တက်ကြွခြင်းဟာ အရိုးရှင်းဆုံးဆွဲဆောင်မှု

ရမ်စ်ဒေးလ် Clean Sheet ရပြန်ပါပြီ။

ဒါက ကလပ်အသင်းဖက် ။ နိုင်ငံအသင်းဆီမှာလည်း တိုးတက်မှုနဲ့ပါ။ ရမ်စ်ဒေးလ်ဟာ အာဆင်နယ်အသင်းဖော်တွေဖြစ်တဲ့ ဆာကာ ၊ ဘန်ဝှိုက်တို့နဲ့အတူ လာမယ့်သီတင်းပတ်မှာ ကာတာကို ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ သူတို့သုံးယောက်လုံးအတွက် ကာတာကမ္ဘာ့ဖလားဟာ ပထမဆုံးအတွေ့အကြုံတစ်ခု ဖြစ်လာမှာပါ။  ကိုယ်တိုင်ဝင်ကစားရသည်ဖြစ်စေ ၊ အရံခုံမှာရှိနေသည်ဖြစ်စေ ပြုံးရွှင်တက်ကြွနေတဲ့မျက်နှာဟာ သူ့ရဲ့ အမှတ်အသားတွေထဲကတစ်ခုဖြစ်ပါတယ်။

လက်ရှိမှာ Three Lions ရဲ့ ပထမဦးစားပေးဂိုးသမားဟာ အဲဗာတန်ကစားသမား ဂျော်ဒန်ပစ်ဖို့ဒ်ဖြစ်ပါတယ်။ အာရွန်ရမ်စ်ဒေးလ်ကတော့ ပစ်ဖို့ဒ်ရဲ့နောက် ဒုတိယဦးစားပေး ဂိုးသမားအနေနဲ့သာ ရှိနေမှာ ဖြစ်ပါတယ်။

ရမ်စ်ဒေးလ်ဟာ မနှစ်ကနွေမှာ အမ်းမရိတ်ကို ရောက်လာခဲ့တာ ဖြစ်ပြီး အသင်းရဲ့ပထမဦးစားပေးနေရာကို လီနိုဆီကနေ အချိန်တိုအတွင်း လုယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့တဲ့ အင်္ဂလန်သားဟာ ဒီရာသီမှာလည်း လိဂ်ပွဲ၇ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ရောက်ကာစတုန်းက အချိန်တွေအကြောင်းကတော့ ထားလိုက်ပါတော့။ ခုချိန်မှာ ခပ်ဝေးဝေးက သမိုင်းတစ်ခုအဖြစ်သာရှိနေပါပြီ။ လက်ရှိမှာ သူဟာ အမ်းမရိတ်ရဲ့ အချစ်တော်ပါပဲ။

ဂန်းနားဟောင်း ဂျက်ဝီရှိုင်းယားကတော့ အင်္ဂလန်ရဲ့ ပထမဦးစားပေးဂိုးသမားဟာ အာရွန်ရမ်စ်ဒေးလ်ဖြစ်သင့်တယ်လို့ အခိုင်အမာဆိုလာခဲ့ပါတယ်။ Talk Sports ရဲ့ အားကစားအစီအစဉ်မှာ တင်ဆင်သူ ဒေးဗစ်အွန်းစတိန်းက ဂျက်ကို အင်္ဂလန်ရဲ့ ပထမဦးစားပေးရွေးချယ်ခိုင်းခဲ့ရာမှာ လူငယ်အသင်းနည်းပြတဖြစ်လဲ ဂန်းနားကွင်းလယ်လူဟောင်းကြီးက ရမ်ဒေးလ်ကို ရွေးချယ်ခဲ့ပါတယ်။

ဂျော်ဒန်ပစ်ဖိုဒ်ဟာ လက်ရွေးစင်အသင်းမှာ အတွေ့အကြုံများသူ တစ်ဦးဖြစ်ပေမယ့်လည်း ရမ်ဒေးလ်က keeper-sweeper ပုံစံမျိုးနဲ့ ကစားနိုင်ပြီး အသင်းရဲ့ ကစားကွက်မှာ ပိုပြီး အထောက်အကူ ပြုနိင်တဲ့ ကစားသမားမျိုး ဖြစ်တယ်လို့ ဝီရှီးယားက ဆိုပါတယ်။

ဒေးဗစ်အွန်းစတိန်းကတော့ ဝီရှီးယားရဲ့ ရွေးချယ်မှုအပေါ် တအံ့တဩဖြစ်ခဲ့ပြီး တကယ်ကြီးလား ဂျက်လို့ မေးခွန်းပြန်ထုတ်ခဲ့ပါတယ်။ သူသာ ဆိုရင်တော့ ပစ်ဖို့ဒ်ကိုပဲ ရွေးချယ်သွားမှာ ဖြစ်တယ်လို့ အွန်းစတိန်းက ဆိုပါတယ်။

ဆောက်ဂိတ်အနေနဲ့လည်း ကမ္ဘာ့ဖလားလိုပြိုင်ပွဲမှာ ရမ်ဒေးလ်ထက်စာရင် နိုင်ငံတကာ အတွေ့အကြုံများတဲ့ ပစ်ဖို့ဒ်ကိုပဲ ဦးစားပေး ရွေးချယ်လာဖို့ ရှိနေပါတယ်။

ရမ်စ်ဒေးလ်ကတော့ နောက်လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲနဲ့ ၂၀၂၈ ကမ္ဘာ့ဖလားလို ပြိုင်ပွဲတွေမှာ အခွင့်အရေးရလာဖို့ပဲ ကြိုးစားရမှာ ဖြစ်ပါတယ် ။ ကလပ်အသင်းမှာ တည်ငြိမ်တဲ့လက်စွမ်းတွေကို ဆက်လက်ပြသနေမယ်ဆိုရင် ပစ်ဖို့ဒ်ဆီကနေ ပွဲထွက်ခွင့်တစ်နေရာကို မကြာခင်မှာ လူယူလာနိုင်ဖို့ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်သူဟာ ဂိုးသမားကောင်းတစ်ယောက်ဆိုတာကိုတော့ မည်သည့်အသင်းကိုအားပေးသည်ဖြစ်စေ လက်ခံနေကြမှာ ဖြစ်ပါတယ်။

ပရိတ်သတ်အထင်အသေးခံရခြင်းကိုရရှိခဲ့ပေမယ့် ကြိုးစားအားထုတ်မှုကြောင့်လေးစားမှုကိုရရှိစပြုနေပြီဖြစ်တဲ့  ရမ်စ်ဒေးလ်ဟာ ရယ်ရွှင်ဖွယ်အပြုအမူတွေကြောင့်လဲ ချစ်ခင်ခြင်းကိုပါ သိမ်းပိုက်စပြုနေပြီဖြစ်ပါတယ်။ တက်ကြွတဲ့ပုံရိပ်ဟာ အရိုးရှင်းဆုံးသော ဆွဲဆောင်မှုဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ ရိုးရှင်းစွာပဲ သူ့ကို အမှတ်တရ​ရှိစေဖို့အားထုတ်တာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: