အောင်မြင်မှုတွေရယူဖို့ မျှော်မှန်းထားတဲ့ အသင်းတစ်သင်းမှာ အောင်နိုင်စိတ်ရှိဖို့ လိုပါလိမ့်မယ် ။ ဒီလို အောင်နိုင်စိတ်ဆိုတာကလည်း နေ့ချင်းညချင်း တည်ဆောက်လို့ရတဲ့ အရာမျိုးမဟုတ်ပါဘူး။ အပြောလွယ်ပေမယ့် အလုပ်ခက်လှပါတယ်။
အာတေတာ အာဆင်နယ် နည်းပြဖြစ်လာပြီးတဲ့နောက် အာဆင်နယ်အသင်းသားတွေကို စည်းလုံးမှု အပြည့်အ၀ ရှိတဲ့ ၊ မခိုမကပ်ကြိုးစားတတ်တဲ့ ၊ အောင်နိုင်စိတ် ရှိတဲ့ ကစားသမားတွေ ဖြစ်လာအောင် ပုံသွင်းနေခဲ့တာပါ ။ အူဘာမီယန်း ၊ အိုဇေးလ်တို့လို အသင်းကို အဆိပ်အတောက် ဖြစ်လာနိုင်သူတွေကို ရဲရဲ၀င့်၀င့်ပဲ ဖယ်ရှားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေမှာ မန်စီးတီးကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂျေးဆူ ၊ ဇင်ချန်ကိုတို့ဟာ ချန်ပီယံဆုဖလားတွေနဲ့ ရင်းနှီးကျွမ်း၀င်ပြီးသား လူတွေပါ ။ သူတို့ဟာ အမ်းမရိတ်ဆီ အောင်နိုင်စိတ်တွေ သယ်ဆောင်လာခဲ့တယ်ဆိုရင်လည်း မမှားပါဘူး ။ ဒီလိုနဲ့ အာတေတာ ထုဆစ်ထားတဲ့ တော်၀င်ဂန်းနားဟာ ဒီရာသီမှာ အတော်လေး ရုပ်လုံးပုံပေါ်လာခဲ့ပါပြီ။
အခုဆို ဒီလူငယ်လေးတွေဟာ အ၀တ်လဲခန်းထဲမှာလည်း စည်းလုံးညီညွတ်မှုအပြည့်နဲ့ ၊ လေ့ကျင့်ရေးကွင်းမှာလည်း ကြိုးစားအားထုတ်မှု အပြည့်နဲ့ ၊ ကွင်းထဲမှာလည်း တကယ်ကို အောင်နိုင်စိတ်အပြည့်နဲ့ ကစားနေကြတာပါ ။
အသင်းသားတွေရဲ့ နှလုံးသားထဲကို အာတေတာ ရိုက်သွင်းပေးခဲ့တဲ့ အောင်နိုင်စိတ်အကြောင်းကို ပြောပြလာသူကတော့ စီဒရစ်ပါပဲ ။ အာတေတာဟာ သူတို့ကို ဘယ်လို motivation တွေ ပေးခဲ့တယ်ဆိုတာ စီဒရစ်က ခုလိုပြောပြလာခဲ့ပါတယ်။
” အာတေတာဟာ ကစားပွဲနဲ့ဆိုင်တဲ့ ရှုထောင့်တိုင်းကို ကြည့်ပြီး အလုပ်လုပ်တဲ့သူပါ ။ သူဟာ အသေးစိတ်လေးတွေကိုတောင် အရမ်းဂရုစိုက်တဲ့သူပါ“ လို့ Football.London ကို ပေါ်တူဂီသားကြီးက ပြောပြလာခဲ့ပါတယ်။
“သူဟာ နည်းဗျူဟာအပေါ် အရမ်း အာရုံစိုက်တဲ့သူပါ ။ ဒါကလည်း ပြိုင်ဘက်အပေါ် အမြဲမူတည်နေပါတယ် ၊ ဒါပေမယ့် ပြိုင်ဘက်တွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ တမင်ကြိုးစားနေစရာ မလိုဘူးဗျ ၊ အလိုလိုကို ကျွန်တော်တို့ဟာ ကစားနေနိုင်တာပါ ။ ဒါ သဘာ၀ကျပါတယ် ၊ ဘာလိုလဲဆိုတော့ ဒီအပြုအမူတွေကို အာတေတာက ဖန်တီးပေးခဲ့တာပါ“
“တကယ်လို့ ကစားပွဲ ၂ပွဲ ၊ ၃ပွဲ ၊ ၄ပွဲ ၊ ၅ပွဲလောက် အနိုင်ရလာရင် –ငါဟာ အနိုင်ယူနိုင်တယ်–ဆိုတဲ့ ခံစားချက်မျိုး ၊ စိတ်အားတက်ကြွမှုမျိုး ရလာတတ်ပါတယ် ။ အောင်နိုင်စိတ်ဆိုတာက ဘာပဲဖြစ်ဖြစ် ၊ ကစားပွဲအဆုံးမှာ ငါတို့အနိုင်ရရမယ်ဆိုတဲ့ စိတ်ပါပဲ” လို့ စီဒရစ်က ဆိုပါတယ်။
အသင်းဟာ အတိတ်မှာ အရှုံးတွေ ၊ အမှားတွေ များခဲ့ပါပြီ ။ နာကျင်စရာတွေ များခဲ့ပါပြီ ။ အခုချိန်ကတော့ အောင်မြင်မှုရဲ့ အသီးအပွင့်တွေကို ဆွတ်ခူးရမယ့် အချိန်ပါပဲ။
ဒီအောင်နိုင်စိတ်ကို ဆက်ထိန်းထားနိုင်ဖို့ နိုင်ငံတွေ နောက်ထပ်ရယူနိုင်ဖို့ ကြိုးစားရမှာပါ ။ တစ်ခါက အာတေတာ ပြောခဲ့ဖူးသလိုပဲ ဆုဖလားဆိုတာထက် နောက်တစ်ပွဲကို အနိုင်ကန်ဖို့ကိုပဲ ပိုအာရုံစိုက်ရမှာဖြစ်ပါတယ်။ ခဏခဏ ရှုံးနေသူမှာ အောင်နိုင်စိတ်ဟာ ကျိုးပဲ့သွားမှာပါ။ ထိုနည်းတူစွာပရိတ်သတ်တွေကိုယ်တိုင်ကလဲ အောင်ပွဲခံလိုစိတ်တွေထားရတော့မှာဖြစ်ပါတယ်။ အသင်းရဲ့အရှိန်တစ်ခုမှာ အောင်ပွဲခံဖို့မရွံမရဲဖြစ်နေမယ်ဆိုရင်တော့ ခံစားချက်ကောင်းတစ်ခုကို လက်လွှတ်ရတာသာ ရလဒ်ဖြစ်လာပါလိမ့်မယ်။
ပရိတ်သတ်ရော အသင်းဖက်ကပါ တူတူရုန်းရမယ့်အချိန်ကာလတစ်ခုပါပဲ။