“ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရပါလိမ့်မယ်” – အာတီတာ

ဒီရာသီ ပထမဆုံးသရေပွဲဟာ အာဆင်နယ် ပရိသတ်တွေကို ပျော်ရွှင်စေမှာတော့ မဟုတ်ပါဘူး။ မန်ယူ၊ချဲလ်ဆီး၊ လီဗာပူလ်းတို့ အမှတ်လျော့ခဲ့တဲ့ သီတင်းပတ်မှာ နိုင်ပွဲတစ်ပွဲရယူနိုင်ခဲ့ရင် သိပ်ချိုမြိန်ခဲ့မှာ ဆိုပေမယ့် ဒီညမှာ အသင်းဟာ သရေရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ပြိုင်ပွဲစုံ နောက်ဆုံး ကိုးပွဲဆက် ရှုံးပွဲမရှိသေးပေမယ့် ၈ပွဲဆက်အနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းကတော့ ဒီလောက်နဲ့ပဲ ရပ်တန့်ခဲ့ရပါတယ်။

ဒီရလဒ်ဟာ  အာတီတာ နဲ့ အသင်းသားတွေကို စိတ်ပျက်‌စေမှာ အမှန်ပါပဲ။ဒီပွဲကို အနိုင်ယူဖို့ အသင်းဟာ စိတ်အားထက်သန်နေပေမယ့် ပထမပိုင်းမှာ ရတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာ၊အဓိက ကစားသမားအချို့ ပွဲပန်းပြီး ခြေမပေါ်ခဲ့တာ၊ အရန်အင်အားတောင့်တင်းမှုမရှိတာနဲ့  အာတေးတားရဲ့ လိုအပ်ချက်ရှိခဲ့တဲ့ ဆုံးဖြတ်ချက်အချို့ဟာ ဒီလိုရလဒ်ကို ထွက်ပေါ်စေခဲ့တာပါ။ပြီးပြည့်စုံတဲ့သူဆိုတာ ဒီကမ္ဘာမှာ မရှိတာကြောင့် နောက်ပွဲစဉ်တွေအတွက် ပြင်ဆင်ဖို့ အသင်းအနေနဲ့ သင်ခန်းစာတွေရခဲ့တယ်လို့ပဲ ကျေနပ်ရမှာပါ။

ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေဟာ အာဆင်နယ်အတွက် မမျှတခဲ့ပါဘူး။ ဒါပေမယ့်လည်း ပွဲအပြီး အင်တာဗျူးမှာတော့ အာတီတာက ကိုယ့်ကိုယ်ပဲ အပြစ်တင်ရလိမ့်မယ်လို့ ဆိုလာခဲ့ပါတယ်။

ရမှတ်၂မှတ် ဆုံးရှုံးရနိုင်တယ်ဆိုတဲ့ ခံစားချက် ကျွန်တော့်မှာ ရှိခဲ့ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ကစားပွဲကို စခဲ့တဲ့ပုံစံ၊ ရခဲ့တဲ့ အခွင့်အရေးတွေကြောင့်ပေါ့။ ဒီအခွင့်အရေးတွေကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ပြတ်သားတဲ့ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့မှာပါ

ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ကိုယ်ပဲ အပြစ်တင်ရပါလိမ့်မယ်။ အသင်းရဲ့ ပထမပိုင်းကစားပုံ နဲ့ ဒုတိယပိုင်းကစားပုံက အရမ်းကို ခြားနားသွားခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့မှာ စိတ်ခွန်အားတွေ ပိုရှိခဲ့သင့်တယ်၊ ပိုပြီး တည်တည်ငြိမ်ငြိမ် ကစားနိုင်ခဲ့သင့်တယ် ဘောလုံးပိုင်ဆိုင်မှု ပိုရယူပြီး ကစားပွဲကို လုံး၀ထိန်းချုပ်နိုင်ခဲ့တဲ့ အချိန်မှာ ပြတ်သားတဲ့ရလဒ်တစ်ခု ဖော်ဆောင်နိုင်ခဲ့ရမှာပါ

ဒီနေ့ ကျွန်တော်တို့ အနိုင်ရခဲ့သင့်ပြီး ကိုယ့်ရဲ့ level ကို ဆက်ထိန်းသိမ်းထားနိုင်ခဲ့သင့်ပါတယ်၊ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဒီလို မလုပ်နိုင်ခဲ့ဘူး။ကျွန်တော်တို့ ကိုယ်ရဲ့ level ကို တဖန်ပြန်မြင့်အောင် လုပ်ရပါတော့မယ်

အပြုသဘောဆောင်ခဲ့တဲ့ အရာတွေတော့ ရှိခဲ့ပါတယ်၊ တကယ်လို့ ကစားပွဲတစ်ပွဲကို  မနိုင်နိုင်ဘူးဆိုရင် မရှူံးဖို့ပါပဲ။ လက်ရှိမှာ ကျွန်တော်တို့ ကစားနေရတဲ့ ပွဲအရေအတွက်တွေအရ  ဘယ်ကွင်းမှာ ကစားရသည်ဖြစ်စေ အရမ်းအခက်တွေ့ရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ပိုကောင်းအောင် တောင်းဆိုရပါလိမ့်မယ်လို့ စပိန်သားကြီးက ဆိုပါတယ်။

ဒါ့အပြင်အသင်းသားအားလုံးဟာ ယခုရလဒ်အပေါ်မှာ စိတ်ပျက်နေကြပြီး အကောင်းဆုံးပုံစံနဲ့ပြန်လာမှာဖြစ်ကြောင်းကတိပြုပြောကြားမှုတွေရှိနေကြပါတယ်။ ဂန်းနားတွေပွဲပမ်းနေကြတာတော့ သိသိသာသာပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: