Editorial – ဘန်ဝှိုက်အကြောင်းဘယ်သူမှမပြောရင် ကျွန်တော်တို့ ပြောကြမယ်

အသင်းကိုရောက်လာတယ်။ ချီးကျူးမှုကိုမရ​ဘူး။ မတန်တဲ့စျေးနဲ့လို ပြောကြတယ်။ သာမန်အမှားလုပ်မိတယ်ဆိုရင်ပဲ ဆိုးရွားတဲ့ဝေဖန်မှုကိုရရှိစေတယ်။ လက်ရွေးစင်မှာ အရွေးမခံရဘူး။ အသင်းကလိုအပ်လာတော့နေရာသစ်ကို ရွေ့ကစားပေးတယ်။ လိုအပ်တိုင်းမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့အတူရှိနေတယ်။ ဒါက ဘန်ဝှိုက်ရဲ့ အကြောင်းအနှစ်ချုပ်ဖြစ်ပါတယ်။ ပရိတ်သတ်တွေဟာ သူ့ကို သဘောကျကြပါတယ်။ သို့သော် ကျွန်တော်ကတော့စိုးရိမ်ပါတယ်။ အကြောင်းကတော့ အသင်းအတွက်ပဲ​လုပ်ပေးရင်းသူ့အတွက် ဘာမှမကျန်မှာကိုပါ။

ပွဲတစ်ပွဲပြီးသွားတိုင်း  ပါတေးရဲ့ ပါးနပ်မှု ၊ ဆာလီဘာရဲ့ ရဲရင့်မှု ၊ မာတင်နယ်လီရဲ့ သန်မာမှု ၊ ဆာကာရဲ့ အဆုံးမရှိတိုးတက်မှုအပါအဝင်နေရာစုံက ကစားသမားတွေအကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။ ဒါပေမယ့် ဘန်ဝှိုက်ကိုတော့ ပြောဖြစ်တဲ့စကားသိပ်မရှိတတ်ပါဘူး။

ပေးဆပ်တတ်တဲ့ ကစားသမားတွေဆိုရင် ပရိတ်သတ်တွေသိပ်ချစ်ပါတယ်။ ဒါပေမယ် မေတ္တာဆိုတာအရေးကြီးသလို  ကစားသမားဘဝက အနားယူတဲ့အခါမှာ မှတ်တမ်းတွေ ၊ ဆုတံဆိပ်တွေကလည်းအရေးကြီးပါတယ်။ ဘန်ဝှိုက်ဟာ လိုအပ်ရင် တောင်ပံတိုက်စစ်ပါထွက်ကစားမယ့်သူမျိုးဖြစ်ပါတယ်။ သို့သော် ကျွန်တော်ကတော့ လိုအပ်သမျှလိုက်ဖြည့်ပေးရင်း ဂန်းနားဘဝခံယူထားတဲ့သူကို ကြည့်ပြီးစိတ်မသက်သာလှပါဘူး။ ဝင်ကူရင်းအမှားလုပ်မိရင်လဲ စောင့်နေကြတဲ့လက်ညှိးပေါင်းများစွာရှိပါတယ်။

သူအသင်းကို စရောက်လာကတည်းက  ကလောင်ရှင်တွေ ၊ Pundit တွေရဲ့ ခပ်ထေ့ထေ့ပြောဆိုမှုတွေ ၊ ဂန္တဝင်တွေရဲ့ဝေဖန်မှုတွေကို မကြာခနရပါတယ်။ သို့သော် ပြန်ချီးကျူးမှုကတော့ရှားပါးလွန်းပါတယ်။ ယခုနှစ် မတ်လတုန်းကဆိုရင် Goal ရဲ့ဆောင်းပါးရှင်း ချားလ်ဝက်စ် ကတော့ “ ဘန်ဝှိုက် သန်းငါးဆယ် မတန်ဘူးလို့ ဘယ်သူထင်သေးလဲ “ ဆိုပြီး ခပ်ရှည်ရှည်ဆောင်းပါးတစ်ပုဒ်နဲ့ကို ဆော်ပါတော့တယ်။  ဒါပေမယ့်လည်းသူ့ကိုဆိုရင်တော့ ချီးကျူးသံတွေ တိတ်နေဆဲပါပဲ။

ဒီရာသီမှာ ဘန်ဝှိုက်ခြေမပေါ်တဲ့ပွဲရှားပါတယ်။ အနိမ့်ဆုံးနေ့ဟာ Upper Average ခြေစွမ်း ဖြစ်ပြီး ပုံမှန်အားဖြင့်ထူးချွန်အဆင့်မှာ ရှိနေတတ်ပါတယ်။ တိုက်စစ်ကိုလိုက်ပါနိုင်သလို Ball Playing Sense အားကောင်းသူဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံမှာလဲ နွမ်းနယ်နေတာကို တွေ့ရပါတယ်။  အငြင်းပွားဖွယ်မရှိတဲ့အချက်တချက်ကတော့ သူက ဉာဏ်ရည်မြင့်ကစားသမားတစ်ဦးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဆိုတာ တန်ဖိုးသိပ်ရှိလွန်းတဲ့အရာဖြစ်ပါတယ်။ ဒီအရာသူ့မှာရှိပါတယ်။

ဘန်ဝှိုက်က Proactive သမားဖြစ်ပါတယ်။ ဒါကြောင့် သူ့ဆီကနေ အားမန်အပြည့်နဲ့ လိုက်လံကစားဟန်တွေမြင်ရဖို့ခက်ပါတယ်။ တဖက်ပြိုင်ဖက် ဘာလုပ်မယ်ဆိုတာ ကြိုခန့်မှန်းမယ်။ ပြီးရင် လုပ်ဆောင်မယ်။ များသောအားဖြင့် သူကြိုတွေးတာတွေက မှန်တာများပါတယ်။  အသင်းရဲ့ နောက်တန်းနေရာစုံမှာကစားနိုင်သလို နည်းစနစ်ပိုင်းမှာလဲ Alternative Option ပေါင်းများစွာကို ဖြစ်စေနိုင်သူပါ။  အလွန်ကိုမှ  Versatile ဖြစ်တဲ့ ဂန်းနားတစ်ယောက်ပါပဲ။ ဒါကပဲ သူ့ရဲ့အမှတ်အသားကို ပျောက်ကွယ်မှာစိုးရပြန်ပါတယ်။

ဒီဆောင်းပါးဟာ ခိုင်မာတဲ့အကြောင်းအရာများစွာတော့မပါဝင်ပါဘူး။ ရည်ရွယ်ချက်ကတော့ လိုအပ်သမျှကို မညီးမညူကစားပေးနေတဲ့ ဂန်းနားတစ်ယောက်အကြောင်းကို သတိတရ ရေးဖွဲ့ခြင်းသာဖြစ်ပါတယ်။ ဘန်ဝှိုက်ဟာ ဘယ်လောက်ပဲ ကောင်းမွန်အောင်ကစားနေပါစေ ချိးကျူးသံတွေနဲ့ ခပ်လှမ်းလှမ်းမှာရှိနေသလို လက်ရွေးစင်တံခါးကလဲ ငြိမ်သက်လွန်းခဲ့သူပါ။ ဒါပေမယ့် သူ့အကြောင်းကို ကျွန်တော်တို့ မပြောရင် ပြောမယ့်သူနဲပါတယ်။ ဒါကြောင့် ဘန်ဝှိုက်ကို ချီးကျူးဖို့အတွက် ကျွန်တော်တို့ အားလုံးမမေ့မလျော့ရှိနေဖို့လိုပါတယ်။

ဂန်းနားပရိတ်သတ်အချို့ရဲ့ခပ်ထေ့ထေ့ Comment တစ်ခုနဲ့ပဲ ဒီစာစုကိုအဆုံးသတ်ပါမယ်။

” ဘန်ဝှိုက်က သန်း ၅၀ နဲ့ မတန်ပါဘူး … ဒီထက်ပိုပေးရသင့်ပါတယ် ”

Advertisements
Advertisement

Leave a Reply

%d bloggers like this: