ရင်ထဲမှာ ဝင်နေတဲ့ဆူးတစ်ချောင်းရှင်းသွားရင် တစ်ချောင်းစာနေလို့ကောင်းပါတယ်။ ဒီအကြောင်းအရာကို အလွတ်သဘောအကြိမ်များစွာပြောဖူးခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ ဆောင်းပါးအဖြစ် ၊ စာမူအဖြစ် ကိုယ့်ရဲ့ ဂန်းနားမိတ်ဆွေတွေဆီကို ပို့လွှတ်လိုက်ပါတယ်။
ပေပေကို ဂျင်းလို့ ပြောကြတယ်။
ဟာသလုပ်ကြတယ်။ မဆုံးနိုင်တဲ့ ရီစရာအဖြစ် ယနေ့ထိပြောဆဲဖြစ်တယ်။ ပေပေဟာ တကယ်ကို ဂျင်းခဲ့သလား။ ဘယ်လောက်ဆိုးရွားခဲ့ပါသလဲ။ ဒါမှမဟုတ် ဂျင်းဆိုတာက မှားနေသလား။ ကျွန်တော်ကတော့ လွင့်ပစ်လိုက်ရတဲ့ အကျီတထည် ဆိုတာမျိုးထက် ၊ အံဝင်ခွင်ကျမဖြစ်ခဲ့လို အမြဲမသုံးဖြစ်ခဲ့တာလို့ပဲ ယူဆပါတယ်။
မှတ်မှတ်ရရပြောရရင် အခုလိုနှစ်ကူးကာလမှာပဲ ပေပေဟာ ဖမ်းရခက်တဲ့ ဘယ်ခြေကန်ချက်နဲ့အတူ မန်ချက်စတာယူနိုက်တက်အသင်းကို ဂိုးသွင်းပြခဲ့ပါတယ်။ ဒါပေမယ် ပေပေရဲ့တန်ကြေးဟာ မန်ယူကိုသွင်းပေးရုံအတွက်သက်သက်မဟုတ်ခဲ့ပါဘူး။ သူအသင်းအတွက် မဖြစ်ထွန်းတာတွေရှိသလို ကောင်းမွန်စေခဲ့တာတွေလဲရှိပါတယ်။ ပေပေကြောင့် ဂန်းနားပရိတ်သတ်တွေ ဘာတွေရခဲ့သလဲ ဘာတွေဆုံးရှုံးခဲ့သလဲ ဆိုတာတွေကို အချက်အလက်နဲ့ရော ခံစားချက်နဲ့ ပါရေးသားဆွေးနွေးသွားပါမယ်။
ပထမဆုံးကိန်းဂဏန်းဆီကို အရင်သွားကြပါစို့။ ပေပေဟာ ဂန်းနားတို့အတွက် ပွဲပေါင်း ၁၀၅ ပွဲကစား ၂၆ ဂိုးသွင်းပြီး ၁၃ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီကိန်းဂဏန်းဟာ မဆိုးလှဘူးဆိုတာသိသာပါတယ်။ ဒါပေမယ့် အားနဲချက်ကတော့ ခြေစွမ်းမငြိမ်တာပါပဲ။ တစ်ပွဲထဲမှာတင် အရမ်းအစွမ်းပြလိုက် Normal Pass လွဲလိုက် ဘောလုံးပျက်လိုက်နဲ့တော်တော်လေးကို မှန်းရခက်ပါတယ်။ ဒါပေမယ့်လည်းအသင်းအတွက် အားမကိုးရပေမယ့် အမှိုက်မဟုတ်တာကတော့ ငြင်းစရာမလိုပါဘူး။ သူ့ရဲ့စွမ်းဆောင်ရည်တွေထဲမှာ ယူနိုက်တက်ကို သွင်းတဲ့ဂိုး ၊ FA ဖလားဖိုင်နယ်ကို အရောက်ပို့ပေးတဲ့ မန်စီးတီးနဲ့ပွဲစဥ်က ဖန်တီးပေးမှု ၊ ရှုံးနေတဲ့ပွဲတွေကနေ ပြန်လာဖို့အရေးပါတဲ့ ဂိုးတွေသွင်းပေးတာလိုမျိုး အသင်းအတွက် ကြီးမားတဲ့အကူအညီတွေပေးဖူးပါတယ်။ ဒါတွေကလည်း လတ်ဆတ်နေပါသေးတယ်။
ထင်သလောက်မဖြစ်ခြင်းနဲ့ လွှင့်ပစ်ရခြင်းကြားထဲဟာ ကွဲပြားမှုအကြီးကြီးဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ စာဖတ်သူက ပေပေနဲ့ပတ်သတ်ရင်ဘယ်လို ယူဆသလဲဆိုတာကိုလဲဝေမျှနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီအိုင်ဗရီကို့စ်သားဟာ ထင်သလောက်မရောက်ခဲ့သူသာဖြစ်ပါတယ်။ လွှင့်ပစ်ရသူမဟုတ်ပါဘူး။
သူ့ရဲ့ ပြောင်းရွှေ့ကြေး နဲ့ ငွေပေးချေမှုကြောင့် ရီစရာလုပ်ခံရတာကလည်း ကျော်သွားလို့ရတဲ့ကိစ္စပါပဲ။ ငွေပေးချေမှုများစွာထဲက ပုံစံတမျိုးမျှသာဖြစ်ပါတယ်။ Payment ကို ၃ ကြိမ်ခွဲပြီးပေးသွားတာမျိုးတွေလဲ အသင်းနဲ့ ကစားသမားတွေကြားထဲမှာ ထုနဲ့ထေးပါ။
အခုနောက်ပိုင်း အထူးသဖြင့် ယခုရာသီ ပရီးမီးယားလိဂ်မှာ ငွေသုံးပြီးကစားသမားများစွာခေါ်ယူနေကြပါတယ်။ အဲ့ဒီအထဲမှာ တောင်ပံပလေယာတွေလဲပါဝင်နေပါတယ်။ ကစားသမားတစ်ဦး Flop တိုင်း သို့မဟုတ် ထင်သလောက်ခြေစွမ်းမပြနိုင်တိုင်း ပေပေဟာ ဥပမာတစ်ခုအဖြစ်ပါဝင်နေပါတယ်။ ဟာသအဖြစ်ပြောဆိုခြင်းက ကျွန်တော်ကိုယ်တိုင်လဲလုပ်ပါတယ်။ ဥပမာ – ခင်ရတဲ့ Page တွေရဲ့ ပွဲခန့်မှန်းတွေမှာ အာဆင်နယ်အရှုံးဆိုပြီး ဝင်နောက်တာမျိုးပေါ့။ သို့သော် အရေးကြီးအချက်အလက်များမှာဆိုရင်တော့ ငြင်းသင့်တာကို ငြင်းရပါလိမ့်မယ်။
ပေပေကြောင့် ပွဲတွင်း နည်းစနစ်အပြောင်းအလဲဖြစ်ပြီး ရလဒ်ကောင်းသွားတဲ့ပွဲတွေထဲက တစ်ပွဲကတော့ ပြီးခဲ့တဲ့ရာသီ ဝုဗ်ကို ၂ – ၁ နဲ့ နိုင်တဲ့ပွဲပါ။ ဂရန်းနစ်ရှာခါ ကိုယ်တိုင်က သူ့ရဲ့အာဆင်နယ်ကစားသမားဘဝအကောင်းဆုံးပွဲတွေထဲမှာ အပါအဝင်ပါလို့ ပြောယူခဲ့ရတဲ့ ပွဲစဥ်ပေါ့။ အဲ့ဒီပွဲမှာ ပေပေတစ်ယောက် ခန္တာကိုယ်ကို အလိုက်သင့်လှည့်ပြီး သွင်းယူခဲ့ပုံက ခုချိန်ထိ မျက်လုံးထဲက မထွက်ခဲ့ပါဘူး။
ဒါ့အပြင် ပရီးမီးယားလိဂ်ထိပ်တန်းနောက်ခံလူဖြစ်တဲ့ ဗန်ဒိုက်ကိုလည်း ကျော်ဖြတ်ပေးလွှားခဲ့သူဖြစ်ပါတယ်။ ဒါကတော့ အရမ်းကြီးဂုဏ်ယူနေဖို့မလိုဘူးယူဆပါတယ်။ ဘောလုံးကွင်းထဲမှာ ကစားသမားတွေဟာ သူနိုင်ကိုယ်နိုင်ကျဲရင်းဖြစ်လာတတ်တာမျိုးပါ။ ကိုယ်က အသာရလို့လဲ အထွေအထူးပြောဖို့မလိုသလို … ကျွန်တော်တို့ကို သွင်းယူသွားတဲ့ဂိုးအတွက် သဘောကျနှစ်သက်နေတဲ့ ပြိုင်ဖက်အသင်းအားပေးသူများရဲ့ မှတ်ချက်ဆိုရင်လည်း ကျော်သွားရမှာပါပဲ။
စာအရှည်ကြီးမဟုတ်ပေမယ့် အဓိက ကျတဲ့အချက်အလက်တွေပါဝင်နေပြီလို့ ယူဆတာကြောင့် ယခုမှတ်စုကို ဒီမှာတင်ရပ်ပါ့မယ်။ ဂန်းနားပရိတ်သတ်တစ်ဦးအနေနဲ့ပေပေဟာ အဆင်မပြေခဲ့တဲ့ ခေါ်ယူမှုဖြစ်ပေမယ့် ၊ လွှင့်ပစ်ရတဲ့ ကစားသမားလို့ဆိုလာရင်တော့ ကျွန်တော်က ငြင်းရပါလိမ့်မယ်။ မဟုတ်ရင်လဲ တစ်ပွဲထဲမှာ ဖရီးကစ် ၂ ကြိမ်သွင်းပေးခဲ့ အိုင်ဗရီကို့စ်သားရဲ့ ခြေစွမ်းအချို့ကိုပြန်လည်ခံစားဖို့ တိုက်တွန်းရမှာပါပဲ။