ဆာလီဘာဇာတ်လမ်းနဲ့ကျောရိုးတူနောက်ထပ်တပုဒ်

မာဆေးလ်မှာရောက်နေတဲ့ ကစားသမားတစ်ယောက်ကြောင့် ပရိတ်သတ်တွေစိတ်လှုပ်ရှားရတာက ယခုနှစ်မှာလည်း သံသရာလည်လို့လာပါတယ်။

လက်ရှိမှာ မာဆေးလ်ကို အငှားထွက်ကစားနေဝဲ့ တာဗာရက်စ်ရဲ့ အမ်းမရိတ်အနာဂတ်ကတော့ မသေချာမရေရာ ဖြစ်နေဆဲပါပဲ ။ လက်ရှိ အာဆင်နယ်ရဲ့ ဘယ်အစွန်ခံစစ်မှာ ဇင်ချန်ကို ၊ တီယာနေးလ်တို့ ရှိနေတဲ့ အပြင် အာတေတာဟာ တိုမီယာဆုကိုပါ ဘယ်အစွန်ခံစစ်ကစားသမား အဖြစ် အသုံးပြုနေတာ ဖြစ်ပါတယ်။ 

ဒါ့ကြောင့် လက်ရှိအသင်းရဲ့ ဘယ်အစွန်ခံစစ်မှာ ကစားနိုင်သူ သုံးယောက်အထိ ရှိနေပါတယ်။ ရာသီကုန်မှာ တာဗာရက်စ်ဟာ အမ်းမရိတ်ကို ပြန်လာရင် ပွဲထွက်ခွင့်တစ်နေရာရဖို့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။ အာဆင်နယ်ကတော့ တာဗာရက်စ်ကို နောက်ရာသီမှာလည်း အငှားဆက်ချသွားဖွယ် ရှိနေပါတယ်။ 

တဖက်မှာလည်း သခင်ကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ တာဗာရက်စ်ရဲ့ ခြေစွမ်းက ပြင်သစ်မြေမှာတော့ နတ်ရေကန်ထဲ ခုန်ချတဲ့အလားပါပဲ။ ကစားပုံ ကစားဟန် က အခုပုံစံအတိုင်းပဲဆိုပေမယ့် အမှားကင်းသွားတဲ့အခါ လုပ်တာတွေထိရောက်ပြီး မှတ်တမ်းတွေကောင်းနေပါတယ်။ ခေတ်သစ်ရဲ့ Inverted Wing Back တစ်ယောက်ဖြစ်လို့ စျေးကွက်ထဲမှာ ထင်သာမြင်သာရှိလွန်းလှပါတယ်။ ဒီအခြေအနေနဲ့ ဆက်စပ်ပြီး အပြောင်းအရွှေ့သတင်းတွေလဲထွက်ပေါ်လာပါတယ်။ အထူးသဖြင့် တူရင်မြေဆီကဖြစ်ပါတယ်။

အီတလီကလာတဲ့ သတင်းတွေအရ ဂျူဗင်တပ်စ်ဟာ တာဗာရက်စ်ကို ခေါ်ယူဖို့ ချဉ်းကပ်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နွေမှာ ဂါဘရီယယ်ကို ခေါ်ယူဖို့ လေသံပစ်ခဲ့ဖူးတဲ့ ဂျူဗင်တပ်ဟာ ဒီတစ်ကြိမ်မှာတော့ ဘယ်အစွန်ခံစစ်ကစားသမားတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး တာဗာရက်စ်ဟာ သူတို့ရဲ့ ပစ်မှတ်ကစားသမားစာရင်းထဲမှာ ပါ၀င်လာတာ ဖြစ်ပါတယ်။ 

ဂါဘရီယယ်ကတော့ မကြာသေးမီကပဲ အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်ဆိုထားတဲ့အပြင် ဈေးပေါပေါနဲ့ ခေါ်နိုင်တဲ့ ၊ အာသာမယ်လိုနဲ့ အလိုက်ပေးပြီး ဂျင်းထည့်ခေါ်နိုင်တဲ့ ကစားသမား မဟုတ်တာကြောင့် ဂျူဗင်တပ်ဟာ သူ့ကိုခေါ်ယူဖို့ ထပ်မံကြိုးစားလာဖွယ် မရှိနိုင်ပါဘူး။

တာဗာရက်စ်ဟာ လက်ရှိရာသီ မာဆေးလ်မှာ ပုံမှန်နေရာရနေတာကြောင့် ရာသီကုန်မှာ မာဆေးလ်ဟာ တာဗာရက်စ်ကို ခေါ်ယူဖို့ ကြိုးစားလာဖွယ်လည်း ရှိနေပြန်ပါတယ်။ ကစားသမားကလည်း ပုံမှန်ပွဲထွက်ခွင့် ရနေတဲ့ ပြင်သစ်မြေမှာ ဆက်ကစားဖို့ ဆန္ဒရှိနေမှာ အသေအချာပါပဲ။ 

ဒါ့‌ကြောင့် အာဆင်နယ်အနေနဲ့ တာဗာရက်စ်ကို  ပုံမှန်ပွဲထွက်ခွင့်တစ်နေရာ အာမခံချက်မပေးနိုင်ရင်  အသင်းမှာ ဆက်ထိန်းထားဖို့ အခက်အခဲ ရှိမှာ ဖြစ်ပါတယ်။လာမယ့်နွေမှာတော့ အသင်းဟာ ပေါ်တူဂီသားကို ထုတ်ရောင်းဖို့ ဆုံးဖြတ်လာနိုင်ချေရှိလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။ ဆာလီဘာပုံပြင်နဲ့အလားတူဇတ်လမ်းတစ်ပုဒ်ကိုတော့ ဂန်းနားပရိတ်သတ်တွေမြင်ရဦးမှာပါ။ ဘယ်လိုပဲအဖြေထွက်သည်ဖြစ်စေ နှစ်ဦးနှစ်ဖက် အဆင်ပြေချောမွေ့သွားဖို့ကသာ အရေးကြီးတယ်လို့ ယူဆရမှာပါပဲ။

Advertisement

Leave a Reply

%d bloggers like this: