မိုင်ခါလို မူဒရစ်ပြီးရင် အာဆင်နယ်နဲ့ သတင်းအထွက်ဆုံး ကစားသမားကို ပြပါဆိုရင် အက်သလက်တီကို နဲ့ ပေါ်တူဂီကြယ်ပွင့် ယာအိုဖီးလစ်ပဲ ဖြစ်ပါတယ်။ ဒါက အခုမှမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီတွေထဲကပါ။ ဖိလစ်နဲ့ ဂန်းနားသတင်းထွက်တာ မထူးဆန်းတော့သလိုတောင်ဖြစ်နေပါပြီ။
၂၀၁၉မှာ ဘင်ဖီကာကနေ အက်သလက်တီကို ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်၁၁၃သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ယာအိုဖီးလစ်ဟာ ဥရောပရဲ့ အကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးလို ထင်ကြေးပေးခံခဲ့ရပါတယ်။
ဒါပေမယ့် ပေါ်တူဂီကြယ်ပွင့်ဟာ အက်သလက်တီကိုမှာ အများမျှော်လင့်ထားသလောက် မတောက်ပခဲ့ပါဘူး ။ ခြေစွမ်းအရမဆိုးပေမယ့် မကြာခနဒဏ်ရာရရှိခြင်းက သူ့အတွက် အတားအဆီးတစ်ခုဖြစ်နေခဲ့တာပါ။ ဒီရာသီမှာတော့ ယာအိုဖီးလစ်ဟာ အက်သလက်တီကို မန်နေဂျာ ဆင်မြူနီနဲ့ အဆင်မပြေ ဖြစ်နေပြီး ပွဲထွက်ခွင့် မိနစ်တွေ ရဖို့ အထိပါရုန်းကန်နေရပါတယ်။
လာမယ့် ဇန်နဝါရီမှာတော့ ဖီးလစ်ဟာ အက်သလက်တီကိုကနေ ထွက်ခွာတော့မယ်လို့ ကျယ်ကျယ်လောင်လောင် သတင်းထွက်နေပါတယ် ။ နာမည်ကျော် အေးဂျင့် ဂျော့မန်ဒက်စ်ဟာ သူရဲ့ကစားသမားအတွက် အသင်းသစ်တွေ ရှာဖွေနေတယ်လို့လည်း သိရပါတယ်။
စပိန်အခြေစိုက် အားကစားမီဒီယာဖြစ်တဲ့ မာကာရဲ့ အဆိုအရ ပရီးမီးယားလိဂ် အသင်းအများအပြားဟာ အသက်၂၃နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့်ကို စိတ်၀င်စားနေကြတယ်လို့ သိရပါတယ်။ PSG ၊ ချဲလ်ဆီး ၊ မန်ယူ နဲ့ အက်စ်တွန်ဗီလာတို့ဟာ ယာအိုဖီးလစ်ကို စိတ်၀င်စားနေကြတဲ့ အသင်းတွေ ဖြစ်ပြီး အာဆင်နယ်က ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
ဒီတော့ လာမယ့်ဇန်နဝါရီမှာ အမ်းမရိတ်ကို ပထမဆုံး ခေါင်းလာမယ့်သူက ဘယ်သူများလဲ ၊ မူဒရစ်လား ဒါမှမဟုတ် ယာအိုဖီးလစ်လား ဆိုတာတော့ ပရိသတ်တွေ ရင်ခုန်ရပါဦးမယ်။ ပေါ်တူဂီသားတွေနဲ့ ကံစပ်လွန်းလှတဲ့ ယူနိုက်တက်ဟာ ဖြစ်နိုင်ချေအများဆုံးလို့ ဆိုနိုင်ပေမယ့် အခုနောက်ပိုင်း အပြောင်းအရွှေ့တွေမှာ ရဲရဲတင်းတင်းရှိလာတဲ့ ဂန်းနားတို့ဟာလည်း ဖြစ်နိုင်ခြေအသင်းတစ်သင်းအဖြစ်ရေးသားနေကြပါတယ်။
စာရေးသူရဲ့ ခန့်မှန်းသုံးသပ်ချက်အရ ဖိလစ်နဲ့ ဂန်းနားတို့သတင်းဟာ အတည်ယူလို့မရသလို ၊ ပစ်ပယ်လို့လဲမရတဲ့အနေအထားဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မီဒီယာအားနဲ့သတင်းဖြစ်အောင်တွန်းယူနေနိုင်တယ်ဆိုတဲ့ တွက်ဆချက်ကိုလည်း ထည့်သွင်းစဥ်းစားရမှာဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဖိလစ်ဟာ အက်သလက်တီကိုအတွက် ၁၂၉ ပွဲကစားပြီး ဂိုးပေါင်း ၃၃ ဂိုးသွင်းယူထားခဲ့ပြီးဖြစ်ပါတယ်။ နည်းစနစ်ကြွယ်ဝသူအဖြစ်ညွှန်းဆိုခံရတဲ့ ဒီပေါ်တူဂီသားဟာ တိုက်စစ် ၊ False 9 ၊ တောင်ပံ ၊ ကွင်းလယ်တိုက်စစ် အစရှိတဲ့နေရာအစုံမှာ ကျင်လည်စွာကစားနိုင်သူဖြစ်ပါတယ်။ အာဆင်နယ်အတွက်တော့ သင့်တော်တဲ့ကစားသမားအဖြစ်အကြမ်းဖျင်းအားဖြင့် မှတ်ယူနိုင်ပြီး အကျိုးပြုနိုင်မယ်လို့လည်း ကောက်ချက်ချရပါတယ်။