Editorial – စတင်ခဲ့ပြီဖြစ်တဲ့ ဂန်းနားတို့အတွက် အကြပ်အတည်းကာလ

အာဆင်နယ်ဟာ ပြီးတဲ့ညမှာ ဒီရာသီ ဒုတိယမြောက် ရှုံးပွဲ၊ ပထမဆုံး ယူရိုပါလိဂ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါပြီ။ နယ်သာလန်မြေမှာ PSV ကို ရင်ဆိုင်ခဲ့ရာမှာ (၂-၀)ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး လူကျွံဘောတွေကြောင့် မဟုတ်ရင် ဒီ့ထက်ပိုဂိုးပြတ် ရှုံးနိမ့်သွားနိုင်ခဲ့မှာပါ။ ဒီရှုံးပွဲကြောင့် အာဆင်နယ်ဟာ အုပ်စုပထမနေရာအတွက် နောက်ထပ်ပွဲစဉ်တစ်ပွဲကို မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်သွားပါပြီ။

ပြီးခဲ့တဲ့ သီတင်းပတ် ဆောက်သမ်တန်ကို အမှတ်တွေဆုံးရှုံးခဲ့တဲ့ ပွဲစဉ်မှာ မြင်တွေ့ခဲ့ရတဲ့ အချက်ကိုပဲ ဒီပွဲစဉ်မှာ ထပ်ပြီး မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒါကတော့ အသင်းရဲ့အရန်လူစာရင်း တောင့်တင်းမှာ မရှိဘူးဆိုတာပါပဲ။ အယ်လ်နီနီ၊ စမစ်ရို၊ မာကွင်ဟိုစ်တို့ ဒဏ်ရာရနေတာကြောင့် အာတီတာ ဟာ PSVကို ရင်ဆိုင်မယ့် အသင်းရဲ့လူစာရင်းမှာ ကစားသမားအရေအတွက် ပြည့်မီအောင် အကယ်ဒမီက လူငယ်ကစားသမားလေးယောက်ကိုပါ ခေါ်ယူခဲ့ရပါတယ်။ တကယ်လို့ နည်းပြတစ်ယောက်အနေနဲ့ ဆုဖလားအပါအဝင် ပြိုင်ပွဲအရပ်ရပ်မှာ အောင်မြင်မှုလိုချင်နေတယ်ဆိုရင်တော့  ကိုယ့်ရဲ့ Capacity  ကိုပြန်သုံးသပ်ရမယ့်အခြေအနေပါပဲ။

အသင်းရဲ့ အဓိကကစားသမားတွေ ပွဲပန်းလာချိန်၊ သုံးရက်တစ်ပွဲ ဆက်တိုက်ကစားနေရချိန်မှာ အသင်းရဲ့ အရန်အင်အား မတောင့်တင်းမှုဟာ အာဆင်နယ်အတွက် ခရီးကြမ်းတစ်ခုကို အစပျိုးလာစေခဲ့ပါတယ်။

မန်ယူအသင်းကို အိုးထရက်ဖို့ဒ်မှာရှုံးခဲ့တဲ့ပွဲဟာ ၂ လနီးပါးကြာမြင့်ခဲ့ပါပြီ။ ပွဲပြီးပြီးခြင်းတုန်းက အငြင်းအခုံတွေရှိခဲ့ပေမယ့် ရက် ၆၀လောက်ရှိလာချိန်မှာတော့  အာဆင်နယ်ဟာ နိုင်ခြေရှိခဲ့တယ် ၊ ကောင်းစွာကစားနိုင်ခဲ့တယ် .. အာတီတာရဲ့ အောင်ပွဲခံလိုစိတ်လွန်ကဲမှုကြောင့်သာ  အရေးနိမ့်ခဲ့တယ်ဆိုတာကို ဘယ်အသင်းပရိတ်သတ်မဆို အတိုင်းအတာတစ်ခုထိ လက်ခံနိုင်ခဲ့ကြပြီဆိုတာ မြင်ရ​ပါတယ်။ အထူးသဖြင့် ပွဲပြီးကာစမှာ အပြတ်အသားပြောခဲ့တဲ့ ရွိုင်ကိန်းလိုလူတောင်  ဂန်းနားတို့ မညံ့ခဲ့တာကို ပြန်လည်ပြောခဲ့ပါပြီ။ ဒါပေမယ့် အာတီတာ သတိပြုရမှာက  မန်ယူနဲ့ပွဲက လောဘကြီးခဲ့တဲ့ အမှားသေးလေးတစ်ခုဟာ ပွဲတစ်ပွဲစာရှုံးနိမ့်မှုနဲ့ ပြီးခဲ့ပေမယ့် အခုလိုအချိန်မှာ ဆုံးဖြတ်ချက်မှားရင် ပေးဆပ်ရတာက တစ်ရာသီစာဖြစ်သွားနိုင်တယ်ဆိုတဲ့အချက်ပါပဲ။

ပွဲမစခင် ပွဲထွက်လူစာရင်း ထွက်လာကတည်းက ပရိသတ်တွေကို ရင်မအေးနိုင်စေခဲ့သူကတော့ ဆမ်ဘီလိုကွန်ဂါပါပဲ။ ကစားပွဲအတွင်းမှာလည်း ဘယ်လ်ဂျီယံသားရဲ့ ခြေစွမ်းဟာ အားကိုးရလောက်စရာ မရှိခဲ့ပဲ သူရဲ့ရှေ့မှာ ရှိနေတဲ့ အိုဒီဂတ်၊ ရှာကာတို့အတွက် အကူအညီမဖြစ်‌ခဲ့သလို နောက်တန်းကိုလည်း အကာအကွယ်မပေးနိုင်ခဲ့ပါဘူး။

Advertisements

ဒီလို လိုကွန်ဂါရဲ့ ယုံကြည်မှုအားနည်းနေတဲ့ ကစားဟန်ကြောင့် အသင်းရဲ့ ကွင်းလယ်ကစားပုံဟာ အတော်လေး အားနည်းသွားခဲ့ပြီး နောက်တန်းမှာလည်း ဆာလီဘာ၊ ဟိုးလ်ဒင်း၊ ရမ်စ်ဒေးလ်တို့ကို ပျာယာခတ်စေခဲ့ပြီး အမှားတွေ ပြုလုပ်စေခဲ့တာပါပဲ။

ယူရိုပါလိဂ်နောက်ဆုံးသုံးပွဲဆက် ဂိုးမပေးခဲ့ရတဲ့ မတ်တာနာ မပါ၀င်နိုင်ချိန်၊ ဒီရာသီ ယူရိုပါလိဂ်မှာ ပထမဆုံးကစားခွင့်ရခဲ့တဲ့ ရမ်စ်ဒေးလ်ကလည်း ဒီပွဲမှာ အမှားလုပ်ခဲ့ပြီး ဒီအမှားကနေ ပဲ ပီအက်စ်ဗွီရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။

ဟိုးလ်ဒင်းကလည်း ဒီအတိုင်းဆိုရင် ဆာလီဘာ၊ ဂါဘရီယယ်တို့ကို ပွဲထွက်ခွင့် တစ်နေရာအတွက် ယှဉ်ပြိုင်နိုင်စွမ်းမရှိသေးပါဘူး။

တိုက်စစ်မှာလည်း အန်ကက်တီးယားဟာ လုပ်အားနှုန်းရော ၊ နေရာယူပုံ ၊အဆုံးသတ်ပုံစတဲ့ နေရာတိုင်းမှာ အားနည်းချက်တွေ ရှိနေပါတယ်။ ဂျေးဆူမပါ၀င်နိုင်တဲ့ တိုက်စစ်ကို အန်ကက်တီယားက မဦးဆောင်နိုင်သလို ပါတေးမပါ၀င်တဲ့ ကွင်းလပ်ကွက်လပ်ကိုလည်း လိုကွန်ဂါက မဖြည့်စွက်ပေးနိုင်ဘူးဆိုတာကို ထပ်ပြီး သက်သေပြခဲ့တဲ့ ပွဲစဉ်တစ်ပွဲပါပဲ။

ဇန်နဝါရီမှာ လူ၀ယ်ဖို့ အီဒူးအတွက် ပေါင်သန်း၅၀ပဲ ထုတ်ပေးမယ်ဆိုတဲ့အချက်ကို အသင်းရဲ့ တာ၀န်ရှိသူတွေအနေနဲ့ ပြန်လည်စဉ်းစားသင့်ပါပြီ။ စစ်မျက်နှာနှစ်ခုဖွင့်ရမယ့် ဒီရာသီမှာ ဆက်လျှောက်ရမယ့် ခရီးက အများကြီးကျန်သေးပါသေးတယ်။ ခက်ခဲတဲ့ ခရီးကြမ်းတစ်ခုစလာပြီမို့ အာဆင်နယ်အနေနဲ့ မနှစ်ကလိုမ တစ်ပွဲရလဒ်မကောင်းတာနဲ့ နောက်ပိုင်းရလဒ်တွေပါ တောက်လျှောက် ဆိုးရွားတာမျိုး အဖြစ်ခံလို့မရပါဘူး။

တနင်္ဂနွေနေ့မှာ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ကန်ပြီး နိုင်ပွဲပြန်ရှာတွေ့နိုင်ဖို့ဟာ ရာသီတစ်ခုလုံးစာအတွက် အဓိက ကျလာခဲ့ပါပြီ။ ဒါ့အပြင် အာတီတာအနေနဲ့ လုပ်ဆောင်စရာရှိတာတွေအားလုံးကို အနိုင်ယူလိုနေတဲ့ ဆန္ဒရှိနေတယ်ဆိုရင် ပြန်သုံးသပ်ပြီး အရေးအကြီးဆုံးအချက် ၂ ချက်လောက်ကိုပဲ အာရုံစိုက်သင့်ပါတယ်။ ပရိတ်သတ်တစ်ယောက်အနေနဲ့ကတော့ ဆုဖလား တစ်ခုခု နဲ့ top 4 ကို သက်သက်သာသာဝင်မယ်ဆိုရင် ကြီးမားတဲ့တိုးတက်မှုလို့ကို လက်ခံနိုင်ပါပြီ။ လက်ရှိဂန်းနားတို့ရဲ့ လူစာရင်းဟာ ဇန်နဝါရီမှာ နှစ်ယောက်လောက် ရောက်လာခဲ့မယ်ဆိုရင်တောင်  ပွဲပေါင်း ၃၀ လောက်ကို သာ ဒေါင်ဒေါင်မြည်ဖြတ်သန်းနိုင်ဖို့စိတ်ချရတာမျိုးဖြစ်လို့ပါပဲ။

Outlined By Htunn Aung Lwin, Adapted By Ko Pyae

Advertisements
Advertisement

Leave a Reply

%d bloggers like this: