အီဒူးဘာတွေလုပ်နေသလဲ?

ဂန်းနားတို့ဟာ ပြီးခဲ့တဲ့ နွေမှာကလည်းက အသင်းဟာ တောင်ပံတိုက်စစ်ကစားသမားတစ်ဦး ရှာပုံတော် ဖွင့်ခဲ့တာ ဖြစ်ပါတယ်။အသင်းနဲ့ အကျယ်လောင်ဆုံး သတင်းထွက်ခဲ့တဲ့ တောင်ပံလူက ရာဖင်ဟာ ဖြစ်ခဲ့ပေမယ့် ဘရာဇီးလ်သားဟာ ဘာစီလိုနာကိုပဲ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အပြောင်းအရွှေ့ရာသီတိုင်းမှာ ဇာတ်လမ်းကောင်းကောင်းတွေရှိတတ်တဲ့ အာဆင်နယ်ဟာ အခုရာသီမှာလည်း ပျက်ကွက်ခြင်းမရှိခဲ့ပါဘူး။

အာဆင်နယ်အသင်းအတွက် ကွင်းလယ်ကစားသမားများစွာကို ပရိတ်သတ်တွေက မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ လူငယ်တောင်ပံကြယ်ပွင့်ကစားစမားတစ်ဦးကို ရှာဖွေနေတယ်ဆိုတဲ့ သတင်းတွေကတော့ ဆက်ပြီး အားကောင်းနေခဲ့ပါတယ်။ ကိုဒီဂတ်ပို ၊ မူဒရစ် ၊ ထရော့ဆက်ဒ် စတဲ့ ကစားသမားအများအပြားနဲ့ အာဆင်နယ်ဟာ သတင်းထွက်နေခဲ့ပါတယ်။

အခြေအနေနဲ့ အခင်းအကျင်းများအရ လာမယ့်ဇန်နဝါရီမှာ ညာတောင်ပံတိုက်စစ်အတွက် ဆာကာနဲ့ယှဉ်ပြိုင်နိုင်မယ့် လူငယ်ကစားသမားတစ်ဦးကို  အီဒူး ခေါ်ယူဖို့ ကြိုးစားလာမယ်ဆိုတာ သေချာသလောက်ပါပဲ။ သတင်းရင်းမြစ်အချို့ကနေ အာဆင်နယ်ဟာ ကစားသမားတစ်ယောက်နဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီကစားသမားကတော့ ဂတ်ပို၊ ထရော့ဆက်ဒ် နဲ့ မူဒရစ်တို့ မဟုတ်ပဲ ဥရုဂွေးလက်ရွေးစင်ကစားသမား  ဖက်ကန်ဒိုတောရက်စ်ဆိုသူပဲ ဖြစ်ပါတယ်။

လက်ရှိ အော်လန်ဒိုစီးတီးမှာ ကစားနေတဲ့ အသက်၂၂နှစ်အရွယ် ကစားသမားဟာ အသင်းအတွက် ပွဲ၄၀ ကစားခဲ့ပြီးချိန်မှာ ၁၃ဂိုးသွင်း ၊ ၁၀ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။ ဥရုဂွေး ESPN က အာဆင်နယ်ရဲ့ ရေဒါအောက်မှာ ဥရုဂွေးသား ဖက်ကန်ဒိုတောရက်စ် ရှိနေတယ်လို့ ဆိုလာခဲ့ပြီး အသင်းရဲ့ တာ၀န်ရှိသူတွေ နဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေအကြား မကြာခင် ဆွေး‌နွေးမှုတွေ ပြုလုပ်တော့မှာ ဖြစ်တယ်လို့ အတည်ပြုလာခဲ့ပါတယ်။

အာဆင်နယ်ရဲ့ ဘရာဇီးလ်ကင်းထောက်ဖြစ်တဲ့ တိုနီလီမာနဲ့ ကစားသမားရဲ့ အေးဂျင့်တို့ဟာ လာမယ့်ရက်အနည်းငယ်အတွင်း အပြောင်းအရွှေ့အတွက် စကားပြောဖို့ ရှိနေတယ်လို့ သိရပါတယ်။ ကစားသမားကလည်း ပရီးမီးယားလိဂ်မှာ ကစားခွင့်ရမယ့် အခွင့်အရေးကို ငြင်းပယ်သွားမှာတော့ မဟုတ်ပါဘူး။

လီမာဟာ နာမည်ကျော် ဘရာဇီးလ်လူငယ်ကင်းထောက်ကစားသမားတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။ နေမာ၊ ကော်တင်ဟို စတဲ့ ဘရာဇီးလ်ကြယ်ပွင့်တွေကို ဥရောပဘောလုံးစင်မြင့်ဆီ ပို့ဆောင်ခဲ့သူလို့ ဆိုကြပါတယ်။ဆွေးနွေးမှုတွေတောင် မစတင်ရသေးတာကြောင့်  ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ရှိနေလားဆိုတာ မေးခွန်းထုတ်ဖို့တော့ စောနေပါသေးတယ်။ 

လက်ရှိမှာ ဆာကာက ဒဏ်ရာရနေပြီး နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ ဆာကာနေရာ ၀င်ကစားခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ နယ်လ်ဆင်ဟာလည်း နောက်ပွဲစဉ်တွေမှာ ဒီလိုမျိုး စွမ်းဆောင်ရည်တွေ ဆက်လက်ပြသနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။သူ့ရဲ့ စာချုပ်သက်တမ်းကလည်း အာဆင်နယ်နဲ့ ၉လသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အာတေးတားနဲ့အီဒူးတို့ဟာ ညာတောင်ပံတိုက်စစ်ကစားသမားတစ်ဦးကို မဖြစ်မနေရှာပုံတော် ဖွင့်ရတော့မှာ ဖြစ်ပါတယ်။ နယ်ဆင်ကတော့ တဖက်မှာ အာဆင်နယ်နဲ့ အမ်းမရီတ်စ်ကို ခွဲခွာလိုပုံမရပါဘူး။ သို့သော် သူ့ကို ဆက်ထားမယ်ဆိုရင်တောင် ကစားသမားသစ်လိုအပ်ချက်ကတော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။

ပရိတ်သတ်တွေကတော့ မျှော်ရုံပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: