ကမ္ဘာ့ဖလားနဲ့ ဂန်းနားများ

ကမ္ဘာ့ဖလားကတော့ ရက်အနဲငယ်ပဲလိုပါတော့တယ်။

အာတီတာ ကတော့ သူရဲ့ကစားသမားအများအပြားကို ကာတာကို စေလွှတ်ရဖို့ ရှိနေပါတယ် ။ ဒီစာကို ရေးသားနေတဲ့အချိန်မှာ ဂန်းနားတို့ရဲ့ ပထမကစားသမားအားလုံးနီးပါးဖြစ်တဲ့  ဘန်ဝှိုက် ၊ ဆာလီဘာ၊  ရမ်ဒေးလ် ၊ ဆာကာ ၊ တိုမီယာဆု ၊ မာတင်နယ်လီ ၊ ဂျေးဆူ နဲ့ ရှာကာတို့ဟာ နိုင်ငံအသင်းတွေအတွက် ရွေးချယ်ခံရပြီး ဖြစ်ပါတယ်။ ဒီကစားသမားတွေအားလုံးက အသင်းရဲ့ အဓိကကစားသမားတွေပဲ ဖြစ်ပါတယ်။

‌သောမတ်စ်ပါတေးကလည်း ဂါနာမှာ ရွေးချယ်ခံရမှာ သေချာသလောက် ရှိနေပြန်ပါတယ်။ ဘန်ဝှိုက်ကလည်း နောက်ဆုံးမှာတေ့ ဆောက်ဂိတ်ရဲ့ လူစာရင်းမှာ ပါ၀င်လာခဲ့ပါတယ်။ ဒါ့ကြောင့် အာဆင်နယ်ဟာ ဂါဘရီယယ် ၊ အီုဒီဂတ် နဲ့ ဇင်ချန်ကိုတို့က လွဲလို့ ကျန်တဲ့ အသင်းရဲ့ အဓိကကစားသမားတွေကို အာဆင်နယ်ဟာ လက်လွှတ်ရမှာ ဖြစ်ပါတယ်။

ဂါဘရီယယ်ကတော့ လက်ရွေးစင်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပြီး အိုဒီဂတ် နဲ့ ဇင်ချန်ကို တို့ကတော့ သူတို့ရဲ့အသင်းတွေဟာ ကမ္ဘာ့ဖလာ၀င်ခွင့်နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ် ။

ဒီတော့ ကာတာမှာ ဘယ်ကစားသမားတွေဟာ အဓိက ပွဲထွက်ခွင့်ရမလဲ၊ ဘယ်လောက်ထိ ပွဲပန်းနိုင်ချေရှိလဲဆိုတာ တစ်ချက်ကြည့်ရအောင် ။

ဂျေးဆူ ၊ တိုမီယာဆု၊ ရှာကာ၊ ပါတေး ၊ ဆာကာတို့ဟာ နိုင်ငံအသင်းတွေရဲ့ အဓိကကစားသမားတွေ ဖြစ်လာမှာပါ။ ဆာလီဘာ ၊ မာတင်နယ်လီ ၊ ရမ်ဒေးလ်၊ ဘန်ဝှိုက် တို့ကတော့ အရန်ခုံမှာပဲ ထိုင်ရဖို့များနေပါတယ် ။ ဘရာဇီးလ်ဟာ ဒီရာသီမှာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာကြောင့် ဂျေးဆူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲချိန်အများ‌ဆုံးကစားရမယ့် ဂန်းနားဖြစ်လာဖို့ ရှိနေပါတယ်။

ဆာကာရဲ့ အင်္ဂလန်ဟာလည်း ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်အဆင့်အထိ အနည်းဆုံးတက်ရောက်နိုင်တဲ့ အသင်းဖြစ်တာကြောင့် ဆာကာဟာလည်း ဂျေးဆူပြီးရင် ပွဲချိန်အများဆုံးကစားရမယ့် ဂန်းနားဖြစ်လာနိုင်ပါတယ်။

တိုမီယာဆုရဲ့ ဂျပန် ၊ ရှာကာရဲ့ ဆွစ်ဇာလန် နဲ့ ပါတေးရဲ့ ဂါနာတို့ကတော့ ဘယ်အဆင့်ထိ တက်ရောက်လာနိုင်မလဲဆိုတာတော့  ခန့်မှန်းရခက်ပါတယ်။ သေချာတာကတော့ သူတို့ဟာ အုပ်စုပွဲစဉ်သုံးပွဲကို အပြည့်အ၀ ကစားရဖို့ ရှိနေတယ်ဆိုတာပါပဲ။

ဒီကစားသမားတွေထဲက တစ်ဦးဦးဟာ နိုင်ငံအသင်းတွေနဲ့အတူ ကစားရင်း ဒဏ်ရာရသွားခဲ့ရင် အာဆင်နယ်အတွက် ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ် ။ ဂျေးဆူသာ ဒဏ်ရာရသွားရင် ၊ ပါတေးသာ နာသွားရင် ဆိုတာဟာ ပရိသတ်တွေအတွက် အပူပန်ရဆုံးအတွေးဖြစ်လာမှာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲပြီးတဲ့အခါ ပွဲကြပ်ကာလတွေကို ‌ဖြတ်သန်းရမှာ ဖြစ်တဲ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းရဲ့ ကစားသမားတွေ ဘယ်လောက်ထိ ပွဲပန်းလာလဲ၊ ဒဏ်ရာပြဿနာကင်းကင်းစင်စင်နဲ့ ပြန်လာနိုင်သလဲဆိုတာဟာ အာဆင်နယ်ရဲ့ ချန်ပီယံအိပ်မက်ကို အဆုံးအဖြတ်ပေးလာနိုင်တဲ့ အချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။  အလွန်ပွဲကြပ်တဲ့ ဇန်နဝါရီဟာလည်း ကမ္ဘာ့ဖလားအလွန်မှာပဲ အာဆင်နယ်ကို စောင့်ကြိုနေပါတယ်။

လက်ရှိအသင်းရဲ့ အရန်လူစာရင်းကလည်း အားနည်းချက်တွေ ရှိနေဆဲပါပဲ။ဒီတော့ ဖွင့်နေကျ ဓာတ်ပြားဟောင်းကြီးပဲ ပြန်ဖွင့်ရမယ်ဆိုရင်တော့ လာမယ့် ဇန်နဝါရီမှာ အာဆင်နယ် လူ၀ယါရမယ်ဆိုတာပါပဲ။ လောလောဆယ်တော့ ယူကရိန်းတောင်ပံကစားသမား မူဒရစ် ကို စတင်လှုပ်ရှားနေပြီလို့ သတင်းများက ဆိုပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: