ဆာကာ အားကျခဲ့ရတဲ့ စီနီယာများ

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ရိုနယ်လ်ဒို ကို အားကျတဲ့ လူငယ်လေးတွေဟာ ကမ္ဘာ့ဘောလုံးစင်မြင့်ပေါ်မှာ မရေတွက်နိုင်အောင်ရှိနေပြပြီး  အာဆင်နယ်အသင်းမှာလဲအတူတူပါပဲ။ အာဆင်နယ်ရဲ့ အသဲနှလုံး ငရုတ်သီးလေး ဆာကာကတော့ သူရဲ့ ကလေးဘ၀က အိုင်ဒေါလ်ဟာ စီရော်နယ်လ်ဒိုဖြစ်တယ်လို့ ၀န်ခံလာခဲ့ပါတယ်။

ဂါနာနဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ ပေါ်တူရီအတွက် အဖွင့်ဂိုးကို ပင်နယ်တီကနေ သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ငါးရပ်စလုံးမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ မန်ယူနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးဖြစ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသင်းသစ်တစ်သင်းကို ရှာဖွေဖို့ ရှိနေပါတယ်။ အာဆင်နယ်ကစားသမားဟောင်းတွေဖြစ်တဲ့ ဒေးဗစ်ဆီးမန်း နဲ့ ပီးယာ့စ်မော်ဂန်တို့ကတော့ အာဆင်နယ်အနေနဲ့ ရော်နယ်လ်ဒိုကို ကာလတိုစာချုပ်နဲ့ခေါ်ယူသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

ဒါပေမယ့် အမ်းမရိတ်ကို ရော်နယ်လ်ဒို ရောက်လာမယ်ဆိုရင် လက်ရှိအသင်းရဲ့ ပုံစံကောင်းကို ထိခိုက်စေနိုင်တယ် ဆိုတဲ့ သုံးသပ်ချက်တွေလဲရှိနေပါတယ်။ ဒါကို အီဒူး နဲ့ အာတေတာတို့လည်း ကောင်းကောင်းနားလည်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရီးရဲလ်မက်ဒရစ် ဂန္တ၀င်ဟာ အာဆင်နယ်ကို ရောက်လာဖို့ လုံး၀မဖြစ်နိုင်သလောက်ပါပဲ ။

ဒါပေမယ့်လည်း ဆာကာကတော့ သူအားကျအတုခိုးခဲ့ရတဲ့ ကစားသမားဟာ စီရော်နယ်လ်ဒိုဖြစ်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ 

ကျွန်တော်ရဲ့ ကလေးဘ၀က အကြိုက်ဆုံးကစားသမားဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုပါပဲ

အားလုံးက သူရဲ့ပုံစံကို အတုခိုးခဲ့တယ် သူ့လို အောင်ပွဲခံကြတယ်၊ ဒါပေမယ့် ရော်နယ်လ်ဒိုကို စံပြပုဂွိုလ်ထားပြီး ကိုယ့်ကိုယ်ကို တည်ဆောက်ရတာဟာ ခက်ခဲပါတယ် ဘာလို့လဲဆိုတော့ သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တာကြောင့်ပါ

သူရဲ့ အမြင့်ကြီးခုန်နိုင်တာတွေ ခေါင်းတိုက်ဘောတွေ သွင်းယူတဲ့ ပုံစံတွေ၊ ဒီလိုမျိုး အခြားသူတွေ လုပ်ဖို့ ခက်ခဲတဲ့အရာတွေ အများကြီးကို ရော်နယ်လ်ဒိုက လုပ်နိုင်ပါတယ် ကျွန်တော်ဟာ သူ့ကို စံပြပုဂ္ဂိုလ်အဖြစ်ထားပြီး ကြီးပြင်းလာခဲ့တာပါ

ဆက်လက်ပြီး ဆာကာဟာ အာဆင်နယ်ကစားသမား ဟောင်းတွေထဲမှာ သူကြိုက်တဲ့ ကစားသမားတွေအကြောင်း ပြောပြလာခဲ့ပါတယ်။ 

အာဆင်နယ်မှာဆိုရင်တော့ သီယာရီအွန်နရီလိုမျိုး ဟိုအရင် ဘောလုံးမျိုးဆက်က ကစားသမားတွေကို ကျွန်တော်သဘောကျပါတယ်။ သီယာရီကို ကျွန်တော် သဘောကျပါတယ်

ပြီးတော့ ကျွန်တော်က (ဆယ်ကျော်သက်ဘ၀ကတည်းက) အာဆင်နယ်မှာ ရှိနေခဲ့တာဆိုတော့ ကစားပွဲတွေ သွားလို့ရတယ်လေ အဲ့ဒီအချိန်တုန်း အလက်ဆစ်ဆန်းချက်ဇ်ကို ကျွန်တော်ကြိုက်ပါတယ်။ သူက ကျွန်တော်သဘောအကျဆုံး ကစားသမားတွေထဲက တစ်ဦးပါ လို့ ဆာကာက ဆိုပါတယ်။

စီနီယာတွေကို အားကျခဲ့ရတဲ့ ဆာကာ ကတော့ အသင်းရဲ့ အဓိက ကစားသမားဖြစ်နေခဲ့ပါပြီ။ နောင် ဆယ်စုနှစ်တွေမှာတော့  ကျွန်တော်  ဆာကာ ကိုအားကျခဲ့ပါတယ် ဆိုတဲ့ လူငယ်လေးတွေ အများကြီးရှိနေပါလိမ့်မယ်။ အထူးသဖြင့် အာဆင်နယ် အသင်းမှာပေါ့။

ဂန်းနားကြယ်ပွင့်လေးဟာ ကမ္ဘာ့ဖလားမှာလည်း ဆက်လက်တောက်ပလျှက်ရှိပါတယ်။

Advertisement

Leave a Reply

%d bloggers like this: