ပူလီဆစ် တကယ်ရောက်လာခဲ့ရင် ..

ကမ္ဘာ့ဖလားပြိုင်ပွဲကာလဆိုတော့ ကလပ်အသင်းတွေနဲ့ ပတ်သက်ပြီး ရေးစရာ အကြောင်းအရာ ရှားလှပါတယ်။ ဒီတော့ ဟုတ်တာနည်းနည်း ၊ မဟုတ်တာများများဆိုတဲ့ အပြောင်းအရွှေ့သတင်းတွေပဲ ကြားရတာ များပါတယ်။

ကိုယ့်အသင်းကလည်း သိတဲ့အတိုင်း ဘယ်လောက်ပဲ သတင်းထွက်ထွက် ၊ ကစားသမားကိုယ်တိုင်က လာချင်တယ်ပဲ ပြောပြော တကယ်ခေါ်ချင်မှ ခေါ်တတ်တာပါ ။ ပြီးခဲ့တဲ့နွေက တိုင်လီစ်မန်းနဲ့ တစ်ချိန်လုံးသတင်းတွေ ထွက်နေခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း အမ်းမရိတ်ကို လာချင်နေပေမယ့် အာဆင်နယ်က တိုင်လီစ်မန်းဆီရော ၊ လက်စတာအသင်းဆီပါ တရား၀င်ကမ်းလှမ်းမှု လုပ်ခဲ့တာမျိုးမရှိခဲ့ပါဘူး ။

ဒါပေမယ့် လာမယ့်ဇန်နဝါရီမှာ အာဆင်နယ် လူ၀ယ်မယ်ဆိုတာတော့ သေချာသလောက်ပါပဲ ။ ဘယ်သူတွေကို ခေါ်မလဲ၊ ဘယ်နှစ်ယောက်ခေါ်မလဲဆိုတာတော့ သေချာမသိရသေးပါဘူး။ ပရိသတ်တွေကတော့ အသင်းရဲ့ ကွင်းလယ် နဲ့ တိုက်စစ်ကို အင်အားဖြည့်တင်းစေလိုနေပါတယ်။ ဒီနေရာတွေက တကယ်လည်း အင်အားဖြည့်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ သတင်းထွက်နေတဲ့ ကစားသမားထဲမှာ ပါ၀င်လာသူတစ်ဦးကတော့ ချဲလ်ဆီးကစားသမား ပူလီဆစ်ပါပဲ ။ ပူလီဆစ်ဟာ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါ့ကြောင့် ပူလီဆစ်ဟာ မကြာခင်မှာ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာဖို့များနေပါတယ်။

လက်ရှိမှာ ပူလီဆစ်ဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ၁၈လ ကျန်ရှိနေသေးတာ ဖြစ်ပြီး သက်တမ်းတစ်နှစ်သာကျန်ရှိတော့မယ့် နွေရာသီအရောက်မှာ ချဲလ်ဆီးဟာ ပူလီဆစ်ကို ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။ ဒါ့ကြောင့် ပူလီဆစ်ကို လာမယ့်ဇန်နဝါရီမှာ ခေါ်ယူဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ယူဆရပါတယ်။

ဒီအခြေအနေကို အာဆင်နယ်က‌ စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ် ။ ကောလဟာလတွေအရ ပူလီဆစ်ကို စောင့်ကြည့်နေတဲ့ အသင်းတွေမှာ ဂန်းနားတွေအပြင် သရဲနီ နဲ့ ငှက်ကျားတွေလည်း ပါ၀င်နေတယ်လို့ သိရပါတယ် ။ ဒါ့ကြောင့် အာဆင်နယ်ဟာ ပူလီဆစ်ကို တကယ်ပဲ စိတ်၀င်စားတာဆိုရင် နယူးကာဆယ် ၊ ယူနိုက်တက်တို့နဲ့အပြိုင် ကြိုးစားရဖို့ ရှိနေပါတယ်။

ပူလီဆစ်လို့ ဆိုရင် ပရိတ်သတ်တွေစိတ်ထဲပြေးတွေးတာကတော့ ဒေါ့မွန်တုန်းက ပူလီဆစ်လား ၊ လန်ဒန်က ပူလီဆစ်လားဆိုတာပါပဲ။ ကစားရတဲ့ပွဲအရေအတွက် ၊ သွင်းဂိုးတွေကကွဲပြားခြင်းမရှိပေမယ့်လည်း  မကြာခနဒဏ်ရာရခြင်းကြောင့် သူ့ရဲ့ Potential ကိုအပြည့်အဝတော့မရခဲ့ပါဘူး။ ခြေစွမ်းနဲ့လုပ်ဆောင်နိုင်စွမ်းအရတော့ အာဆင်နယ်အသင်းကို အများကြီးပံ့ပိုးနိုင်တဲ့ Versatile Player တစ်ယောက်ပဲဖြစ်ပါတယ်။ အသက် ၂၄ နှစ်၊ ပွဲပေါင်း ၃၀၀ ကျော် ၊ ဂိုးပေါင်း ၇၀ နီးပါးဆိုတာ အာဆင်နယ်လိုအပ်နေတဲ့  မျှတတဲ့ ကိန်းဂဏန်းများလို့ပဲဆိုရပါမယ်။

ချဲလ်ဆီးနဲ့ ဒေါ့မွန်နည်းပြဟောင်း တူချယ်ကတော့ အခုလိုပဲ ပူလီဆစ်ကို မှတ်ချက်ပေးခဲ့ပါတယ်။

” ရဲရင့်တယ် ၊ တည်ငြိမ်တယ် .. ကွင်းထဲမှာ ဘာလုပ်ရမယ်ဆိုတာလဲ ကောင်းကောင်းသိတယ်၊ နောက်တချက်လုံးဝ မပြာဘူး။ စိတ်မလှုပ်ရှားတတ်ဘူး .. ဒီလို အရည်အသွေးတွေနဲ့ပြည့်နေတဲ့ ကစားသမားမျိုးပဲ ”

မတ်တာနာပြီးတဲ့နောက် နောက်ထပ် အမေရိကန်ကစားသမားတစ်ယောက် အမ်းမရိတ်ကို ရောက်လာမလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။ ရောက်လာရင်လဲ နှစ်သက်စရာဖြစ်မယ်လို့တော့ ကောက်ချက်ချရတာပါပဲ။

Advertisement

Leave a Reply

%d bloggers like this: