အမ်းမရိတ်အတွက်သာ လင်းခဲ့တဲ့ကြယ်

မနေ့က ကြေညာခဲ့တဲ့ ဘရာဇီးလ်အသင်းရဲ့ လူစာရင်းမှာတော့ အသင်းရဲ့ ဘရာဇီးလ်ကစားသမားတွေ ဖြစ်တဲ့ မာတင်နယ်လီ ၊ ဂျေးဆူတို့ဟာ ရွေးချယ်ခံခဲ့ရပြီး ဂါဘရီယယ်ကတော့ ချန်လှပ်ခံခဲ့ရပါတယ် ။ ဒီလောက်အတိုင်းအတာထိ ခြေစွမ်းပြနေတဲ့ပလေယာတစ်ယောက်မို့ အထူးအထွေစိတ်လှုပ်ရှားစရာမရှိပေမယ့် ၊ တိုက်စစ်သမားများပြားလွန်းတဲ့အသင်းဖြစ်လို့ ဂုဏ်ယူရတာပါပဲ။

လျှင်မြန်ပြီးအားပါတဲ့ကစားဟန် ၊ စိတ်ပိုင်းဖြတ်ထားတဲ့ မျက်နှာပြင်နဲ့ မာတင်နယ်လီဟာ နည်းပြတိုင်းသဘောကျတဲ့သူဖြစ်လာခဲ့ပါပြီ။ တဖက်အသင်းအတွက် အကြောက်တရားတစ်ခုဆိုရင်လည်း သဘောမတူသူရှိပါလိမ့်မယ်။ လိုအပ်ချက်တွေတော့ရှိသေးတာပေါ့လေ။

တိုက်စစ်ကစားသမားကောင်းတွေ အများအပြားရှိတဲ့ ဘရာဇီးလ်လက်ရွေးစင် အသင်းမှာ မာတင်နယ်လီ ခုလိုရွေးချယ်ခံခဲ့ရတာဟာ သူ့အတွက်ရော ၊ ဂန်းနားရပ်၀န်းတစ်ခုလုံးအတွက် လှပတဲ့အခိုက်အတန့် ဖြစ်ခဲ့ရပါတယ်။အသက်၁၈နှစ်အရွယ်မှာ ဘရာဇီးလ်ရဲ့ မထင်မရှားကလပ်လေးတစ်ခုက လာခဲ့တဲ့ ကောင်လေးဟာ အသက်၂၁နှစ်အရွယ်မှာတော့ မိခင်နိုင်ငံကို ကိုယ်စားပြုပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါ၀င်ဖို့ အခွင့်အရေး ရလာခဲ့ပါပြီ။

ထွန်းတောက်လူငယ်လေးတွေကို ကိုယ်အားပေးတဲ့အသင်းမှာ ပိုင်ဆိုင်ထားရတာ ဘောလုံးပရိတ်သတ်တစ်ဦးအတွက် သိပ်ကို ဂုဏ်ယူစရာပေါ့။ စပိန်ကလာတဲ့ သတင်းတွေအရ မာတင်နယ်လီကို ဘာစီလိုနာဟာ အာဆင်နယ်ထက် အရင်ခေါ်ယူဖို့ အခွင့်အရေး ရှိခဲ့သေးတယ်လို့ သိရပါတယ် ။ ၂၀၁၈မှာ အသက် ၁၇နှစ်အရွယ် မာတင်နယ်လီဟာ ဘာစီလိုနာရဲ့ လေ့ကျင့်ရေးကွင်းကိုရောက်လာပြီး ဘာစီလိုနာ B အသင်းနဲ့အတူ ရက်သတ္တပတ်အချို့ လေ့ကျင့်ခန်း ဆင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာကတော့ မာတင်နယ်လီဟာ အသင်းရဲ့ ကစားကွက်နဲ့ အံမ၀င်နိုင်ဘူးလို့ ယူဆခဲ့တာကြောင့်  သူ့ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့ပါတယ် ။ ဒါကြောင့် မာတင်နယ်လီဟာ သူရဲ့အသင်းဖြစ်တဲ့ အစ်တူယာနိုကို ပြန်သွားခဲ့ပြီး ၂၀၁၉မှာတော့ အာဆင်နယ်ဟာ သူ့ကို ‌ယူရို၉သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မာတင်နယ်လီဟာ ပြည်တွင်းပြိုင်ဖက် မန်ချက်စတာယူနိုက်တက် အသင်းကိုလည်း ခြေစွမ်းသွားရောက်စမ်းသပ်ခံဖူးသေးပေမယ့် ၊ ပေါ့ဘာနဲ့တွဲရိုက်ရတဲ့ ပုံတစ်ပုံသာ အဖတ်တင်ခဲ့ပါတယ်။ သို့သော် ဘရာဇီးသားလေးရဲ့ နောက်ဆုံးလိပ်စာဟာ အမ်းမရိတ်ဖြစ်ခဲ့ပြီး လန်ဒန်ကြယ်တစ်ပွင့်ဖြစ်ခဲ့ပါပြီ။

ကြားထဲမှာလဲ အနာတရကြောင့်အနားယူရတဲ့အခိုက်အတန့်မှာ အသင်းပြောင်းတော့မလားဆိုတဲ့စိုးရိမ်မှုတွေရှိခဲ့ရပေမယ့် အာတီတာ အနေနဲ့ သပ်သပ်ရပ်ရပ်ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဘရာဇီးလက်ရွေးစင်နည်းပြကြီးအတွက် အိပ်ပျက်ညတွေဖန်တီးပေးတဲ့သူဖြစ်လာတော့တာပါပဲ။ အဆုံးသတ်ကတော့ လက်ရွေးစင်စာရင်းမှာသူပါခဲ့ပါပြီ။

ကွင်းပြင်ပနေထိုင်မှုမှာလည်း မိသားစု ၊ Girlfriend တို့နဲ့အတူ တည်ငြိမ်စွာရှိနေတာကလည်း ပရိတ်သတ်တွေပိုပြီးကျေနပ်ရတဲ့အခိုက်အတန့်ဖြစ်ပါလိမ့်မယ်။ အခြားအသင်းပရိတ်သတ်တွေ မနာလိုရမယ့် အချိန်လို့ပဲ ဝင့်ဝင့်ကြွားကြွားလေးဆိုရမှာပါ။

ပြီးခဲ့တဲ့ရာသီမှာ စွမ်းဆောင်ရည်ကောင်းအချို့ကို ပြသနိုင်ခဲ့တဲ့ မာတင်နယ်လီဟာ ဒီရာသီမှာလည်း တိုးတက်မှုတွေ ဆက်လက်ပြသထားခဲ့ပြီး ဥရောပအသင်းကြီးတွေရဲ မျက်စိကျခြင်း ခံရတဲ့ လူငယ်ကြယ်ပွင့်လေးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ မာတင်နယ် နဲ့ အသင်းဟာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး လာမယ့်နှစ်သစ်မှာ သတင်းကောင်းကြားရဖို့ ရှိပါတယ် ။  သူ့စကားအတိုင်းဆိုရင် ဘောပင်တစ်ချောင်းပဲလိုတာမဟုတ်လား။

Advertisements
Advertisement

Leave a Reply

%d bloggers like this: