ဂန်းနားဆိုရင်ချစ်တဲ့ အဖွားအိုရဲ့ ပစ်မှတ်သစ်

အဘွားအိုအသင်းရဲ့ ဂန်းနားတွေအပေါ် မျက်စေ့ကျမှုကတော့ မပြီးသေးပါဘူး။


ပြီးခဲ့တဲ့နွေမှာ ဂျူဗင်တပ်ဟာ ဂါဘရီယယ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဘရာဇီးလ်သားဟာ အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်တာကြောင့် အမ်းမရိတ်မှာ ကာလရှည်ဆက်ရှိနေဖို့ သေချာသွားခဲ့ပါပြီ။ ဒါပေမယ့် တူရင်သားတွေဟာ နောက်ထပ်အာဆင်နယ်ကစားသမား တစ်ယောက်ကို ခေါ်ယူဖို့ ထပ်မံကြိုးစားလာဖွယ် ရှိနေပါတယ်။ အီတလီကလာတဲ့ သတင်းအချို့အရ စီးရီးအေထိပ်သီးတွေဟာ တိုမီယာဆုကို စိတ်၀င်စားနေတယ်လို့ သိရပါတယ်။

မနှစ်ကနွေမှာ အမ်းမရိတ်ကို ရောက်လာခဲ့တဲ့ တိုမီယာဆုဟာ အချိန်တိုအတွင်းမှာပဲ အသင်းရဲ့ အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။  အီမာဆင်ရွိုင်ယယ်ကိုစပါးကရသွားချိန်မှာ တိုမီဟာ သံသယပေါင်းများစွာနဲ့ပေါ့။ ဒါပေမယ့်  ၃ ပွဲလောက်အပြီးမှာပဲ အဲ့ဒီဇတ်လမ်းတွေငြိမ်းသွားခဲ့ပါတယ်။

 ဒီရာသီမှာတော့ အာတေတာဟာ ညာအစွန်ခံစစ်မှာ ဘန်ဝှိုက်ကိုပဲ အဓိက အသုံးပြုနေခဲ့ပြီး တိုမီယာဆုဟာ ဇင်ချန်ကိုမပါ၀င်နိုင်တဲ့ပွဲစဉ်တွေမှာ ဘယ်အစွန်ခံစစ်ကစားသမားအဖြစ် ကစားခွင့်ရထားပါတယ်။

လက်ရှိမှာ ဂျပန်သားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နိုင်ငံအသင်းနဲ့အတူ ကာတာကိုရောက်ရှိနေပါတယ် ။ ဂျာမနီကို အံ့ဖွယ်အနိုင်ရခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းမှာ တိုမီယာဆုဟာ လူစားလဲ၀င်ရောက် ကစားခဲ့ပါတယ် ။ သူ၀င်ရောက်လာခဲ့ပြီးနောက် အသင်းရဲ့ ခြေစွမ်းဟာ ပိုကောင်းလာခဲ့ပြီး ချေပဂိုး နဲ့ အနိုင်ဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ် ။

လာမယ့်အပြောင်းအရွှေ့တွေမှာတော့ ဂျူဗင်တပ်ဟာ တိုမီယာဆုကို ခေါ်ယူလာဖို့ ကြိုးစားလာဖွယ် ရှိနေပါတယ်။

ဒီလို အသင်းကို ပြန်လည်တည်ဆောက်နေတဲ့ အချိန်မှာ အသင်းရဲ့ အဓိကကစားသမားတွေကို လက်လွှတ်ခံလို့ လုံး၀မရပါဘူး။ တိုမီယာဆုဟာ လက်ရှိ အာဆင်နယ်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပေမယ့် ဘယ်အစွန် နဲ့ ညာအစွန်ခံစစ်နှစ်ခုစလုံးမှာ ကစားနိုင်သူဖြစ်တာကြောင့် အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေဆဲပါပဲ။ တိုမီဟာ အာတေတာအတွက် နည်းစနစ်အပြောင်းအလဲဖြစ်စေဖို့ အရေးကြီးတဲ့သူပါ။

တကယ်လို့ အသင်းရဲ့ ကစားသမားတစ်ဦးကိုသာ ထွက်ခွာခွင့်ပေးလိုက်မယ်ဆိုရင် အခြားကစားသမားတွေကိုပါ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ အချက်ပေးလိုက်သလို ဖြစ်မှာပါ။ 

အသင်းရဲ့ ကြယ်ပွင့်တွေဖြစ်တဲ့ ဆာကာ ၊ မာတင်နယ်လီ ၊ ဆလီဘာတို့ကို ဥရောပထိပ်သီး အသင်းတွေဟာ စိတ်၀င်စားလာဖို့ ရှိနေပါတယ်။ ခြေစွမ်းပြနေတဲ့အသင်းတစ်သင်းအဖို့ ဒီလိုအခြေအနေဟာ မထူးဆန်းပေမယ့်  အခက်ခဲဆုံးနှစ်တွေကို အတူတကွဖြတ်သန်းခဲ့ကြရတဲ့ ပရိတ်သတ်နဲ့ အသင်းအတွက်တော့ ဘာတစ်ခုမှ အထိမခံနိုင်တဲ့အခြေအနေပါပဲ။

ဒါပေမယ့်လည်း တိုမီကိစ္စက သတင်းသက်သက်ပဲလို့ယူဆလို့ရပါတယ်။ အီတလီသတင်းစာတွေက လက်တွေ့ဖြစ်သွားတဲ့သတင်းရှားပါတယ်။

Advertisement

Leave a Reply

%d bloggers like this: