ချဲလ်ဆီးနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဂျေးဆုတစ်ယောက် ဂိုးပေါက်ပျောက်နေခဲ့တာ ကစားပွဲကိုးပွဲအထိရှိလာခဲ့ပါပြီ။ အောက်တိုဘာလအစမှ တော့တင်ဟမ်ဘက်ကို ဂိုးသွင်းပြီးကတည်းက ဘရာဇီးလ်တိုက်စစ်မှူးဟာ ဂိုးပေါက်ပျောက်နေခဲ့တာ ဖြစ်ပါတယ်။
ဂျေးဆူ ဒီလိုဂိုးတွေ မသွင်းနိုင်ပေမယ့် အသင်းကတော့ အနိုင်ရနေဆဲပါပဲ၊ သူကလည်း အသင်းအတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမားဖြစ်နေဆဲပါပဲ ။ ဒီတော့ တိုက်စစ်မှူးတစ်ယောက်က ဂိုးမသွင်းနိုင်ရင် ဘာများအသုံး၀င်ဦးမှာလဲလို့ မေးစရာ ရှိပါတယ်။
ဂျေးဆူဟာ ပုံမှန်တိုက်စစ်မှူးတစ်ယောက်နဲ့ ကွဲပြားတဲ့သူလို့ ဆိုရပါမယ်။သူဟာ အခြားတိုက်စစ်မှူးတွေလိုမျိုး ဂိုးဧရိယာထဲကနေ အသင်းဖော်တွေရဲ့ဖန်တီးမှုတွေ ၊ပေးပို့မှုတွေ စောင့်နေတဲ့သူမျိုး မဟုတ်ပါဘူး။ ပြိုင်ဘက်ခံစစ်ကစားသမားတွေကို ကွင်းလယ်လောက်ထိ ဆင်းပြီး ဖိအားပေး၊ ဘောလုံးလုယူရတာမျိုး ၊ ပြိုင်ဘက်ခံစစ်ကစားသမားတွေကို ကိုယ်တိုင်ကျော်ဖြတ်ပြီး ဂိုးသွင်းယူရတာ ၊ ကစားဖော်တွေအတွက် ဂိုးဖန်တီးရတာမျိုး ပိုပြီး နှစ်သက်တဲ့သူပါ။
သူ့ရဲ့ pressing လုပ်ပုံတွေ ၊ လုပ်အားနှုန်းတွေဟာ ပြိုင်ဘက်ကို အတော်လေး အလုပ်ရှုပ်၊ အမှားများစေခဲ့ပါတယ်။ ဒီလိုပြိုင်ဘက်ရဲ့ အမှားတွေ ၊ ခံစစ်နေရာလွတ်တွေဟာ သူရဲ့အသင်းဖော်တွေအတွက် တိုက်စစ်တင်ဖို့ နေရာလွတ်တွေ ၊ဂိုးသွင်းဖို့ အခွင့်အရေးတွေ ရစေခဲ့ပါတယ်။
ချဲလ်ဆီးလည်းပွဲမှာလည်း ဂျေးဆူဟာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂါဘရီယယ်ရဲ့ အနိုင်ဂိုးကို ဖန်တီးပေးမယ့် ထောင့်ကန်ဘောဟာ ဂျေးဆူဆီကနေ ဆင်းသက်လာခဲ့တာ ဖြစ်ပါတယ်။ သီယာဂိုးဆေးလ်ဗားဆီက ဂျေးဆူဘောလုံးလုပြီး တိုက်စစ်ဆင်ခဲ့ရာကနေ ထောင့်ကန်ဘောရရှိခဲ့တာ ဖြစ်ပါတယ်။
အားတီတာ ကလည်း ဂျေးဆုကို ပြီးခဲ့တဲ့နွေမှာ မန်စီးတီးကနေ ခေါ်ယူခဲ့တာဟာ တစ်ရာသီ ဂိုး၂၀နဲ့အထက် သွင်းယူဖို့အတွက် မဖြစ်နိုင်ပါဘူး။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ဘာတွေ လုပ်နိုင်စွမ်းရှိတယ်၊ သူ့ဆီကနေ ဘာတွေတောင်းဆိုရမလဲဆိုတာ စပိန်သားကြီးက ကောင်းကောင်းနားလည်ပါတယ်။
ဒါ့ကြောင့် အာဆင်နယ်ဂန္တ၀င် လော်ရန်က ဂျေးဆုနဲ့ ပတ်သက်ပြီး ခုလို မှတ်ချက်ပေးလာခဲ့ပါတယ်။
“ဂျေးဆူကို တနင်္ဂနွေနေ့မှာ ကျွန်တော်တွေ့တော့ သူဟာ တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်။ သူ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကွင်းလယ်လောက်ထိ ဆင်း၊ ချဲလ်ဆီးကစားသမား ၂ယောက် ၊ ၃ယောက်လောက်ကို ဆွဲခေါ်သွားခဲ့တဲ့ ပုံစံက အာဆင်နယ် ကွင်းလယ်ကစားသမားတွေ တိုက်စစ်ဆင်ဖို့ နေရာလွတ်တွေ ဖန်တီးပေးခဲ့ပါတယ်“
“သူရဲ့ လှုပ်ရှားပုံတွေ၊ ရွေ့လျားဟန်တွေက တကယ်ကို ထူးချွန်လွန်းပါတယ်။ သူပြေးသွားတဲ့အချိန်တိုင်း ပြိုင်ဘက်ခံစစ်ကစားသမားတွေက ခုလို တွေးနေပါလိမ့်မယ်– ဒီလူကဘယ်အချိန်မဆို ဂိုးသွင်းသွားနိုင်တယ်–လို့ပေါ့။ သူသာ ရာသီကုန်ထိ ကြံ့ခိုင်မှု ပြည့်နေမယ်ဆိုရင် အသင်းဟာ ချန်ပီယံပြေးလမ်းကြောင်းမှာ ရှိနေမယ်“ လို့ ဂန်းနားနောက်ခံလူဟောင်းကြီးက ဆိုပါတယ်။
ဂျေးဆူအနေနဲ့ သွင်းဂိုးတွေလည်း ပြန်လည်ရှာဖွေဖို့တော့ လိုအပ်နေပါသေးတယ်။ အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ပြတ်သားတဲ့အနိုင်ရလဒ်တွေကို များများစားစား မရှာဖွေနိုင်ခဲ့ပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၈ပွဲမှာ သွင်းဂိုး ၁ဂိုးသာ ရရှိခဲ့တဲ့ ပွဲစဉ် ၅ပွဲအထိ ရှိခဲ့ပြီး ခံစစ်က ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့လို့ ၄ပွဲအထိ အနိုင်ရရှိခဲ့ပါတယ်။
ဒါ့ကြောင့် လာမယ့်ပွဲစဉ်တွေမှာ အသင်းရဲ့ တိုက်စစ်မှူးတွေဆီက သွင်းဂိုးတွေ ပြန်လည် မြင်တွေ့ရဖို့တော့ လိုအပ်နေပါတယ်။