စိန်ခေါ်မှုတွေအတွက် အသင့်ရှိနေပြီလား

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရတဲ့ ပွဲစဉ်နှစ်ပွဲအထိ ရှိခဲ့ပါတယ် ။ လာမယ့် ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ပင်နယ်တီ အဆုံးအဖြတ်ပွဲစဉ်တွေကို မြင်တွေ့ရဖို့များနေပါတယ်။ အာဆင်နယ်ပရိတ်သတ်တွေအတွက်လည်း တစ်စုံတစ်ရာကို ပြေးပြီးသတိရကြမယ်လို့ထင်ပါတယ်။ အသင်းရဲ့အချစ်တော် ငရုတ်သီးလေးဟာ ပင်နယ်တီလွဲပြီးအောင်ပွဲနဲ့ လက်တကမ်းအကွာကိုရောက်ခဲ့ဖူးပါတယ်။

ကိုယ့်မြေကိုယ့်ရေပေါ်မှာ ပင်နယ်တီလွဲပြီး အားလုံးရဲ့ ဝေဖန်မှုကို ခံယူခဲ့ဖူးတဲ့ ဆာကာကတော့ အင်္ဂလန်အတွက် ပင်နယ်တီ ကန်သွင်းဖို့ အခွင့်အရေးထပ်ရလာခဲ့ရင် အသင့်ပါပဲလို ဆိုပါတယ်။ ဆီနီ ဂေါကို အနိုင်ယူပြီး ရှုံးထွက်အဆင့်ကနေ တက်လှမ်းလာခဲ့တဲ့ အင်္ဂလန်ဟာ ကွာတားဖိုင်နယ်အဆင့်မှာတော့ ပြင်သစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီကိစ္စပြီးကထဲက ဆာကာတစ်ယောက်ပင်နယ်တီမလွဲသေးပါဘူး။

၂၀၂၀ ယူရိုဖိုင်နယ်မှာ ဆောက်ဂိတ်ဟာ ဆာကာကို အသင်းအတွက် အဆုံးအဖြတ် ပင်နယ်တီ ကန်သွင်းခဲ့စေခဲ့ပါတယ်။ ၁၉နှစ်သား လူငယ်ကစားသမားတစ်ယောက်ကို ဒီလိုကြီးလေးလွန်းတဲ့ တာ၀န်တစ်ခုပေးခဲ့တာဟာ ဆောက်ဂိတ်ရဲ့ လိုအပ်ချက်လို့ပဲ ဆိုရပါလိမ့်မယ်။

ဆာကာဟာ အဆုံးအဖြတ်ပင်နယ်တီကို ကန်သွင်းခဲ့ရမှာ လွဲချော်ခဲ့ပြီး အင်္ဂလန်ဟာလည်း ချန်ပီယံဖြစ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

ပွဲစဥ်အပြီးမှာ‌တော့ ဆာကာဟာ အင်္ဂလန်ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် အာတေတာ နဲ့ အသင်းသားတွေဟာ ငရုတ်သီးလေးဘက်က အကောင်းဆုံး ရပ်တည်ပေးခဲ့သလို အာဆင်နယ် ပရိသတ်တွေဟာလည်း သူတို့ရဲ့ ကစားသမားလေးဆီ အားပေးနှစ်သိမ့်စာတွေ ပေးပို့ခဲ့ပါတယ်။

အခုဆိုရင် ဆာကာဟာ အချိန်တိုအတွင်းမှာပဲ ၂၀၂၀ ယူရိုဖိုင်နယ် ပင်နယ်တီ အိပ်မက်ဆိုးကို အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပြီး အာဆင်နယ်အသင်းရဲ့ ပင်တိုင် ပင်နယ်တီကန်သွင်းသူ ဖြစ်လာခဲ့ပါပြီ။ 

ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း သွင်းဂိုး (၃)ဂိုးအထိ သွင်းထားခဲ့တဲ့ ဆာကာဟာ  အင်္ဂလန်အတွက် ပင်နယ်တီကန်သွင်းဖို့ အခွင့်အရေး ထပ်ရလာခဲ့ရင် အဆင်သင့်ပါပဲလို့ ဆိုပါတယ်။

အဲ့ဒီအချိန်(၂၀၂၀ယူရိုဖိုင်နယ်)ကစပြီး ကျွန်တော်အများကြီး ရင့်ကျက် တိုးတက်လာခဲ့ပါတယ် တကယ်လို့ ကျွန်တော့်မှာ ယုံကြည်မှု မရှိသေးဘူးဆိုရင် အာဆင်နယ်ရလာတဲ့ ပင်နယ်တီတွေကို ကျွန်တော် ကန်သွင်းခဲ့မှာ မဟုတ်ပါဘူး

ဒါ့ကြောင့် ဒီတစ်ကြိမ်မှာ အင်္ဂလန်အတွက် ပင်နယ်တီကန်သွင်းဖို့ အချိန်ရောက်လာခဲ့ရင် ကျွန်တော်အသင့်ပါပဲ လို့ ဆာကာကဆိုပါတယ်။

ယုံကြည်မှု ၊ ကြိုးစားမှုတွေ နဲ့ အိပ်မက်ဆိုးတစ်ခုကို ကျော်ဖြတ်ခဲ့ပြီး အသင်းနဲ့ ကလပ်အသင်းအတွက် အရေးပါသူ ဖြစ်လာခဲ့တဲ့ ဆာကာဟာ ကြီးလေးတဲ့တာ၀န်တွေအတွက် အဆင့်သင့်ဖြစ်နေပြီလို့ပဲ ဆိုရမှာပါ။ တလက်စထဲ ဂုဏ်ယူချင်တာကတော့ အာဆင်နယ်​ရပ်ဝန်းပဲဖြစ်ပါတယ်။ သူတို့ဟာ အိမ်နဲ့အဝေးမှာ အဆင်မပြေခဲ့သူတစ်ယောက်အပေါ် ရာနှုန်းပြည့်နွေးထွေးပေးခဲ့ပြီး  အိမ်ပီသခဲ့ပါတယ်။ ဆာကာရဲ့ပြန်လာခြင်းမှာ အာတေတာနဲ့ ဂန်းနားအဖွဲ့ဟာ တာဝန်ကျေခဲ့ကြပါတယ်။

အာတေတာ ပြောတဲ့စကားနဲ့ပဲ ဒီဆောင်းပါးကို အဆုံးသတ်ချင်ပါတယ်။

“ ဘောလုံးသမားတစ်ယောက်တိုးတက်ဖို့က အထွေအထူးလုပ်ပေးစရာမလိုပါဘူး  .. သူတို့တိုးတက်လာစေမယ့် ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးထားရုံပါပဲ  “

Advertisement

Leave a Reply

%d bloggers like this: