၀က်စ်ဟမ်းနဲ့ ပွဲစဉ်မတိုင်မီ မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာတော့ အာတေတာက ဒူးဒဏ်ရာခွဲစိတ်မှု ခံယူထားတဲ့ ဂျေးဆူဟာ ဘယ်အချိန် ပြန်ကစားနိုင်မလဲဆိုတာ ပြောဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၊ ဘရာဇီးလ်ရဲ့ အုပ်စုတတိယမြောက် ပွဲစဉ်မှာ ဂျေးဆူဟာ အသင်းအတွက် ပွဲထွက်ကစားရင်း ဒဏ်ရာရလာခဲ့တာ ဖြစ်ပါတယ် ။ အာတေးတားကတော့ ဂျေးဆူပြန်ကောင်းမယ့် အချိန်ကို ရက်စွဲအတိအကျနဲ့ မပြောပြချင်ဘူးလို့ ဆိုလာခဲ့ပါတယ်။
“ဂျေးဆူ ပြန်ကောင်းမယ့် အချိန်ကို ပြောပြဖို့ တကယ်ခက်ပါတယ်။ ဒါက ပြင်းထန်တဲ့ ဒဏ်ရာတစ်ခု ဖြစ်ပြီး သူ ဒါကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ ။ ဒီတော့ ရက်စွဲတွေ ကျွန်တော်မပြောပြချင်ပါဘူး“
“အချိန်အချို့ယူရမယ်ဆိုတာတော့ အသေအချာပါပဲ ။ သူဟာ ခွဲစိတ်မှု ခံယူထားရတာပါ ၊ ဒါက သူ့ဒဏ်ရာ ဘယ်လောက်ပြင်းထန်လဲဆိုတာ ပြသနေတာပါ“
ဂျူဗင်တပ်စ်နဲ့ ခြေစမ်းပွဲမှာ နယ်လ်ဆင်ဟာ ဒဏ်ရာရသွားခဲ့ပါတယ် ။ အသင်းရဲ့ ရာသီအဖွင့် ပွဲစဉ်တွေကို ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ရတဲ့နယ်လ်ဆင်ဟာ World Cup Break အပြီး ပြန်စတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလည်း လွဲချော်ရပါဦးမယ်။
နယ်လ်ဆင်ရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး အာတေတာက ခုလို ပြောပြလာခဲ့ပါတယ်။
“ရိစ်ကတော့ ကံမကောင်းစွာနဲ့ပဲ ဂျူဗင်တပ်နဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့ပါတယ် ။ သူခဏလောက်တော့ အနားယူရဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ လာမယ့်ရက်တွေမှာ သူဘယ်လိုနေလဲဆိုတာ ကြည့်ကြတာပေါ့ ၊ ဒါပေမယ့် သူဟာ ကစားပွဲထဲကနေ ချက်ချင်းထွက်ခဲ့ရတာပါ ၊ ဒါက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး“
မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်ပြီးကတည်းက ဒဏ်ရာကြောင့် အနားယူနေရတဲ့ စမစ်ရိုနဲ့ ပတ်သက်ပြီးလည်း အာတေးတားက ခုလို သတင်းကောင်း ပါးလာခဲ့ပါတယ်။
“သူကတော့ ပြန်ပါနိုင်ဖို့ နီးစပ်နေပါပြီ။ သူလေ့ကျင့်ခန်း စဆင်းနေပါပြီ ။ ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ထင်ထားတာထက် နည်းနည်း ပိုအချိန်ယူခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ အခြေအနေကောင်းနေပါပြီ“
“သူနဲ့ ကျွန်တော်တို့က အလုပ်တွေ အများကြီးလုပ်ခဲ့ကြတယ်၊ တစ်ခါတစ်လေမှာ သူက အသင်းနဲ့ အရမ်းနီးစပ်သလို တစ်ခါတစ်ရံမှာလည်း မတူညီတဲ့ ပတ်၀န်းကျင်တွေကို ကြည့်ဖို့ မတူညီတဲ့နေရာတွေကို သူရောက်နေတတ်ပါတယ် ။ ဒါပေမယ့် သူရဲ့စိတ်ခံယူချက်ကတော့ တကယ်ကောင်းပါတယ်“
“ဒါက ကစားသမားဘ၀ရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ ။ ကိုယ် အသင်းမှာ မပါနိုင်တဲ့ အချိန်တွေလည်း ရှိမယ် ။ ကာလရှည်အနားယူရတဲ့ ဒဏ်ရာတွေ ရလာရင် ဒါကို ကောင်းကောင်း တုံ့ပြန်နိုင်ဖို့ လိုပါတယ် ။ ကျွန်တော်တို့ရဲ့ အာပေးမှုတွေအားလုံး သူ ရထားပါတယ် ။ လာမယ့်ရာသီ၀က်မှာ သူရဲ့ ကြီးမားတဲ့ ပါရမီ ၊ အရည်အသွေးတွေကို ကျွန်တော်တို့ လိုအပ်ပါတယ် ။ သူရဲ့အရည်အသွေးတွေဟာ အသင်းအတွက် သော့ချက် ဖြစ်လာလိမ့်မယ်” လို့ အာတေတာက ဆိုပါတယ် ။
အနီးဆုံးပွဲစဥ်မှာ အန်ကတ်တီးယားကို အားကိုးရမယ့်အခြေအနေကိုတော့ ဂန်းနားပရိတ်သတ်တွေအနေနဲ့ တော်တော်လေးစိတ်ပူနေကြပါပြီ။ ဒါပေမယ့်လည်း အသင်းတစ်သင်းလုံးရဲ့အရှိန်အဝါနဲ့ ရလဒ်တွေရယူနိုင်မယ်လို့တော့ တူညီစွာယုံကြည်နေကြတာကိုလဲမြင်ရပါတယ်။