Editorial – ခက်ခဲတဲ့အနိုင်ပွဲနဲ့ ဇယားကို ဦးဆောင်နေဆဲ ဂန်းနားများ

ဂန်းနားတို့ဟာ ဇင်ယော်တွေကို အဝေးကွင်းမှာ အလွန်ခက်ခဲစွာကစားခဲ့ရပြီး နှစ်သစ်ကို နိုင်ပွဲနဲ့ ကြိုနိုင်ခဲ့ပါပြီ။ ဒီပွဲရလဒ်ဟာ ၃ မှတ်အပြင် အနီးဆုံးက လက်ရှိချန်ပီယံကို ၇ မှတ်ဖြတ်ခွင့်လဲပါဝင်တာမို့ အလွန်ကို စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပါတယ်။

ပွဲမစခင်မှာ  ဘရိုက်တန်ကို ပူပန်ခဲ့ကြပါတယ်။  မကြာခန ကိုယ့်ကို ဒုက္ခပေးခဲ့ဖူးတာက တကြောင်း ၊ ကစားသမားကောင်းတွေပါနေတာက တကြောင်းဖြစ်လို့ ဂန်းနားတို့ရုန်းကန်ရမယ့်ပွဲတပွဲအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။  ဒါ့အပြင် Pundit တွေရဲ့ပွဲကြိုစကားတွေကလည်း အာဆင်နယ်ဖက်မှာ ဘယ်သူမှရှိမနေခဲ့ပါဘူး။ ဒါပေမယ့် အာဆင်နယ်တို့ရဲ့ပူပန်မှုတွေကို ၂ မိနစ်မှာထဲက ဆာကာ က ငြှိမ်းသတ်ပေးခဲ့ပါတယ်။

ဘရိုက်တန် မညံ့ခဲ့ပါဘူး။ သူတို့ရဲ့အရည်အသွေးဟာ တပွဲလုံးမှာပေါ်လွင်ပါတယ်။ ဒါပေမယ့်  အာဆင်နယ်ကကို ပိုပြီးကောင်းမွန်ခဲ့တာပါ။ ဒါက ရိုးရိုးလေးနဲ့မြင်သာနေပါတယ်။ အသင်းကြီးတွေကို ဖြိုလှဲခဲ့တဲ့အသင်းတစ်သင်းဟာ စက္ကန့်တိုင်းမှာ ပွဲအဖြေကို ပြောင်းလဲသွားစေနိုင်တဲ့လုပ်ဆောင်မှုတွေအပြည့်နဲ့ဖြစ်ပါတယ်။ အာဆင်နယ်ကိုယ်တိုင်လဲ ခံစားခဲ့ရပါတယ်။

ဒီပွဲမှာ သိပ်ပြီးကြည့်လို့ကောင်းခဲ့တာက  မာတင်နယ်လီ နဲ့ လမ့်တေးရဲ့ အားပြိုင်မှုပဲဖြစ်ပါတယ်။ အရည်အသွေးမြင့်ကစားသမား ၂ ဦးဖြစ်လို့ သူတို့ထိပ်တိုက်တွေ့တိုင်း  လမ့်တေးက အသာရသွားလိုက်  ၊ မာတင်နယ်လီက ကျော်ဖြတ်ပြလိုက်နဲ့အရမ်းကို ရသမြောက်ပါတယ်။ ဒါပေမယ့် အရိုးသားဆုံးဝန်ခံရရင်တော့  ဂန်းနားပရိတ်သတ်တဦးအနေနဲ့  ပွဲပြီးခါမှသာ ဒီရသကို ခံစားနိုင်တာပါ။ ပွဲချိန်တွင်းမှာတော့ လမ့်တေးဟာ စိတ်ပျက်ဖွယ် သတ္တဝါတစ်ကောင်ကို မြင်ရသလိုခံစားရပါတယ်။  အဆုံးမှာတော့ မာတင်နယ်လီက ပိုပြီးအားကောင်းတဲ့အသင်းဖော်တွေရှိတဲ့အခါ ရ​လဒ်ကောင်းတွေကို ပိုပြီးဖော်ဆောင်နိုင်ခဲ့ပါတယ်။

ကစားပုံအရဆိုရင်တော့  အိုဒီဂတ် ၊ ဇင်ချန်ကိုတို့ဆီက ထွက်လာတဲ့ ဘောလုံးလမ်းကြောင်းတွေဟာ ပြိုင်ဖက်အတွက်ခန့်မှန်းရခက်လွန်းပြီး ကြောက်စရာအလွန်ကောင်းလှပါတယ်။ အရမ်းလှပပြီးတသသဖြစ်မယ့်ဂိုးတွေဖြစ်လာဖို့ ၂ ကြိမ်နီးစပ်ခဲ့ပေမယ့် ဘရိုက်တန်ဂိုးသမားက ကောင်းစွာကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဘရိုက်တန်အသင်းဖက်က အာရှသား ကိုလည်း ဂန်းနားတို့ သတိမလွတ်တမ်းထိမ်းခဲ့ရပါတယ်။ ဂိုးပြတ်အနိုင်လမ်းကြောင်းဆီဦးတည်သွားပြီးနောက် ၊ အာဆင်နယ်တို့ လူစားလဲအပြီးမှာတော့ ဘရိုက်တန်တိုက်စစ်ကို လုပ်ချင်ရာလုပ်ခွင့်ပေးလိုက်သလိုပါပဲ။  ဘန်ဝှိုက် မပါဝင်တော့တဲ့နောက်  ဂန်းနားနောက်တန်းဟာ တမဟုတ်ခြင်း ၄ – ၄ ဖြစ်သွားနိုင်တဲ့အနေအထားကြီးပါ။ ဒါက ဂန်းနားတို့လိုအပ်ချက်ဆိုတာထက် ဘရိုက်တန်က မိဆုမာတို့ လူစုကလဲ တော်တော်လေးကို ကောင်းနေခဲ့တာပါ။ သူတို့ရဲ့ တွဲလုံးနဲ့ အဆုံးသတ်တွေက ဘာမဆိုဖြစ်သွားနိုင်တဲ့အခြေအနေပါပဲ။

ရတဲ့ဂိုးတွေကိုပြန်ပြောရရင်တော့  ဆာကာရဲ့သွင်းဂိုးဟာ မာတင်နယ်လီရဲ့တိုးအား ၊ အက်ဒီရဲ့နေရာယူပုံတွေကြောင့် ဖရိုဖရဲဖြစ်နေတဲ့ နောက်တန်းကနေအသုံးချခဲ့တာဖြစ်ပြီး ၊ ဒုတိယဂိုးကတော့ အိုဒီဂတ်ရဲ့မှော်ပါပဲ။ အက်ဒီ ကတော့ ဂိုးလာဘ်အင်မတန်ကောင်းသူဖြစ်ပြီး ၊ မာတင်နယ်လီကလည်း တစ်ပွဲလုံးသူ့ကိုတားဆီးပြနေတဲ့ လမ့်တေးကို အနိုင်ယူပြီး အပိတ်ဂိုးကို သွင်းပြခဲ့ပါတယ်။

ဆာလီဘာနဲ့ပတ်သတ်ပြီးဝေဖန်မှုတွေရှိခဲ့ပေမယ့် စာရေးသူကတော့ အရင်ကပြောခဲ့သလိုပဲ  အမှန်အမှားရောထွေးနေခြင်းကလည်း ကစားသမားကိုရှင်သန်စေပါတယ်။ အထူးသဖြင့် လူငယ်တစ်ယောက်ကို လူငယ်တစ်ယောက်လိုတိုးတက်စေခြင်းကလည်း လမ်းကြောင်းမှန်ဖြစ်ပါတယ်။  နောက်တစ်ချက်ကတော့  အိုဒီဂတ်ပါပဲ။ သူရဲ့တိုးတက်လာမှုဟာ ကြောက်ခမန်းလိလိဖြစ်ပြီး ဘယ်လောက်ထိဆက်ပြီး အရှိန်မြင့်နေဦးမလဲဆိုတာက ရင်ခုံစရာပါ။ အသင်းခေါင်းဆောင်ဖြစ်သူဆီကနေ ခြေစွမ်းအရပါဦးဆောင်မှုကို ရရှိနေတာဟာ အသင်းအတွက်သိပ်ကောင်းပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့  ပွဲစဥ် ၁၆ ပွဲအပြီးမှာ ဒုတိယနေရာကအသင်းကို  ၇ မှတ်ဖြတ်ထားနိုင်တာ ၊ အသင်းရဲ့ လူငယ်ကစားသမားတွေဟန်ချက်ညီနေတာ အကုန်လုံးကအားတက်စရာဖြစ်ပါတယ်။ ပွဲမပြီးခင် တက်မထောင်တဲ့စိတ်ကို လည်း နှလုံးသွင်းရမှာဖြစ်သလို ၊ အသင်းရဲ့ ချန်ပီယံလမ်းကြောင်းကိုလည်း ကြိုတင်ရင်ခုန်ထားတာလဲ အမှားမဟုတ်ဘူးလို့ဆိုရမှာဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: