတ်ချက်

စင်ရော်တွေကို အနိုင်ယူခဲ့တဲ့ ဂန်းနားတွေဟာ ‌ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခုကို ထပ်မံဖြတ်သန်းရဦးမှာပါ ။ မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာတော့ အာဆင်နယ်ဟာ အိမ်ကွင်းအမ်းမရိတ်မှာ နယူးကာဆယ်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီရာသီမှာ အမြင့်ပျံနေတဲ့ ငှက်ကျားတွေဟာ ချန်ပီယံအိပ်မက်တွေ နဲ့ အာတေးတားတို့ လူစုဆီကနေ အမှတ်တွေ ခွဲယူနိုင်ဖို့ ကြိုးစားလာမယ်ဆိုတာ အသေအချာပါပဲ ။ အိမ်ကွင်းမှာ ရာနှိုင်းပြည့် နိုင်ပွဲရယူထားတဲ့ အမြှောက်တပ်သားတွေဟာ ဒီညမှာရော အမ်းမရိတ်နဲ့ အရှိန်အဝါနဲ့ အနိုင်သုံးမှတ်ကို ဆက်သိမ်းပိုက်နိုင်မလားဆိုတာ စိတ်၀င်စားစရာပါ။

ဒီတော့ ပွဲအကြိုအင်တာဗျူးလ်မှာ အာတေးတာ ဘာတွေပြောခဲ့သလဲ ၊ တစ်ချက်လောက် ကြည့်လိုက်ရအောင်ဗျာ

နယူးကာဆယ်နဲ့ပတ်သက်ပြီး

“သူတို့က အရမ်းကောင်းတဲ့ အသင်းတစ်သင်းပါ ၊ အရမ်းကောင်းတဲ့ နည်းပြလည်း သူတို့မှာ ရှိတယ် ၊ အက်ဒီ (နယူးကာဆယ်နည်းပြ ) အချိန်တိုလေးအတွင်းမှာ ဘာတွေလုပ်ပြခဲ့တာတွေက ကိန်းဂဏန်းတွေအရဆိုရင် တကယ်ကို အံ့ဩစရာပဲဗျ ။ ဒီအတွက် သူ နဲ့ နည်းပြအဖွဲ့၀င်တွေကို ချီးကျူးရမှာပါ ။ သူတို့ဟာ ဘယ်လိုပြိုင်ဘက်မဆို တူညီတဲ့ပုံစံနဲ့ ကစားနိုင်မယ့် ယုံကြည်မှု ၊ အရှိန်အဟုန်တွေကို အသင်းမှာ တည်ဆောက်ပေးခဲ့ပါတယ်”

“ဒီတော့ ကျွန်တော်တို့ သူတို့ကို ရင်ဆိုင်ဖို့ ပြင်ဆင်ရတော့မှာပါ ။ ဒါဟာ ကျွန်တော်တို့အတွက် နောက်ထပ်ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုပါပဲ ။ ဒါပေမယ့် ကျွန်တော်တို့ဟာ  ကျွန်တော်တို့ရဲ့ အိမ်ကွင်းပရိသတ်တွေရှေမှာ ကစားရမှာပါ ။ ဒီပွဲကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်”

၂၀၂၃ မှာ ဘယ်လိုအိပ်မက်တွေ ရှိမလဲ

“နယူးကာဆယ်ကို အနိုင်ရဖို့ ၊ ပြီးရင် နောက်တစ်ပွဲအနိုင်ရဖို့ ၊ ပြီးရင်လည်း နောက်ထပ်တစ်ပွဲပေါ့ ၊ ဒါက ကျွန်တော်တို့ရဲ့ အိပ်မက်ပါပဲ ။ ပြီးရင်တော့ ကျွန်တော်ချစ်တဲ့သူတွေ ၊ အသင်းနဲ့သက်ဆိုင်သူတွေအားလုံး ကျန်းမာ စိတ်ပျော်ရွှင်ပြီး လှပတဲ့ဘ၀ကို ကျေနပ်နှစ်သက်ဖို့ မျှော်လင့်ပါတယ်”

အသင်းဟာ နိုင်ပွဲတွေ ဆာလောင်နေတဲ့ အပေါ် 

“တကယ်မိုက်ပါတယ် ။ ဒီတုံ့ပြန်ပုံတွေ ၊ သဘောကျမှုတွေကို မြင်ရတဲ့အခါ ပျော်ရွှင်မှု နဲ့ ၀မ်းသာမှုတွေကို ကျွန်တော်မြင်ရပါတယ် ။ ဘာလို့လဲဆိုတော့ ဘရိုက်တန်ကို အနိုင်ရခဲ့ပြီးတော့ သူတို့ တကယ်ပျော်နေခဲ့ကြတယ် ။  ဒါပေမယ့် ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ် ၊ တိုးတက်အောင်လုပ်ရမယ့် အရာတွေအများကြီး ရှိတယ်ဆိုတာ သူတို့နားလည်ပါတယ်”

မန်စီးတီးရဲ့ သရေရလဒ်ကို ကစားသမားတွေ အာရုံစိုက်နေခဲ့လား

“ကျွန်တော် မသိဘူးဗျ ၊ ကျွန်တော်ကတော့ ဒါကို သိပ်စိတ်မ၀င်စားပါဘူး ။ ဒါပေမယ့် ဘယ်လိုရလဒ်ထွက်ခဲ့လဲဆိုတာတော့ အားလုံးသိကြပါတယ်”

Advertisement

Leave a Reply

%d bloggers like this: