အသင်းသားတွေနဲ့ အာတေတာကို ကျွန်တော်ယုံပါတယ် – ပီရက်စ်

လတ်တလောမှာ အာဆင်နယ်ပရိသတ်တွေအတွက် အများဆုံးတွေးနေမှာကတော့ “ဂျေးဆူရဲ့ ဒဏ်ရာပြဿနာဟာ အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံအိပ်မက်အပေါ် ထိခိုက်လာနိုင်မလား” ဆိုတာပါပဲ ။ ခွဲစိတ်မှုကိစ္စ သေချာသွားတဲ့နောက်ပိုပြီးတော့ စိုးရိမ်လာကြပုံပါ။ ဘရာဇီးတိုက်စစ်မှုးဟာ ကမ္ဘာ့ဖလားနောက်ဆက်တွဲအဖြစ် ၃ လလောက်နားရတော့မှာပါ။

ပြီးခဲ့တဲ့နွေမှာ အမ်းမရိတ်ကို ရောက်ရှိလာခဲ့တံ့ ဂျေးဆူဟာ အချိန်တိုအတွင်းမှာပဲ  အသင်းရဲ့ မရှိမဖြစ် ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အသင်းကို အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးဆီ ပို့ဆောင်ခဲ့တဲ့ နေရာမှာ ဂျေးဆူရဲ့ အရေးပါမှုတွေ အများကြီးပါ၀င်နေပါတယ်။

ဂျေးဆူ မပါ၀င်တဲ့ပွဲစဉ်တွေမှာ အန်ကက်တီးယားဟာ အားကိုးရလောက်တဲ့ ကစားသမားမဟုတ်ဘူးဆိုတာ ဒီရာသီမှာ တွေ့မြင်ခဲ့ရပြီးပါပြီ။ ဒီတော့ ဂျေးဆူမပါ၀င်နိုင်တဲ့ အသင်းရဲ့ တိုက်စစ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ပူနေတာဟာ မထူးဆန်းပါဘူး။ အပြောင်းအရွှေ့သတင်းမှာလဲ ဘာမှထူးခြားတာမရှိသေးပါဘူး။

အာဆင်နယ် ကစားသမားဟောင်းကြီး ဖြစ်တဲ့ ရောဘတ်ပီရက်စ်ကတော့ ဂျေးဆူ ဒဏ်ရာရနေတာဟာ အသင်းရဲ့ ချန်ပီယံအိပ်မက်ကို မထိခိုက်စေနိုင်ဘူးလို့ အခိုင်အမာ ဆိုလာခဲ့ပါတယ်။

ဂျေးဆူလို အသင်းအတွက် အရမ်းအရေးပါတဲ့ ကစားသမားကို ဆုံးရှုံးခဲ့ရပေမယ့်  အာတေတာ နဲ့ အာဆင်နယ်အသင်းသားတွေကြောင့် အသင်းဟာ ချန်ပီယံအိပ်မက် မက်ခွင့် ရှိနေဆဲ ဖြစ်တယ်လို့ ပီရက်စ်က ဆိုပါတယ်။

“ကျွန်တော်တို့မှာ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးကောင်းတစ်ခု ရှိနေပါတယ် ။ အသင်းဟာ ဒီရာသီကို ကောင်းကောင်း စတင်ထားနိုင်ခဲ့ပြီး တည်ငြိမ်မှုတွေလည်း ပြသထားခဲ့ပါတယ်။ အာတေတာဟာ အလုပ်ကြိုးစားဖို့ ကစားသမားတွေကို တွန်းအားပေးနေခဲ့ပါတယ် ၊ ကစားသမားတွေကလည်း ဒါကို အကောင်းဆုံး တုံ့ပြန်နေပါတယ် “

“ကံမကောင်းစွာနဲ့ပဲ ဂျေးဆူကို နှစ်လလောက် လက်လွှတ်ရဖို့ ရှိနေပါတယ် ။ သူ မပါ၀င်နိုင်တာဟာ အသင်းအတွက် ခက်ခဲပါလိမ့်မယ် ၊ သူ့ရဲ့ သွင်းဂိုးတွေ ၊ ဖန်တီးမှုတွေက အသင်းအတွက် အရမ်း အရေးပါတယ်လို့ ကျွန်တော်ထင်ပါတယ်”

ဒါပေမယ့် အာတေတာ နဲ့ အသင်းသားတွေကို ကျွန်တော် ယုံကြည်ပါတယ် ကျွန်တော်တို့ ဒီလိုမျိုး ဆက်ပြီး ယုံကြည်စိတ်ထားဖို့ လိုပါတယ် ဒီရာသီမှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ် ဆိုပြီး ပီရက်စ်က ပြောပြလာခဲ့ပါတယ်။

ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေမှာ အာဆင်နယ် နောက်ထပ်ဆက်သွားဖို့ ‌‌ ခရီးရှည်ကြီး ကျန်ရှိနေပါသေးတယ် ။ အာဆင်နယ်ဟာ နိဒါန်းတစ်ခုကို အကောင်းဆုံး ပျိုးထားခဲ့တာပါ ။ စာကိုယ် နဲ့ နိဂုံးကို အကောင်းဆုံး ဆက်ရေးနိုင်ဖို့ လိုပါသေးတယ်။ ဂန်းနားတို့အတွက် မရေမတွက်နိုင်တဲ့ အတားအဆီးတွေစောင့်နေဆဲပါ။ ဒီအခြေအနေတွေကို ဂန်းနားတသိုက်ကျော်ဖြတ်ရပါလိမ့်မယ်။

အဓိက ကစားသမား ဒဏ်ရာရသွားတာ ၊ ပွဲစဉ်တွေ ကြပ်နေတာ ဒီလိုပြဿနာမျိုးတွေဟာ ကလပ်အသင်းတိုင်းကို ဒုက္ခပေးနေတတ်တဲ့ အရာတွေပါပဲ ။ မုန်တိုင်းထန်တဲ့ ညတွေကို ဖြတ်သန်းကျော်ဖြတ်နိုင်မှ နေရောင်၀င်းတဲ့ မနက်ခင်းကို ပိုင်ဆိုင်နိုင်မှာမို့ အာတေတာ ၊  အီဒူး နဲ့ အာဆင်နယ်အသင်းသားတွေအားလုံးဟာ အကောင်းဆုံးပြင်ဆင်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

တဖက်မှာလဲ ဒဏ်ရာက ပြန်ကောင်းလာတဲ့ စမစ်ရိုး နဲ့  လိုအပ်ရင် ဂိုးတွေပါလာတတ်တဲ့ အက်ဒီတို့လည်းရှိနေတာမို့ အသင်းက လူသစ်မခေါ်ရင်လဲ ရသလောက်အင်အားနဲ့ဖြစ်သွားကောင်းဖြစ်သွားနိုင်ပါတယ်။ အာဆင်နယ်ဖြတ်သန်းလာတာ ဒီအခက်အခဲတစ်ခုထဲမှ မဟုတ်တာ။

Advertisement

Leave a Reply

%d bloggers like this: