ရုတ်တရက်ထွက်ခွာခဲ့တဲ့ အမေရိက ခရီးစဥ်ရဲ့နောက်ကွယ်

အာဆင်နယ်ဟာ လိုင်ယွန် ၊ အေစီမီလန်တို့နဲ့ ယှဉ်ပြိုင်ရမယ့် ဒူဘိုင်းစူပါဖလားပြိုင်ပွဲအတွက် ဒူဘိုင်းကို မထွက်ခွာခင်မှာ အသင်းရဲ့ မန်နေဂျာ အာတေတာ နဲ့ အားကစားဒါရိုက်တာ အီဒူးတို့ဟာ လော့စ်အိန်ဂျလိစ်ကို သွားရောက်ခဲ့ပါတယ် ။ ပထမဆုံး ကစားရမယ့် ချစ်ကြည်ရေးပွဲ မတိုင်ခင် သုံးရက်အလိုမှာ အာတေတာ နဲ့ အီဒူးတို့ အမေရိကန်ကို ရုတ်တရတ်ထွက်ခွာသွားတာဟာ အနည်းငယ်တော့ ထူးဆန်းလှတယ်လို့ ဆိုရပါမယ်။

အာတေတာ နဲ့ အီဒူးတို့ဟာ LAကို သွားရောက်ပြီး ခရွန်ကီမိသားစုပိုင် LA RAMS အသင်းရဲ့ ဘေ့စ်ဘောပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဓိကအကြောင်းရင်းကတော့   အာဆင်နယ်သူဌေး ဂျို့ရှ်ခရွန်ကီနဲ့ စကားပြောဖို့ပါပဲဆိုတာ ရိပ်မိကြမှာပါ။ အသင်းအတွက်အလွန်အရေးကြီးတဲ့အချိန်တွေမှာသာ လုပ်တတ်တဲ့လုပ်ရပ်မျိုးဖြစ်တာကြောင့် ဂန်းနားတို့ ဆီမှာ ခြေလှမ်းကြီးကြီးမားမားရှိနေမလားလို့ တွေးဆစရာပါ။

တဆက်ထဲတွေးရမှာက ဒီတွေ့ဆုံမှုဟာ အာတေတာတို့ဖက်ကစတင်ခဲ့တာလား ၊ ပိုင်ရှင်ဖက်က ခေါ်ယူခဲ့တာလားဆိုတာကလည်း ဆက်စပ်တွေးတောစရာပါပဲ။ အသင်းဟာ Master Plan အတိုင်းသွားမှာလား ၊ အခြေအနေကိုကြည့်ပြီး အပြောင်းအလဲလုပ်ကြမှာလားဆိုတာက ဆွေးနွေးမှုတွေရဲ့ အဓိက အကြောင်းအရာဖြစ်လာပါလိမ့်မယ်။

အာတေတာ ၊ အီဒူး နဲ့ ခရွန်ကီတို့ ဘယ်အကြောင်းအရာတွေ ပြောဖြစ်လဲဆိုတာ အတိအကျပြောပြဖို့တော့ ခက်ပါလိမ့်မယ် ။ အနီးစပ်ဆုံး မှန်းဆကြည့်ရမယ်ဆိုရင်တော့ သူတို့ဟာ ဇန်နဝါရီအပြောင်းအရွှေ့အတွက်  အဓိကထား ဆွေးနွေးခဲ့တာဖြစ်နိုင်ပါတယ်။ လက်ရှိမှာ အသင်းရဲ့ ဆောင်းရာသီ အသုံးစရိတ်ဟာ ပေါင်သန်း၅၀ဆိုတဲ့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ သုံးသပ်ချက်တွေအရ ဇန်နဝါရီမှာ သန်း ၅၀ ရမယ်ဆိုတာ မူလလျာထားချက်ဖြစ်ပြီး ၊ လတ်တလောအသင်းရဲ့တိုးတက်မှုနဲ့ ကစားသမားအခြေအနေအရ အပြောင်းအလဲဖြစ်ဖွယ်ရှိတယ်လို့တော့ weblog တွေမှာရေးနေကြပါတယ်။

အသင်းဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေဖို့ ဆိုရင် ဇန်နဝါရီမှာ မဖြစ်မနေ ကစားသမားအင်အား ဖြည့်တင်းရမှာ ဖြစ်ပါတယ်။ အသင်းကို တိုးတက်လာဖို့ မှန်းထားတယ်ဆိုပေမယ့် အခုလိုအခြေအနေရောက်နေတာကတော့ မျှော်လင့်ထားတာထက်ပိုတဲ့အခြေအနေဆိုတာ သေချာပါတယ်။ ဒါ့ကြောင့် အာတေတာ နဲ့ အီဒူးတို့ဟာ လိုချင်တဲ့အသုံးစရိတ်ရဖို့ ခရွန်ကီဆီ တောင်းဆိုခဲ့တာ ဖြစ်နိုင်ပါတယ်။

ခရွန်ကီကလည်း အသင်းကို အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ထပ်ပြီး ရှိနေစေချင်မှာ အသေအချာပါပဲ ။ ဒီတော့ အာတေတာ ၊ အီဒူးတို့ရဲ့ တောင်းဆိုမှုတွေကို လိုက်လျောဖို့များပါတယ် ။ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့နှစ်ခုမှာ သုံးခဲ့တဲ့ ‌ပေါင်သန်း၂၀၀ကျော်ဟာ အချည်းနှီး မဖြစ်ခဲ့ဘူးဆိုတာလည်း အီဒူးနဲ့ အာတေတာတို့က သက်သေပြခဲ့ပြီးပြီပဲမလား။

ဒီတော့ အာတေတာ နဲ့ အီဒူးတို့  ခရွမ်ကီကနေ ဘာတွေ တောင်းဆိုခဲ့လဲ ၊ ခရွန်ကီကကော ခေါင်းညိမ့်ခဲ့ရဲ့လား ၊ ဒီမေးခွန်းတွေရဲ့ အဖြေတွေကိုတော့ ဇန်နဝါရီမှာ သိခွင့်ရပါလိမ့်မယ်။

Advertisement

Leave a Reply

%d bloggers like this: