Sky Sports ရဲ့ ရုပ်သံတင်ဆက်သူဟောင်း တဖြစ်လဲ ၊ လက်ရှိ Bein Sports မှာ အလုပ်လုပ်နေတဲ့ ရစ်ချတ်ကီးစ်က အာတီတာကို အရေးယူဖို့ FA (အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်) ဆီ တောင်းဆိုလာခဲ့ပါတယ်။ ထုံးစံအတိုင်းဝေဖန်မှုဆိုတာထက် လုပ်ဆောင်ချက်ကိုပါတိုက်တွန်းပြီး စပိန်သားကို ဒဏ်ထိစေချင်နေပုံပါပဲ။
အာဆင်နယ်က ချဲလ်ဆီးကို အဝေးကွင်းမှာ (၁-၀)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ရစ်ချတ်ကီးစ်က tactical area (အသင်းကို ညွှန်ကြားအမိန့်ပေးနိုင်အောင် နည်းပြတွေအတွက် သတ်မှတ်ထားတဲ့ ဧရိယာ)ရဲ့ အပြင်မှာ ရှိနေတဲ့ အာတေးတားရဲ့ ဓာတ်ပုံနဲ့အတူ သူရဲ့ Twitter စာမျက်နှာမှာ ခုလို ရေးသားထားခဲ့ပါတယ်။
“ဘာလို့ ဒါကို သီတင်းပတ်တိုင်း ခွင့်ပြုနေရတာလဲ ၊ အာတေးတာက ပွဲတိုင်း သူရဲ့ tactical area အပြင်ဘက်မှာ ခုန်ပေါက်နေခဲ့တာပါ။ ပေါ်တာက သူရဲ့နေရာမှာပဲ ရှိနေတယ်၊ စတုတ္ထဒိုင်ကလည်း ဒီအတိုင်းကြည့်နေတယ် ။ ဒီလူကို တစ်ခုခု လုပ်ကြပါဦး“
ရစ်ချတ်ကီးစ်ဟာ အာဆင်နယ်ကို ခုလိုဝေဖန်ခဲ့တာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ရာသီအစမှ ဖူလ်ဟမ်ကို (၂-၁)ရလဒ်နဲ့ တကျော့ပြန်အနိုင်ယူခဲ့ပြီးနောက် အောင်ပွဲခံခဲ့တဲ့ အာတီတာ နဲ့ အာဆင်နယ်အသင်းသားတွေကိုလည်း ရစ်ချတ်ကီးစ်က ဝေဖန်ခဲ့ဖူးပါသေးတယ်။
“ဟုတ်ပါတယ်၊ သူတို့ကောင်းကောင်း ကစားခဲ့တယိ၊ အနိုင်ရလဒ်အတွက် တကျော့ပြန်လာနိုင်ခဲ့တယ်။ ၁၀၀ရာခိုင်နှုန်း နိုင်ပွဲရထားတာကို ဆက်ထိန်းထားနိုင်ခဲ့တယ် ၊ဒါပေမယ့် ဒီညမှာ သူတို့ ပရီးမီးယားလိဂ် ချန်ပီယံမဖြစ်သေးပါဘူး၊ လန်ဒန်ဒါဘီကို အနိုင်ရခဲ့ရုံပါ ၊ ဒီတော့ သိပ်အများကြီး အဟုတ်မှတ်နေလို့ မဖြစ်ပါဘူး၊ အခုမှ ပရီးမီးယားလိဂ်ပွဲစဉ်လေးပွဲပဲ ရှိပါသေးတယ်“
“မန်နေဂျာ (အာတီတာ)ကို ကြည့်လိုက်ဦးဗျာ၊ နောက်နေတာပဲ ဖြစ်ရမယ်၊ တန်းတက်လာတဲ့ ဖူလ်ဟမ်ကို (၂–၁)နဲ့အနိုင်ရပြီး သူတို့က ဒါကို အောင်ပွဲခံနေကြတာ ။ ကျွန်တော် ဒါကို နားမလည်နိုင်ဘူး ။ သူတို့ ဘာဆုဖလားမှ မရသေးပါဘူး ။ ဒါဟာ တကယ် စိတ်ပျက်ဖို့ကောင်းတယ်ဆိုတာ ကျွန်တော် မဖုံးထားနိုင်ပါဘူး ။ သူရဲ့လက်တွေကို လေရဟတ်တစ်ခုလို လည်နေတာပါ၊ ဘယ်သူမဆို သူအော်ဟစ်နေတာကို ကြားနိုင်ပါတယ်” လို့ ရစ်ချတ်ကီးစ်က ဝေဖန်ခဲ့ပါတယ်။
အကျိုးသင့် အကြောင်းသင့် ဝေဖန်ထောက်ပြမှုတွေကို လက်ခံရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ဂယ်ရီနဗီးလ်လိုမျိုး အာဆင်နယ် ဘာတွေပဲလုပ်ပြနေနေ ၊ top four မ၀င်နိုင်သေးဘူးလို့ ဖင်ပိတ်ငြင်းနေသူတွေ ၊ ရစ်ချတ်ကီးစ်လို့ ချီးကျူးစကားလေးတစ်ခုတောင်မဆိုနိုင်ပဲ ဝေဖန်တိုက်ခိုက်စရာတွေကိုပဲ ရှာဖွေနေမယ့်သူတွေ ရှိနေဦးမှာပါ။
ဘာပဲဖြစ်ဖြစ် ဆင်ပျံကြီးကတော့ ပရီးမီယားလိဂ်ပွဲစဉ် ၁၃ပွဲအပြီးမှာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ရှိနေဆဲပါပဲ။ အောင်ပွဲခံနေတုန်းလားလို့ လာလှောင်ပြောင်တဲ့အခါ အီယန်ရိုက်လိုမျိုး ” Still celebrating ” အောင်ပွဲခံနေတုန်းပဲလို့ ပြန်ပြောလိုက်ရုံပါပဲ။ ဂန်းနားတို့ခရီးက အရှိန်ရနေပါပြီ။ ဒီခရီးမှာ ကျွန်တော်တို့လဲ အတူတူပါဝင်ရပါလိမ့်မယ်။