နယိလ်ဆင်က အာဆင်နယ်မှ အာဆင်နယ် ဆိုတဲ့သူပါ – အီယန်ရိုက်

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဖီယင်နော့ကို ထွက်ကစားခဲ့ပြီး စွမ်းဆောင်ရည်ကောင်း အချို့ကို ပြသနိုင်ခဲ့တဲ့ နယ်လ်ဆင်ဟာ ပြီးခဲ့တဲ့နွေမှာတော့ အမ်းမရိတ်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာပြဿနာရှိနေခဲ့တဲ့ နယ်လ်ဆင်ဟာ အသင်းရဲ့ ရာသီကြိုပွဲစဉ်တွေနဲ့ ရာသီအစပွဲစဉ်တွေကို လွဲချော်ခဲ့ရပါတယ်။

အောက်တို့ဘာလအစမှာ ဒဏ်ရာကနေ ပြန်သက်သာခဲ့ပြီးနောက် နယ်လ်ဆင်ဟာ အသင်းရဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ ၀င်ကစားခဲ့ပေမယ့် ပြီးခဲ့တဲ့ weekend မတိုင်ခင်အထိတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပါ၀င်ခွင့်မရသေးပါဘူး။ တနင်္ဂနွေနေ့ညက နော်တင်ဟမ်ဖောရက်စ်ကို ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာတော့ နယ်လ်ဆင်ဟာ ပွဲချိန်အတွင်း ဒဏ်ရာရသွားတဲ့ ဆာကာရဲ့နေရာမှာ မမျှော်လင့်ပဲ ကစားခွင့်ရခဲ့ပါတယ်။

ဒီလို မ‌မျှော်လင့်ပဲ ရခဲ့တဲ့ အခွင့်အရေးကို နယ်လ်ဆင်ဟာ အမိအရ အသုံးချနိုင်ခဲ့ပါတယ်။ အသင်းအတွက် သွင်းဂိုးနှစ်ဂိုးကို သုံးမိနစ်အတွင်း သွင်းယူခဲ့သလို ပါတေးရဲ့သွင်းဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အာဆင်နယ်ဟာ (၅-၀)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နယ်လ်ဆင်ရဲ့ နာမည်ဟာ အသင်း ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေခဲ့ပါတယ်။

အာဆင်နယ် ဂန္တ၀င်ကစားသမားကြီးဖြစ်တဲ့ အီယန်ရိုက်ဟာ ဂန်းနားလူငယ်လေးကို ချီးကျူးလာခဲ့ပြီး နယ်လ်ဆင်ဟာ သူ့အပေါ် သံယယရှိနေတဲ့ သူတွေကို လျစ်လျူရှုပြီး သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

သူ့အတွက် ၀မ်းသာခဲ့ရပါတယ်။ သူနဲ့ သူ့ရဲ့အလုပ်ကြိုးစားမှုဟာ ချီးကျူးစရာပါ။ သူဒီမှာ ရှိနေခဲ့တာ အတော်ကြာပါပြီ။ သူအခုပဲ အသင်းကနေ ထွက်သွားသင့်တယ်၊ အငှားထွက်ကစားသင့်တယ်လို့ လူတွေက ပြောနေကြပါတယ်။ ဒါပေမယ့် သူထွက်မသွားခဲ့ဘူး။ မီခေးလ်အာတေးတားဟာ စိတ်၀င်စားစရာကောင်းတဲ့ ၊အလုပ်ကြိုးစားတဲ့သူတိုင်းကို အခွင့်အရေး တစ်ခုပေးပါတယ်။ ဒီအခွင့်အရေးကို သူရခဲ့ပြိး အသုံးလည်း ချနိုင်ခဲ့ပါတယ်

သူအလုပ်ကြိုးစားခဲ့တဲ့ အကျိုးကို ပြန်ခံစားခဲ့ရတာပါ။ ကျွန်တော် သူ့အတွက် ၀မ်းသာပါတယ်။ သူဟာ အာဆင်နယ်မှ အာဆင်နယ်ဆိုတဲ့ သူမျိုးပါ။ အာဆင်နယ်အတွက် အရမ်းကစားချင်တဲ့၊ ပထမပွဲထွက်လူစာရင်းမှာ အရမ်းပါချင်တဲ့ သူပါ။ ဒါဟာသူ့အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါပဲ လို့ အီယန်ရိုက်က ဆိုပါတယ်။

အာဆင်နယ်အကယ်ဒီထွက် နယ်လ်ဆင်ဟာ အသင်းကြီးအတွက် ပြိုင်ပွဲစုံ ၅၂ပွဲကစားခဲ့ကာ ၆ဂိုးသွင်း၊ ငါးကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့ပါတယ်။  ဆာကာတစ်ယောက်ပဲရှိနေတဲ့အခြေအနေမှာ အသင်းရဲ့ အကယ်ဒမီထွက်တစ်ယောက်ဆီက အခုလို စွမ်းဆောင်ရည်တွေကိုမြင်ရတာကလဲ ပရိတ်သတ်တွေအတွက် ဝမ်းသာစရာပဲဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: