အက်ဒီရှိရင် မာတင်နယ်လီ အထောင်ကစားဖို့မလိုပါ

အက်ဒီဘာလုပ်ပြမလဲ  .. ဒါမှမဟုတ်ဘာမှမလုပ်ဘူးလား .. ဒီအကြောင်းဟာ အခုရက်ပိုင်းရေပန်းအစားဆုံးကိစ္စဖြစ်ပါလိမ့်မယ်။ ဂျေးဆူ ပြန်မလာခင်စပ်ကြားရင်ဆိုင်ရမယ့် ကိစ္စတွေကလည်းအများသားမဟုတ်လား။ ဒီတော့  အက်ဒီသာလျှင်အဓိက ဖြစ်လာပါတယ်။ မနှစ်က အဂ်လိပ်ဘာသာနဲ့ရေးခဲ့တဲ့ဆောင်းပါးခေါင်းစဥ်လိုပဲ Enjoy Eddie Anyway ဖြစ်ပါတယ်။

ကျွန်တော်တို့ အာဆင်နယ် ပရိတ်သတ်တွေအနေနဲ့ ဘောလုံးပရိတ်သတ်ကြားထဲမှာ အလောင်းအစားတစ်ခု ပြုလုပ်ရပါလိမ့်မယ်။ အက်ဒီကို ယုံခြင်း  ၊ မယုံခြင်းဖြစ်ပါတယ်။ လောင်းကြေးကတော့ လက်ခမောင်းခတ်မလား ဂူအောင်းမလားဆိုတာပါပဲ။  မယုံဘူးဆိုရင် အက်ဒီ  အလကားလို့ အခုကထဲက ပြောထားလိုက်ပါ။ ပြီးတော့ သူတလွဲလုပ်ရင် လက်ခမောင်းခတ်လိုက်ပါ။ ဒါပေမယ့် အက်ဒီ ဂိုးမြူးရင်တော့  သူငယ်ချင်းတွေရဲ့  Up  ဆိုပြီးလိုက်မန့်တာကို ရင်ဆိုင်ဖို့ပြင်ထားလိုက်ပါ။ တဖက်မှာ ယုံတယ်ဆိုရင်တော့ ရလဒ်ကပြောင်းပြန်ပေါ့။

ရေပန်းစားတဲ့အတွေးတစ်ခုဖြစ်တဲ့ မာတင်နယ်လီကို အတွင်းဝင်ကစားစေမယ်ဆိုတဲ့ အရာကို မေ့လိုက်ပါ။ ဒီအတွက် သက်သေလိုချင်ရင် မနှစ်က လိဒ်စ်နဲ့ပွဲပြန်ကြည့်ပါ။ ဘရာဇီးသားလေးဟာ တိုးဝင်တဲ့အပိုင်းအားကောင်းသလောက် ခန္တာကိုယ်အလှည့်အယိမ်းတွေမှာ အားနဲလှပါတယ်။ ဒါကလည်း သူ့ကို တိုက်စစ်မှုးအဖြစ်ထက် တောင်ပံအဖြစ်သာ ကြီးပြင်းစေခဲ့လို့ဖြစ်ပါတယ်။  အက်ဒီဟာ အရုပ်သက်သက်မဟုတ်ပါဘူး။ သူလုပ်ပြနိုင်တာတွေအများကြီးရှိပါတယ်။ အခုအဲ့ဒီအချက်တွေ တချက်ခြင်းသွားကြည့်ပါမယ်။

Pressing တွေအထူးကောင်းမယ့် အက်ဒီ

အက်ဒီဟာ မမောတန်း မပန်းတန်း တဖက်နောက်တန်းကလူတွေကို ဖိအားပေးပါလိမ့်မယ်။ မနှစ်တုန်းက ခရစ္စတန်ဆန် တစ်ယောက်ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာကို သတိရကြပါစို့။ ဒီလိုစွမ်းဆောင်ရည်ကို အက်ဒီပြသပါလိမ့်မယ်။ ဒါကိုယုံထားလို့ရပါတယ်။  သူ့ရဲ့တိုးအားကနေ အသင်းအတွက် အကျိုးတွေဖြစ်ထွန်းမှာပါ။

ဘယ်ခြမ်းကနေ တဖက်နောက်တန်းကို ပျက်ယွင်းစေမယ်

ဂျေးဆူလောက် မြင့်မားတဲ့စွမ်းဆောင်ရည်ကို မရနိုင်တာ သိပါတယ်။ သို့သော် သူ့နည်းသူဟန်နဲ့သူတော့ လုပ်ပြပါလိမ့်မယ်။ ဘောလုံးကိုင်ပြီး တဖက်နောက်တန်းကိုပုံစံပျက်အောင် အက်ဒီလုပ်ပါလိမ့်မယ်။ အာတေတာလဲ သေချာပေါက်ခိုင်းပါလိမ့်မယ်။  သူ့ရဲ့အရှိန်မှတဆင့် ဇင်ချန်ကို  ၊ တီယာနေး နဲ့  မာတင်နယ်လီတို့က အခွင့်ကောင်းယူပါလိမ့်မယ်။  လူငယ်တစ်ယောက်ဆီကနေ အဲ့လောက်အထိမျှော်လင့်ထားလို့ရပါတယ်။

ဂိုးလာဘ်ကောင်းတဲ့ တိုက်စစ်မှုး

သခင်ကြီးကို ရှော့တွက်ရင်မှားပါလိမ့်မယ်။ ရှုတ်ထွေးနေတဲ့အချိန်မှာ ဘယ်ကမှန်းမသိပေါ်လာပြီးပိတ်သွင်းပါလိမ့်မယ်။ ဒါမှမဟုတ် ဂိုးသမားတစ်ယောက်ယောက်ရဲ့ လက်ထဲကနေ ပိတ်သွင်းပါလိမ့်မယ်။ ဒါမျိုးသူလုပ်ဖူးပါတယ်။ တစ်ခါတစ်လေ ခေါင်းတိုက်ဂိုးလဲသွင်းပါလိမ့်ဦးမယ်။ ဘီးကုပ်အစပ်ကနေလဲ ဂိုးတွေသွင်းပြပါဦးမယ်။

အင်ဇာဂီအလားနောက်တန်းကြားက ပြေးထွက်ပြမယ်

နဲနဲပိုတယ်လို့ထင်ကြမယ်  … အေစီမီလန်ပရိတ်သတ်တချို့က သဘောမတူပဲနေရင်နေလိမ့်မယ်။ ဒါပေမယ့် လက်တွေ့လည်းဆန်ပါတယ်။ အိုဒီဂတ် ရဲ့ ပေးပို့မှုတွေကနေ  နောက်ခံလူတွေကြားထဲကနေ ပြေးထွက်ပြီး အနီးကပ်ပိတ်သွင်းပြပါလိမ့်မယ်။  ဒါမျိုး Master Class  ကိုပြသဖို့ကတော့ အက်ဒီအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပါလိမ့်မယ်။ သူ့မှာ အဲ့လိုလုပ်ပြနိုင်တဲ့ ဇတော့ရှိပါတယ်။ အီတလီနဲ့ မီလန် ဂန္တဝင်ကြီးလိုမျိုး အက်ဒီလုပ်ပြနိုင်မလား ကြည့်ကြပါစို့။

ဒီကာလဟာ အက်ဒီအတွက် ခက်ခဲတဲ့စိန်ခေါ်မှုဖြစ်ပါတယ်။ ဒါပေမယ့် အက်ဒီသာလုပ်နိုင်ရင်တော့ အာတေတာအတွက် မတူညီတဲ့ မူကွဲတိုက်စစ်မှုးတစ်ယောက်အဖြစ် လက်ဆောင်ကောင်းရပါလိမ့်မယ်။ လေ့ကျင့်ရေးမှာလည်း Extra Training တွေဆင်းနေပြီလို့သိရပါတယ်။ ဆောင်းပါးခေါင်းစဥ်ကိုပြန်ကောက်ရရင် အက်ဒီရဲ့စွမ်းဆောင်ရည်ဟာ မာတင်နယ်လီအတွက် အခွင့်အရေးတွေဖြစ်လာမှာပါ။

အက်ဒီအတွက် လက်ခုပ်သံတွေပြင်ထားကြပါစို့။

Advertisement

Leave a Reply

%d bloggers like this: