အရေးယူရန်မရှိဘူးလို့ FA ဆုံးဖြတ်

အာဆင်နယ်နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက အာဆင်နယ်ကို ပင်နယ်တီပြစ်ဒဏ်ဘော ပေးခဲ့ပြီးနောက် နှစ်ဖက်အသင်းကစားတွေကြား တင်းမာမှုတွေ ဖြစ်ခဲ့ပြီး ဂါဘရီယယ် နဲ့ ဟန်ဒါဆန်တို့ဟာ အပြန်အလှန် အော်ဟစ်ပြောဆိုရင်း အချင်းများခဲ့ကြပါတယ်။ ဟန်ဒါဆန်ဟာ လူတန်းစားခွဲခြားခဲ့တယ်လို့ ယူဆခဲ့တဲ့ ဂါဘရီယယ်ဟာ အကြီးအကျယ် ဒေါသထွက်နေပြီး  အသင်း‌ဖော်တွေကို အမြဲကာကွယ်ပေးတတ်တဲ့ ဂရင်းနစ်ရှာကာပါ ဒီရန်ပွဲထဲ ပါ၀င်လာခဲ့ပါတယ်။

ဒါ့ကြောင့် မိုက်ကယ်အိုလီဗာက ပွဲကို ခဏရပ်နားခဲ့ပြီး နစ်ဖက်အသင်းမန်နေဂျာတွေနဲ့ စကားပြောနေခဲ့ပါတယ်။ဒီနောက်မှာတော့ ပွဲကို ပြန်စတင်ခဲ့ပြီး ဆာကာက ပင်နယ်တီကို အမှားအယွင်းမရှိကန်သွင်းခဲ့ပါတယ်။ပွဲအပြီးမှာတော့ အာဆင်နယ်က (၃-၂)ဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်းအမ်းမရိတ်မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

 ပွဲအပြီးမှာတော့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းမေးမြန်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ ဟန်ဒါဆန်၊ ဂါဘရီယယ်တို့အပါအ၀င် အခြားကစားသမားခြောက်ဦးကိုပါ စုံစမ်းမေးမြန်းမှု‌တွေ ပြုလုပ်ခဲ့ပါတယ်။ ဖြစ်စဉ်မှာ ကစားသမားတွေ ဘာပြောခဲ့လဲဆိုတာ ဘာသာစကား ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖော်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒီလိုစစ်ဆေးမေးမြန်းမှုတွေ အပြီးမှာတော့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)က ဒီစွပ်စွဲမှုနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ သက်သေမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကစားသမားနှစ်ယောက်အပေါ် နောက်ထပ်စုံစမ်းအရေးယူမှုတွေ ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ကြေညာလာခဲ့ပါတယ်။

FA ရဲ့ ထုတ်ပြန်ချက်မှာ ခုလိုမျိုး ဖော်ပြထားပါတယ်။

အောက်တိုဘာ ၉ရက်နေ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ် နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်မှ စွပ်စွဲမှုတစ်ခုကို စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဒဏ်ကြေးတပ်အရေးယူမှုရမယ့် လုပ်ဆောင်မှုမျိုး မရှိဘူးလို့ FAက အတည်ပြုနိုင်ပါတယ်

ပွဲစဉ်အတွင်း ကစားသမားနှစ်‌ယောက်ကြား ထိပ်တိုက်တွေ့ဆုံခဲ့ရာကနေ တိုင်ကြားမှုတစ်ခုကို FA မှ လက်ခံရရှိခဲ့ပါတယ်။ တိုင်ကြားမှုအရ FA ဟာ စုံစမ်းစစ်ဆေးမှုကို အပြည့်အ၀ လုပ်ဆောင်ခဲ့ပါတယ်

စစ်ဆေးမှုမှာ စွပ်စွဲသူနဲ့ စွပ်စွဲခံရသူ ကစားသမားနှစ်ယောက်အပါအ၀င် အခြားကစားသမားခြောက်ဦးဆီကနေ မျက်မြင်သက်သေအထောက်အထားတွေကို ရယူခဲ့ပြီး ဖြစ်စဉ်ကို ရှုထောင့်ပေါင်းစုံကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေကို ကြည့်ရှုခဲ့ပြီး ဘာသာစကားဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေဆီကနေ အချက်အလက်တွေ ရယူခဲ့ပါတယ်။ ဘယ်လိုသက်သေအထောက်အထားကမှ စွပ်စွဲထားတဲ့ မှတ်ချက်စကားကို ပြောခဲ့တယ်လို့ သက်သေမပြနိုင်ခဲ့ပါဘူး။ စွပ်စွဲခံရသူကလည်း စုံစမ်းစစ်ဆေးနေတဲ့ တစ်ချိန်လုံးမှာ ဒီစွပ်စွဲချက်ကို ငြင်းပယ်ခဲ့ပါတယ်

ဒီစစ်ဆေးစုံစမ်းမှုကို ကောင်းမွန်တဲ့ယုံကြည်ချက်နဲ့ ပြုလုပ်နိုင်ခဲ့တာကြောင့် FA အနေနဲ့ လုံး၀ စိတ်ကျေနပ်မှု ရရှိပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ် အဖြေပေးစရာ မရှိတော့ပါဘူး လို့ FAက ထုတ်ပြန်ထားခဲ့ပါတယ်။

ယခုဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး ဆိုရှယ်မီဒီယာမှာ လှောင်ပြောင်မှုအချို့ထွက်ပေါ်လာခဲ့ပေမယ့် မည့်သည့်တရားဝင်ပြောဆိုမှုကိုမှတော့ မတွေ့ခဲ့ရပါဘူး။  အာတီတာကိုယ်တိုင်ကလဲ ဖြစ်စဥ်အပေါ်မှာ မှတ်ချက်ပေးခြင်းမပြုလုပ်ခဲ့ပဲ အခြေအနေတွေကို ကြည့်ရှုသွားမယ်လို့သာ ပြောဆိုခဲ့တာကြောင့် ယခု ကိစ္စကတော့ ဒီမှာပဲအဆုံးသတ်ပြီလို့ ဆိုရပါလိမ့်မယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: