မိုလီနော့ဇ် ကွင်းဟာ ဂန်းနားတို့အပါအဝင် အသင်းများစွာအတွက် ခက်ခဲတတ်ပါတယ်။ သို့သော် အာဆင်နယ်ဟာ ထိုအရာကို မနှစ်ကထဲက ခက်ခက်ခဲခဲ ကျော်ဖြတ်ပြခဲ့ပြီး အခုနှစ်မှာတော့ သက်သက်သာသာစွမ်းဆောင်ပြသွားခဲ့ပါတယ်။ ပွဲမစခင် ကစားခဲ့တဲ့ မန်စီးတီးပွဲမှာ လက်ရှိချန်ပီယံ ရလဒ်မကောင်းခဲ့လို ဒီပွဲဟာ ပရိတ်သတ်တွေအတွက်ပိုပြီး မျှော်လင့်စရာဖြစ်ခဲ့ပါတယ်။
အာဆင်နယ်တို့ဟာ လူစုံတက်စုံပွဲထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဂရန်းနစ်တစ်ယောက် မကျန်းမာခဲ့တာမို့ ပွဲအစပိုင်းမှာပဲ လူစားလဲခဲ့ရပါတယ်။ ခြုံပြောရရင် ဂန်းနားတို့အသာရခဲ့တဲ့ပွဲပါ။ သို့သော် ဝုဗ်တို့က အဆိပ်မရှိတဲ့အသင်း မဟုတ်သလို ၊ အကောင်းဆုံးလဲတုန့်ပြန်ပြခဲ့ပါတယ်။
အခုပွဲမှာ ဝုဗ်တို့အနေနဲ့ အာဆင်နယ်နောက်တန်းကို ထိုးဖောက်ဖို့ လုပ်သင့်တာတွေအကုန်လုပ်သွားခဲ့ပါတယ်။ ထရာအိုရေးလို မာကြောလှတဲ့ ကစားသမားနဲ့ ဗဟိုကနေ ဖိအားပေးထိုးစစ်ဆင်တာ ၊ တိုက်စစ်ကျွံတတ်တဲ့ အစွန်တွေကနေ လျှင်မြန်တဲ့ ကစားသမားတွေနဲ့ Counter Attacking ကစားတာ ၊ Through Ball တွေနဲ့ အမှားများတတ်တဲ့ ဂါဘရီယယ်ဖက်ကနေ Passing Lane ဖွင့်တာ ..စသည်ဖြင့် ဂန်းနားတို့ကို စနစ်တကျ တုန့်ပြန်ခဲ့ပါတယ်။ ဒါဆိုရင် ဘယ်အရာက သက်သက်သာသာနဲ့ အာဆင်နယ်ကို နိုင်ပွဲရစေခဲ့ပါသလဲ။
ဒီနေရာမှာ သက်သက်သာသာဆိုတဲ့ စကားလုံးက သဘောမတူစရာရှိကောင်းရှိပါလိမ့်မယ်။ ဂန်းနားတို့ဟာ ဘယ်လို Pattern တွေနဲ့ တဖက်အသင်းကို ထိုးဖောက်ရမယ်ဆိုတာကို အသားတကျရှိနေပါပြီ။ ဒီပုံစံဟာ အခုရာသီမှ စပြီးတည်ဆောက်တာမဟုတ်ပဲ အရင်ရာသီတွေထဲက ကစားနေတဲ့ပုံစံဖြစ်ပါတယ်။ ကစားသမားဟောင်းတွေရဲ့ ကိုယ့်အသင်း Play မှာ အသားကျလာမှု ၊ အသစ်ရောက်လာသူတွေရဲ့ အံဝင်မှုဟာ အာဆင်နယ်ကို ကိုယ်လုပ်စရာရှိတာလုပ်ရင်း နိုင်ပွဲတွေရနေစေတာပါ။ လက်ရှိကစားပုံမှာ အဆုံးသတ်သေချာတဲ့ Traditional Center Forward တစ်ဦးသာရောက်လာခဲရင် အာဆင်နယ် အခုထက် အဆများစွာပိုကောင်းလာမှာပါ။ အသင်းတိုင်းမှာ Signature Play ဆိုတာရှိပါတယ်။ အာဆင်နယ်မှာ အခုစပြီးမြင်နေရပါပြီ။ (ဒီအကြောင်း သီးသန့်ဆောင်းပါးရေးပါ့မယ်)
အာဆင်နယ်အသင်းနောက်တန်းကို ဝုဗ်တို့ ဒုက္ခပေးနိုင်ခဲ့သလို ဂိုးရဖို့ အခွင့်အရေးတွေလဲ နီးစပ်ခဲ့ပါတယ်။ ဆာလီဘာရဲ့ အမှားကနေ ဂီဒက်စ် ရသွားတဲ့အခွင့်အရေးက ပြီးခဲ့တဲ့နှစ်တုန်းကပေးလိုက်ရတဲ့ ဂိုးကိုလဲ ပြန်သတိရစေပါတယ်။ ဒီတစ်ကြိမ်မှာတော့ အလတ်ကောင်ရဲ့ ထိချက်သေးသေးလေးက ဘောလုံးလမ်းကြောင်းပြောင်းစေခဲ့ပါတယ်။ ဒါ့အပြင် ဘယ် ညာ နှစ်ဖက်ကနေလဲ ဝံပုလွေတို့ဟာ တော်တော်လေး ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ အဆုံးသတ်အဆင့်ထိမရောက်လိုက်ပေမယ့် ဂန်းနားတို့ သတိတချက်လွတ်တာနဲ့ပေးဆပ်သွားရမှာပါ။
ဒါပေမယ့် အထက်မှာဆိုခဲ့သလိုပဲ အာဆင်နယ်ရဲ့ Team Play ဟာ Functionally ကောင်းစွာ အလုပ်လုပ်နေတာဖြစ်လို့ အချိန်အများစုကို လွှမ်းမိုးနိုင်ခဲ့သလို ၊ ကြာလေလေ အားကောင်းလေလေဖြစ်လာခဲ့ပါတယ်။ ဂျေးဆူတစ်ယောက် ဂိုးကံခေနေဆဲဖြစ်ပေမယ့် သူ့ခြေထဲကနေ ဘောလုံးမဆုံးရှုံးတာဟာ ကစားပုံအတွက် အလွန်အထောက်အကူပြုခဲ့ပါတယ်။
ဇင်ချန်ကို ၊ မာတင်နယ်လီ၊ ဗီအဲရာ (အစာအဆိပ်သင့်တဲ့ ဂရန်းနစ်နေရာမှာလူစားဝင် ) တို့ရဲ့ ထိုးဖောက်မှုတွေဟာ လုပ်ရိုးလုပ်စဥ်ဆိုပေမယ့် ဝုဗ်တို့ ထိမ်းဖို့ အဖြေမရှိခဲ့ပါဘူး။ တကယ်လို့ Block လုပ်ပြီး ပေးစရာနေရာကို ပိတ်ထားရင်လဲ မာတင်နယ်လီနဲ့ ဇင်ချန်ကိုတို့ဟာ တစ်ကိုယ်တော်ထိုးဖောက်ပြီးတိုးဝင်မှာဖြစ်ပါတယ်။ ရသွားတဲ့ ဂိုးတွေဟာ ပုံစံတူဖြစ်ပြီး ၊ link up play ကနေ တဖက်အသင်းရဲ့ ခံစစ်မှာ လုပ်စရာကုန်သွားချိန်ထိ အာဆင်နယ်တို့က အရာရာကို အသင့်ရှိနေခဲ့တာဖြစ်ပါတယ်။ Opportunity Source အကုန်ကို ဂန်းနားတို့က သိမ်းထားခဲ့တာပါပဲ။
ဆာလီဘာ အနေနဲ့ အမှားတွေရှိနေတာကလည်း ပိုပြီးကောင်းမွန်တဲ့ အခြေအနေလို့ ကျွန်တော်က ယူဆပါတယ်။ ယခင်တုန်းက Peak Form ကိုရခဲ့တဲ့ နောက်ခံလူတွေဟာ ဘယ်လောက်ဖိအားများခဲ့ကြတယ်ဆိုတာ ကျွန်တော်တို့ အားလုံးမျက်ဝါးထင်ထင်မြင်ခဲ့ကြပြီးဖြစ်ပါတယ်။ အခုလို အမှားအမှန်ရောထွေးနေတာဟာ ကစားသမားတစ်ယောက်ရဲ့ သဘာဝကျတဲ့အခြေအနေဖြစ်ပြီး ၊ မလိုအပ်တဲ့ဖိအားတွေကိုလဲလျော့ကျစေပါတယ်။
၂ ဂိုးသွင်းသွားတဲ့ အိုဒီဂတ် ရဲ့ ကစားဟန်ကလည်း ဒီပွဲမှာ လိုအပ်နေတဲ့ အပေါက်ကို ဖြည့်ပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်ပုံစံဟာ အားသာချက်ရော အားနဲချက်ရော ရှိနေတတ်ကြောင်း မကြာခနဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့ပွဲမှာတော့ အသင်းရဲ့ Signature Attacking Style မှာသူ့ရဲ့နေရာယူမှုတွေက ဟာကွက်မရှိဖြစ်စေခဲ့ပြီး ကိုယ်တိုင်လဲ ဂိုးရနိုင်ခဲ့ပါတယ်။ ပထမဂိုးဟာ သူမရှိရင်လဲ ဆာကာအနေနဲ့ ပိတ်သွင်းနိုင်မှာဖြစ်ပေမယ် ၊ ဒုတိယဂိုးမှာတော့ တဖက်နောက်တန်းတွေအကုန် Marking မရှိတော့တဲ့နေရာမှာ သက်သက်သာသာပဲ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ကောင်းမွန်တဲ့အခိုက်အတန့်တွေရှိသေးပေမယ့် ပုံစံကောင်းရနေတဲ့အသင်းတစ်သင်းအတွက် ပုံမှန်ကိစ္စတွေဖြစ်လာပြီမို့ ချန်လှပ်ထားလိုက်ပါတော့မယ်။ တခုထဲကိုပဲကွက်ပြီး တခုတ်တရ ချီးကျူးရရင် ဘန်ဝှိုက်ရဲ့ အဝေးပေးချက်တွေပဲဖြစ်ပါတယ်။ ပိုပြီးကောင်းလာခဲ့ရင် ဂန်းနားတို့ဟာ နောက်တန်းကနေ ဂိုးဖန်တီးမယ့် Play Maker တစ်ဦးထပ်ရပြီလို့ပဲ ဆိုရတော့မှာပါ။
ယခုပွဲအနိုင်ကြောင့် အမှတ်ပေးဇယားကို ၅ မှတ်ထိ ဖြတ်ထားနိုင်ပြီဖြစ်ကာ ၊ World Cup Break ကို ဇယားထိပ်ကနေ နှုတ်ဆက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ တည်ဆောက်ခြင်းရဲ့ ရလဒ်ကို ထဲထဲဝင်ဝင် စတင်ခံစားနေရပြီလို့ပဲပြောရမှာပါပဲ။ အာဆင်နယ်ဟာ သူတို့လုပ်စရာရှိတာကိုလုပ်ရင်းပဲ ၃ မှတ်တွေကို စုဆောင်းနေပြီဖြစ်ပါတယ်။ ဟာသ မဟုတ်တော့တဲ့ Arsenal Branded ဆင်လေးကိုလဲ ကျွန်တော်တို့ ဆက်ပြီးမြင်တွေ့ရဖို့ရှိပါတယ်။