သတိလက်လွတ် ယာကူဘူ  .. လက်ရွေးစင်ကနေ နားသွားရနိုင်လား

ဂါနာ နဲ့ ဥရုဂွေးတို့ရဲ့ပွဲစဉ်မှာ ဆွာရက်ဇ်နဲ့ ဂျာစီချင်းလဲခဲ့တဲ့ သောမတ်စ်ပါတေးဟာ ဂါနာပရိသတ်တွေရဲ အမျက်တော် ရှခြင်းကို ခံခဲ့ရပါတယ် ။ ဆွာရက်ဇ်ဟာ ဂါနာပရိသတ်တွေရဲ့ နံပါတ်တစ် ရန်သူတော်ကြီးပါပဲ။ ကိုယ်ဆရာကလည်း အထူအပါးနားမလည်ချက်က ရက်စက်ပါတယ်။

ဆွာရက်ဇ်ကို ဂါနာပရိသတ်တွေ ဘာကြောင့် ဒီလောက်တောင် မုန်းတီးလဲဆိုတာ အချို့ကတော့ သိကောင်းသိကြပါလိမ့်မယ် ၊ ‌ဇာတ်ကြောင်းပြန်ရမယ်ဆိုရင် လွန်လေပြီးသော လေးနှစ်က ဖြစ်ပါတယ် ။ 

၂၀၁၀ အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂါနာ နဲ့ ဥရုဂွေးတို့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံခဲ့ကြပါတယ် ။ အာဖရိကအသင်း နဲ့ တောင်အမေရိကအသင်းတို့ရဲ့ အားပြိုင်မှုဟာ ပွဲချိန်မိနစ် ၉၀အတွင်းမှာ အနိုင်အရှူံးမပေါ်ခဲ့တာ‌ကြောင့် အချိန်ပိုမိနစ် ‌၃၀ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အချိန်ပိုနောက်ဆုံးမိနစ်မှာ ဂါနာအသင်း သေချာပေါက်ဂိုးရနိုင်မယ့် အခွင့်အရေးကို ဆွာရက်ဇ်က လက်နဲ့ပုတ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဥရုဂွေးတိုက်စစ်မှူးဟာ တိုက်ရိုက်အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ဂါနာအသင်းဘက်ကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။

ဒါပေမယ့် ကံဆိုးမိုးမှောင်ကျစွာနဲ့ပဲ အဆာမိုဂျန် ဟာ ဒီပင်နယ်တီကို ၀င်အောင်မကန်သွင်းနိုင်ခဲ့ပါဘူး ။  ဒီမြင်ကွင်းကို ဥမင်လှိုဏ်ခေါင်း အ၀င်၀နားကနေ လှမ်းကြည့်ပြီး ‌အောင်ပွဲခံနေတဲ့ ဆွာရက်ဇ်ဟာ ဥရုဂွေးအတွက် သူရဲ့ကောင်းဖြစ်ခဲ့ပေမယ့် ဂါနာအတွက်တော့ ဗီလိန်ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အချိန်ပိုမိနစ်၃၀အပြီး  ပင်နယ်တီအဆုံးအဖြတ် ခံယူရမှာတော့ ဂါနာဟာ ဥရုဂွေးကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဂါနာဟာ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ် ။ ဒါ့ကြောင့် ဂါနာပရိသတ်တွေအတွက် ဆွာရက်ဇ်ဟာ နံပါတ်တစ်ရန်သူတော်ကြီး ဖြစ်နေခဲ့ပါတယ်။

၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ဒီနှစ်သင်းဟာ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ် ။ ဂါနာဟာ နောက်တစ်ဆင့်တက်ဖို့ ဒီပွဲကို အနိုင်ရဖို့ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။ ဥရုဂွေးကလည်း တောင်ကိုရီးယားရဲ့ အနိုင်ရလဒ်ကြောင့် ဒီပွဲစဉ်မှာ အနည်းဆုံး (၃)ဂိုးပြတ်နဲ့ အနိုင်ရဖို့ လိုအပ်နေခဲ့ပါတယ်။

ဂါနာဟာ ဒီပွဲမှာ အဖွင့်ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဒီပွဲမှာလည်း ပင်နယ်တီပြစ်ဒဏ်ဘောကို လွဲချော်ခဲ့ပါတယ်။ ဒီနောက်မှာတော့ စိတ်ဓာတ်တက်ကြွသွားတဲ့ ဥရုဂွေးက တိုက်စစ်ဆင်ခဲ့ပြီး ဦးဆောင်ဂိုးနှစ်ဂိုး သွင်းယူခဲ့ပါတယ်။

ပွဲပြီးခါနီးမှာတော့ ဂါနာဟာ ချေပဂိုးတွေ သွင်းယူဖို့ လက်လျှော့သွားခဲ့ပြီး ဥရုဂွေးကို ဂိုးထပ်မပေးရဖို့ပဲ ခံစစ်ကစားသွားပြီး အတူတူ ပြိုင်ပွဲကနေ ထွက်ခွာရအောင် ဆွဲချနိုင်ခဲ့ပါတယ်။

ဆွာရက်ဇ်ကတော့ သူ့ရဲ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရတာကြောင့် အရန်ခုံတန်းပေါ်မှာ မျက်ရည်ကျနေခဲ့တာ တွေ့ရပါတယ်။ ပွဲအပြီးမှာတော့ ပါတေးဟာ ဆွာရက်ဇ်နဲ့ ဂျာစီချင်း လဲခဲ့ပြီး ဒါဟာ ဂါနာပရိသတ်တွေကို ဒေါသူပုန်ထစေခဲ့ပါတယ်။

ဒေါသထွက်နေကြတဲ့ ဂါနာပရိသတ်တွေကတော့ ပါတေးကို နိုင်ငံ့လက်ရွေးစင်အသင်းမှာ ထပ်ပြီး မရွေးချယ်သင့်တော့ဘူးလို့ ဝေဖန်ခံသလို ဆွာရက်ဇ်ရဲ့ ဂျာစီကိုလည်း မီးရှို့သင့်တယ်လို့ ပြောဆိုနေကြပါတယ်။ ယာကူဘူခေါ် ပါတေးကတော့ သတိလက်လွတ်ဖြစ်သွားပုံပါပဲ။  ဒီပုဂ္ဂိုလ်အထာမနပ်တာကတော့ ပြီးခဲ့တဲ့ ကာလတွေမှာလဲပြသပြီးသားပါ။ သိပ်တော့လဲမဆန်းပါဘူး။

နောက်ဆုံးရသတင်းများအရတော့ ကလပ်အသင်းနဲ့အတူ လေ့ကျင့်ဖို့ ဒူဘိုင်းဆီ ခရီးဆက်ပြီလို့သိရပါတယ်။  ကလပ်အသင်းနဲ့အတူ ခြေစွမ်းပြဖို့ပဲမျှော်လင့်ထားပါတယ်။ ပွဲကြပ်တွေက ဆက်နေတာမဟုတ်လား။

Advertisement

Leave a Reply

%d bloggers like this: