အာဆင်နယ်ပရိတ်သတ်တွေပိုင်တဲ့ ဂန္တဝင်

အာဆင်နယ်ဂန္တ၀င် မန်နေဂျာဖြစ်တဲ့ အာဆင်၀င်းဂါးကတော့ ၂၀၁၈မှာ အသင်းကနေ ထွက်ခွာသွားပြီးနောက်  Boxing Day နေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ ၀က်စ်ဟမ်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်ကို ကြည့်ရှုဖို့ ပထမဆုံးအနေနဲ့ အမ်းမရိတ်ကို ပြန်လာခဲ့ပါတယ်။ ဒီသတင်းဟာ အားလုံးအတွက် တကယ်ကို အံ့ဩသင့်စရာ ဖြစ်ခဲ့ပါတယ်။

အသက်၇၃နှစ်အရွယ် ပြင်သစ်သားကြီးဟာ လက်ရှိမှာ FIFA ရဲ့ ကမ္ဘာ့ဘောလုံးလောက ဖွံ့ဖြိုးရေးအဖွဲ့ရဲ့ အကြီးအကဲတာ၀န်ကို ယူထားပါတယ် ။

အာဆင်၀င်းဂါးဟာ အာဆင်နယ်နဲ့အတူ ၂၂ရာသီကြာဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၀င်းဂါးရဲ့‌လက်အောက်မှာ  ပွဲပေါင်း၁၂၂၈ပွဲ ကစားခဲ့ပြီး ၇၁၁ပွဲနိုင် ၊ ၂၆၅ပွဲသရေကျခဲ့ပြီး ၂၅၂ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အသင်းတိုင်းမှာ သူတို့တန်ဖိုးထား ဂုဏ်ယူရသူတွေရှိတတ်ပါတယ်။ အာဆင်နယ်တို့ ဆီမှာ တော့ အများသားပေါ့။ ပုံစံမျိုးစုံနဲ့စွမ်းဆောင်ပြထားသူများလဲဖြစ်ကြပါတယ်။

ဂန်းနားဂန္တ၀င်မန်နေဂျာကြီးဟာ အသင်းကို ဆုဖလား ၁၇လုံးရယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ဖလား၃ကြိမ် ၊ FA ဖလား၇ကြိမ်နဲ့ ၊FA ကွန်မြူနတီဒိုင်း ၇ကြိမ် ရယူပေးခဲ့ပါတယ်။

အာဆင်နယ်မှာ အာဆင်၀င်းဂါး အအောင်မြင်ခဲ့ဆုံး နှစ်ကတော့ ၂၀၀၃-၀၄ ဘောလုံးရာသီလို့ ဆိုရမှာပါ။ အဲ့ဒီနှစ်မှာ အာဆင်နယ်ဟာ တစ်ရာသီလုံးရှုံးပွဲမရှိမှတ်တမ်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အွန်နရီ ၊ ဘားကမ်းတို့ ဦးဆောင်တဲ့ ဂန်းနားအစဒအဖွဲ့ဟာ “The Invincibles” ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ သူတို့လို လုပ်နိုင်ခဲ့တဲ့သူ ဘယ်သူမှ မရှိခဲ့ပါဘူး။

သမိုင်းဝင်ပုဂ္ဂိုလ်တွေကို ပိုင်ဆိုင်ရတာ ဂုဏ်ရှိပါတယ်။ ၀င်းဂါးဟာ “ကန် တင် ပြေး “ဆိုတဲ့ ပရီးမီးယားလိဂ် ဘောလုံးလောကထဲကို လှပညက်ညောတဲ့ ကစားဟန်တစ်ခု ၊ ဘောလုံးဒဿနတစ်ခုကို ချပြနိုင်ခဲ့သူဖြစ်ပါတယ် ။ နာမည်ကျော် ကြယ်ပွင့်ကစားသမားတွေကို ဈေးကြီးပေး ခေါ်ယူမယ့်အစား လူငယ်ကစားသမားလေးတွေကို ပြုစုပျိုးထောင်ပြီး ကြယ်ပွင့်ကစားသမားလေးတွေ ဖြစ်အောင် မွေးမြူပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ဒီလိုပုဂ္ဂိုလ်ကို ပိုင်ဆိုင်ခဲ့ရတဲ့ ပရိတ်သတ်တွေဖြစ်ပါတယ်။

ဒါပေမယ့် နှစ်ကာလတစ်ခု ရွေ့လျားလာချိန်၊ ခေတ်တစ်ခုကုန်ဆုံးလာချိန်မှာ ၊ ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာလာချိန်မှာ အသင်းဟာ အစကနေ တဖန်ပြန်စဖို့ လိုလာခဲ့ပါတယ် ။ အတွေးအခေါ်သစ်တွေ ၊ သွေးသစ်တွေလောင်းဖို့ လိုအပ်လာခဲ့ပါတယ်။

 ၀င်းဂါးဟာ ဘယ်တုန်းကမှ မညံ့ခဲ့ပါဘူး ။ သူ့ရဲ့ အမ်းမရိတ်နောက်ဆုံးနေ့စွဲတွေမှာ သာမန်အလယ်အလတ်တန်းစား ကစားသမားအများစုနဲ့ အသင်းကို ချန်ပီယံလိဂ်၀င်ခွင့်ရအောင် လုပ်ပေးခဲ့တယ်။ ဒါပေမယ့် “Wenger Out ” ဆိုတဲ့ ‌ဟစ်ကြွေးသံတွေဟာ သူ့ကို နာကျင်စေခဲ့ဟန်တူပါတယ်။ အနှစ်၂၀ကျော်ကြာ ဖြတ်သန်းခဲ့တဲ့ မိသားစုတစ်ခုကနေ နောက်ဆုံးတော့ သူဟာထွက်ခွာလာခဲ့ပါတယ် ။

အာဆင်နယ်မန်နေဂျာဘ၀ကနေ အနားယူပြီးနောက် ဘယ်အသင်းကိုမှ မကိုင်တွယ်ခဲ့တဲ့ အမ်းမရိတ်ကိုလည်း ပြန်မလာခဲ့တဲ့ ၀င်းဂါးဟာ အာဆင်နယ်အကြောင်းလည်း သိပ်မပြောခဲ့ပါဘူး။  ဒီမြေကို ပြန်လာဖို့ အတွက်လည်း အစပိုင်းမှာ ခါးသီးခဲ့ပါတယ်။

အခုတော့ သူချစ်တဲ့ မြေကို သူပြန်လာခဲ့ပါတယ်။ အောင်မြင်မှု လမ်းစ‌ပေါ်ရောက်နေတဲ့ သူချစ်သော အာဆင်နယ် ၊ သူရဲ့ဘောလုံးဒဿနတွေ ၊ ပေးဆပ်မှုတွေနဲ့ တည်ဆောက်ခဲ့သော အာဆင်နယ် ၊ အာဆင်၀င်းဂါး နဲ့ ခွဲမရသော အာဆင်နယ် ၊ သူရဲ့ အမ်းမရိတ်အပြန်ခရီးကြောင့် ဂန်းနားပရိသတ်‌တွေ အားလုံးပျော်ရွှင်ခဲ့ရပါတယ်။

အဘလို့ ခေါ်ခဲ့တဲ့ အာဆင်း ၊ သူဟာ ကျွန်တော်တို့ချစ်သော ဂန္တ၀င်ကြီးပါပဲ ။

သတင်းတွေအရ အာတေတာနဲ့ ခရွန်ကီတို့ဟာလည်း ဝင်းဂါးကို ပုံစံတစ်မျိုးမျိုးနဲ့အသင်းဆီကို ပြန်လာစေလိုနေပုံပါပဲ။ ပြန်လည်သည်ဖြစ်စေ ပြန်မလာသည်ဖြစ်စေ သူ့ရဲ့  Legacy ကတော့ ခိုင်ခိုင်မာမာပဲ ထာဝရှိနေမှာဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: