Editorial – တာဝန်တချို့ပြီးဆုံးခဲ့ပြီဖြစ်တဲ့ အာတီတာ

(၁)

အာဆင်နယ်နဲ့အာတီတာဟာ တာထွက်ကောင်းနေပါတယ်။  တစနင်း  တစထောင်ဖြစ်နေခဲ့တဲ့အာဆင်နယ်အသင်းဟာ  သူနဲ့အတူ နှစ်အနဲငယ်အကြာမှာ ပုံစံကောင်းတစ်ခုကိုလဲရရှိနေပြီဖြစ်ပါတယ်။ ဒီအတွက် အာတီတာကို ချီးကျူးမှုတချို့လဲစတင်ရရှိနေပါပြီ။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတဲ့ကိစ္စကတော့ စပိန်သားဟာ ထင်ထားသလောက်အသိအမှတ်ပြုမှုကိုလဲမရသေးပါဘူး။ ချီးကျူးအသိအမှတ်ပြုမှုရှိနေသလို  အစောပိုင်းတုန်းက ဝေဖန်ထားကြသူတွေရဲ့  “ အချိန်တန်ရင် ပြုတ်ကျသွားမှာပါ “ ဆိုတဲ့ စောင့်ကြည့်မျက်လုံးတွေကလည်းအပြည့်ပါ။

အာတီတာဟာ တတိယရာသီမှာ အသိအမှတ်ပြုစရာအခြေအနေတစ်ခုကိုရယူပြခဲ့ပြီးနောက်  စတုထ္ထရာသီမှာတော့ အမြင့်ပျံပြမယ့် အရိပ်အယောင်တွေကို မြင်ရစပြုပါပြီ။ သူ့အခြေအနေဘယ်လိုရှိပါသလဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို နားစွင့်ကြည့်ရအောင်ပါ။

(၂)

အမှတ်ပေးဇယားအရ အာဆင်နယ်ရဲ့ လက်ရှိအနီးစပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးကတော့ အန်ဖီးလ်မှာ ကြိုးကြာနီတွေကို အရှုံးပေးခဲ့ရပါတယ်။ ဒါကြောင့်အာဆင်နယ်ဟာ လက်ရှိမှာ မန်စီးတီးကို လေးမှတ်ဖြတ်ကာ အမှတ်ပေးဇယားရဲ့ အဆင့်တစ်နေရာမှာ ရပ်တည်နေပြီး ဂန်းနားတွေဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်သူတွေဖြစ်တယ်ဆိုတဲ့ အသံတွေဟာ ပိုပြီးကျယ်လောင်လာခဲ့ပါတယ်။

ဒါပေမယ့် ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးလ်တို့ကတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်သူတွေအဖြစ် သတ်မှတ်ခြင်းမရှိသေးပါဘူး။မန်ယူဂန္တ၀င်တွေ‌က‌ မန်စီးတီးဟာ သူတို့ရဲ့ ချန်ပီယံသရဖူကို ဆက်ကာကွယ်သွားနိုင်မယ်လို့ ယုံကြည်နေပါတယ်။

Sky Sports ရဲ့ အားကစားအစီအစဉ်မှာ “မန်စီးတီးက ချန်ပီယံပြေးလမ်းကြောင်းပေါ် ဆက်ပြေးနေမှာလား” ဆိုတဲ့ မေးခွန်းကို ဂယ်ရီနဗီးလ်က ခုလိုတုံ့ပြန်ခဲ့ပါတယ်။

သူတို့ ချန်ပီယံပြေးလမ်းကြောင်းပေါ် ဆက်ရှိနေပါတယ်။ဒီပွဲစဉ်က ဒီအချက်ကို မပြောင်းလဲစေခဲ့ပါဘူး။အန်ဖီးလ်မှာ ကစားရတာဟာ တကယ်ကို ခက်ခဲပြီး မန်စီးတီးအတွက် အန်ဖီးလ်မှာ ကစားရတာဟာ အခက်ခဲဆုံးပဲလို့ ကျွန်တော်ထင်ပါတယ်

မန်စီးတီးဟာ ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ ဆက်ပြေးနေဦးမှာပါ။အာဆင်နယ်ကတော့ (ထိပ်သီးလေးသင်းစာရင်း၀င်ဖို့ပဲ) တော့တင်ဟမ်၊ချဲလ်ဆီး၊မန်ယူ၊နယူးကာဆယ်တို့နဲ့ အဓိကယှဉ်ပြိုင်ရပါလိမ့်မယ်။မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ မဟုတ်ပါဘူး

ဒီရာသီက (အရင်နှစ်တွေနဲ့) အများကြီးကွဲပြားတဲ့ ဘောလုံးရာသီပါ။ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးရင် လက်ရှိအခြေအနေတွေဟာ လုံး၀ ကွဲပြားသွားနိုင်ပါတယ်လို့ ဆိုပါတယ်။

နဗီးလ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ အာဆင်နယ်ဟာ ထိပ်သီးလေးသင်းစာရင်း မ၀င်နိုင်သေးဘူးလို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

Advertisements

(၃)

ရွိုင်ကိန်းကတော့ အာတီတာနဲ့ အာဆင်နယ်တို့ရဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြုသွားခဲ့ပေမယ့် ဂန်းနားတွေဟာ မန်စီးတီးကို မယှဉ်ပြိုင်နိုင်သေးဘူးလို့ ဆိုလာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေမှာ ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့တာကို ရွိုင်ကိန်းက ချီးကျူးခဲ့ပြီး အမ်းမရိတ်ဟာလည်း ခံစားချက်ကောင်းတွေ ရစေတဲ့နေရာလို့ ဆိုပါတယ်။လိဒ်စ်တိုက်စစ်မှူး ဘန်းဖို့ဒ် ပင်နယ်တီ လွဲခဲ့တဲ့အချက်ကို ထောက်ပြခဲ့ပြီး အာဆင်နယ်ဟာ ကံကြမ္မာရဲ့ မျက်နှာ‌သာ‌ပေးမှုအချို့ ရခဲ့တယ်လို့ မှတ်ချက်ပေးလာခဲ့ပါတယ်။

ချန်ပီယံဆုကို မန်စီးတီးပဲရမယ်လို့ပဲ ကျွန်တော်ထင်နေပါတယ်။အာဆင်နယ်က ဒီရာသီကို ကောင်းကောင်း တာထွက်ထားနိုင်ခဲ့ပါတယ်၊ဒါပေမယ့် ခရီးအရှည်ကြီးသွားဖို့ ကျန်နေပါသေးတယ်။ခင်ဗျားဆိုလည်း မန်စီးတီးနဲ့ဆန့်ကျင်ဘက်အသင်းကို ချန်ပီယံဖြစ်မယ်လို့ လောင်းကြေးထပ်ချင်မှာ မဟုတ်ပါဘူး။ပြီးခဲ့တဲ့ရာသီတွေမှာလည်း မန်စီးတီးက ဗိုလ်စွဲခဲ့ပြီး သူတို့ဟာ အရမ်း၊အရမ်း အားကောင်းနေပါတယ်

အာဆင်နယ်ဟာ ဒီရာသီမှာ တိုးတက်လာခဲ့တယ်။ပြီးခဲ့တဲ့နွေမှာ သူတို့ခေါ်ခဲ့တဲ့ ကစားသမားတွေက တကယ်ကောင်းပါတယ်။သူတို့ဟာ အရှိန်တစ်ခု ရလာပြီး ခံစားချက်ကောင်းတွေ ပေးတဲ့ အိမ်ကွင်းလည်း ရှိနေပါတယ်၊သူတို့မှာ စွမ်းအားတွေ အများကြီးရှိနေတယ်

ဒီနေ့လည်း ပြိုင်ဘက်က ပင်နယ်တီလွဲခဲ့ပြီး အာဆင်နယ်ကို ကံကောင်းစေခဲ့ပါတယ်။ဒါပေမယ့် ဘယ်သူမဆို ချန်ပီယံဆုအတွက် မန်စီးတီးကို ပိုသဘောကျမှာပါလို့ သရဲနီကပ္ပတိန်ဟောင်းက ဆိုပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိတယ် ဒါမှမဟုတ် မစိန်ခေါ်နိုင်သေးဘူးဆိုတဲ့ အကြောင်းအရာဟာ လတ်တလောမှာ ငြင်းခုန်စရာအကောင်းဆုံး ခေါင်းစဉ်တွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ဂယ်ရီနဗီးလ်လို အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့်ရဖို့တောင် ရုန်းကန်ရလိမ့်မယ်လို့ မှတ်ချက်ပေးတဲ့သူလည်း ရှိနေပြန်ပါတယ်။ (နောက်မှပြောင်းလဲသွားတာတပိုင်း)

အာတီတာဟာ ပြိုင်ဖက်တွေရဲ့ နှိမ့်ချလှောင်ပြောင်မှုကို ရရှိသလို  ၊ အာဆင်နယ်အားပေးသူအချင်းချင်းရဲ့ အထင်သေးမှုကိုလည်း အထူးရရှိခဲ့ပါတယ်။ ရှေ့မှီနောက်မှီပရိတ်သတ်များရဲ့ သူ့အပေါ်ပေးတဲ့မှတ်ချက်ဟာ တော်တော်လေးကိုဆိုးရွားတာတွေရှိပါတယ်။ ပြည်တွင်းက ဆိုရှယ်မီဒီယာတွေမှာ အလွယ်တကူမြင်နိုင်သလို ကမ္ဘာ့အဆင့်တွေထဲမှာဆိုရင်လဲ  ပီးယားမော်ဂန်က ထိပ်ဆုံးကဖြစ်ခဲ့တာပါ။ အခုတော့မော်ဂန်က လူသိရှင်ကြားသူ့ကိုချီးကျူးခဲ့ပါပြီ။  အမြဲတန်းအနှုတ်လက္ခဏာဆောင်သူထံက အပြုသဘောဆောင်မှတ်ချက်ရပေမယ့်  အခြားသောသူတွေထံက အာတီတာနဲ့ပတ်သတ်တဲ့ ကောင်းခြင်းဆိုးခြင်းမှတ်ချက်တွေကတော့ဆက်ရှိနေဆဲပါ။

ဒီငြင်းခုံမှု‌ထဲမှာ လတ်လတ်ဆတ်ဆတ် ပါ၀င်လာခဲ့သူကတော့ ဂန်းနားဟောင်း ဖြစ်တဲ့ ဂျာမိန်းပန်းနန့်ပါပဲ။ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် အာဆင်နယ်ရဲ့ ပုံစံကောင်းတွေဟာ ယိုယွင်းလာမယ်လို့ ပန်းနန့်က ယုံကြည်နေပါတယ်။

ခရစ္စမတ်ပြီးရင်ပေါ့၊ အာဆင်နယ်ဟာ တဖြည်းဖြည်းနဲ့ ပြိုလဲသွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ မနှစ်က ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ သူတို့ လွဲချော်ခဲ့သလိုပေါ့ဗျာ။ လက်ရှိ ပရီးမီးယား ပထမဆုံး ပွဲစဉ်ဆယ်ပွဲ အပြီးမှာ ကျွန်တော်တို့က အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်ကို အများကြီး ချီးကျူးနေကြပါတယ်

ဒါပေမယ့် သူတို့ ဒီပုံစံကောင်းကို ဆက်ထိန်းထားနိုင်မလားဆိုတာ အရေးကြီးပါတယ်။ ခရစ္စမတ်ပြီးရင် သူတို့ ဒီလိုမျိုး ဆက်နိုင်နေဦးမှာလား။ရာသီအစမှာ အမြင့်ပျံနေပြီး ခရစ္စမတ်ရောက်တဲ့အခါ ကစားပွဲတွေ ကြပ်လာတာနဲ့အမျှ အလွယ်တကူ ခြေချော်သွားတဲ့ အသင်းတွေကို ကျွန်‌တော်တို့ အများကြီး တွေ့ခဲ့ဖူးပါတယ် လို့ ပန်းနန့်က ဆိုပါတယ်။

အာဆင်နယ်ဟာ လက်ရှိ ပုံစံကောင်းကို တည်တည်ငြိမ်ငြိမ် ဆက်ထိန်းထားနိုင်မယ်လို့ သံသယ၀င်နေ‌တဲ့ ပန်းနန့်ဟာ အာဆင်နယ်ကို အကောင်းဆုံး ပြန်လည်တည်ဆောက်ခဲ့တဲ့ အာတီတာကိုတော့ ချီးကျူးစကား ဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ရာသီ၊သုံးရာသီလောက်က အာဆင်နယ် ရှိနေတဲ့နေရာနဲ့ လက်ရှိ သူတို့ရောက်နေတဲ့နေရာကို ယှဉ်ကြည့်မယ်ဆိုရင် အာတီတာ လုပ်ပြခဲ့တာက တကယ်ကို အံ့ဩဖို့ ကောင်းပါတယ် လို့ ပန်းနန့်က ဆိုပါတယ်။

(၄)

စာရေးသူဟာ အာတီတာရဲ့ အရည်အချင်းနဲ့ပတ်သတ်ပြီး မှတ်ချက်ပေးလေ့ရှိပေမယ့် သူရဲ့အောင်မြင်မှု ၊ ခရီးရောက်ရှိမှုတွေနဲ့စပ်လျဥ်းလို့ကတော့ အပြီးသတ်မှတ်ချက်မပေးတာများပါတယ်။ ဒါကလည်း ကိုယ်တိုင်သေချာမသိတာရော ၊ Sensitive Issue ဖြစ်လို့ အမှားမပါအောင်ဂရုစိုက်တာရောကြောင့်ဖြစ်ပါတယ်။ ဒီရာသီမှာ သူ့ရဲ့အသင်းဟာ အဆင့်အတန်းတစ်ခုကိုသေချာပေါက်ရောက်နေတာကို အသိအမှတ်ပြုကိုပြုရတော့မှာဖြစ်ပါတယ်။

သူနဲ့နှိုင်းယှဥ်ပြီးပြောခံရလေ့ရှိသူတွေတစ်ဦးပြီးတစ်ဦး ပရီးမီးယားလိဂ်ကနေထွက်ခွာသွားခဲ့ရပြီးပါပြီ။ သူကတော့ ပိုင်ရှင်တွေရဲ့ ယုံကြည်မှုကိုဆက်လက်ရရှိပြီး လုပ်စရာရှိတာကိုလုပ်ဆဲဖြစ်ပါတယ်။  ဒီနှစ်ရာသီမှာ အာဆင်နယ်အသင်းဘယ်လောက်ထိခရီးရောက်နိုင်မလဲ ?? ဒီမေးခွန်းက ရေပန်းစားစပြုလာခဲ့ပါပြီ။

အာဆင်နယ်ရဲ့ ကစားအင်အားတောင့်တင်းမှု မရှိတာဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အခက်အခဲတွေ့စေလိမ့်မယ်လို့ အီဗရာကတော့ သတိပေးလာခဲ့ပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးကို ယှဉ်ပြိုင်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အခွင့်အရေးမရှိဘူးလို့ ပြတ်ပြတ်သားသား ဆိုတဲ့ ဂယ်ရီနဗီးလ်ထက်စာရင် အီဗရာရဲ့ သုံးသပ်ချက်က လက်ခံနိုင်စရာ ရှိပါတယ်။

အာဆင်နယ်ကို အများကြီးလေးစားမိတဲ့ အကြောင်း ကျွန်တော် လူတွေကိုပြောမိပါတယ်။ ပရီးမီးယားလိဂ်ဟာ တာတိုပြေးပွဲမဟုတ်ပဲ မာရသွန်ပြေးပွဲပါ။ ကျွန်တော်စိုးရိမ်တာက အာဆင်နယ်ရဲ့ အရန်လူစာရင်းပါပဲ၊ ဇန်နဝါရီမှာတော့ သူတို့ ကစားသမားတွေ ၀ယ်မယ်လို့ မျှော်လင့်မိပါတယ် ၊သူတို့ ချန်ပီယံဆုကို တကယ်စိန်ခေါ်ချင်တယ် ဆိုရင်ပေါ့

သူတို့ရဲ့ အဓိက ဦးစားပေးက ပြီးခဲ့တဲ့နွေနဲ့ အတူတူပဲဖြစ်မယ်လို့ ထင်ပါတယ်၊ ကွင်းလယ်နဲ့ တောင်ပံကစားတစ်ယောက်‌ပေါ့ ၊ဒါပေမယ့် ဒါကလည်း ဈေးကွက်ထဲမှာ ရနိုင်တဲ့အခွင့်အရေးပေါ် မူတည်နေသလို မှန်ကန်တဲ့ကစားသမားကို သူတို့ရှာတွေ့မလားဆိုတဲ့အပေါ်လည်း မူတည်နေတယ် လို့ သရဲနီဟောင်းကြီးက ဆိုပါတယ်။ ဒါက အာဆင်နယ်ရဲ့ အခြေအနေအရပ်ရပ်ကို ညွန်ပြနေတယ်လို့ဆိုရပါလိမ့်မယ်။ ဂန်းနားတို့ဟာ အကောင်းဆုံးဖြစ်ဖို့  ထပ်ပေါင်းမှုတွေကို လုပ်ဆောင်ဖို့သာလိုပါတော့တယ်။ အခြေခံကောင်းတစ်ခုရရှိနေတာကိုတော့ အီဗရာရဲ့ စကားထဲမှာ အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။

(၅)

ဆောင်းပါးအစကို ပြန်သွားရအောင်။

ဒီခရီးဟာ ပေါက်ရောက်ခဲ့ပြီဆိုတာကိုတော့ ကျွန်တော်တို့ ငြင်းမရတော့ဘူးထင်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ဆီမှာတုန်းက ရလဒ်တွေဆိုးနေတဲ့ ၊ အသင်းစည်းလုံးမှုပျက်ယွင်းနေတဲ့ ၊ ဦးတည်ချက်မဲ့နေတဲ့ ၊ အထိန်းအကွပ်မရှိတဲ့အသင်းတစ်သင်းဟာ  ရာသီဝက်တခါ နဲ့ ရာသီပြည့် ၂ ခါအပြီးမှာတော့ တန်းဝင်လာခဲ့ပါပြီ။ ဂရန်းနစ်ရှာခါတစ်ယောက်ခြေစွမ်းပြနေတာ ၊ ကောလာဟာလများစွာနဲ့ ဆာလီဘာလည်းအသင်းရဲ့ အဓိကလူဖြစ်လာတာ၊ လှောင်ပြောင်ခံခဲ့ရတဲ့ ခေါ်ယူမှုတွေက အားကျစရာတွေဖြစ်လာတာ .. စသည်ဖြင့် အာတီတာရောက်တဲ့ခရီးတွေများခဲ့ပါပြီ။

အာဆင်နယ်ဟာ ရှုံးပွဲတွေဆက်ပြီး အဆင့် ၁ ကနေ ကျသွားကောင်းကျသွားနိုင်ပါတယ်။ ရာသီကုန်မှာလဲ အဆင့် ၄ ရဲ့ပြင်ပမှာ ရောက်ကောင်းရောက်နေပါလိမ့်မယ်။ ဒါပေမယ့် ထိုအချက်တွေက သီးသန့်ကိစ္စများဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ သပွတ်အူလိုဖြစ်နေတဲ့ ၊ အသင်းက အသင်းနဲ့မတူပဲ လျော့ရဲနေတဲ့ ၊ စိတ်ပါလက်ပါကန်တဲ့သူတယောက်တလေလောက်ကွင်းထဲမှာရှိနေရင်ပဲ ပျော်နေရတဲ့ အခြေအနေကနေရုန်းထရတာကလည်း ကြီးမားတဲ့ တာဝန်ဖြစ်ပါတယ်။

ကိုယ်ရေးကိုယ်တာခံစားချက်အရပြောရရင် မန်ချက်စတာယူနိုက်တက်မှာ ရိုနယ်ဒို နဲ့ တန်ဟက် ပြဿနာဖြစ်တဲ့အခါ တန်ဟက်ဖက်ကနေ ရပ်တည်သူတွေများတော့ အာတီတာအတွက်စိတ်မကောင်းဖြစ်မိပါတယ်။ ကပ္ပတိန်ဟောင်း အူဘာနဲ့ အာတီတာပြဿနာဟာလည်း တိုက်ရိုက်ပုံစံမတူပေမယ့် ယူနိုက်တက်ကိစ္စနဲ့ တနည်းတဖုံတော့ နီးစပ်ပါတယ်။ အာတီတာနဲ့ တန်ဟက်တို့ရဲ့ တုန့်ပြန်ပုံတွေကလည်းဆင်တူပါတယ်။  ဒါပေမယ့် အာတီတာဟာ အာဏာရှင် ၊ နာမည်ကျော်တွေကို မကိုင်တွယ်နို်င်သူ စသည်ဖြင့် အာဆင်နယ်ပရိတ်သတ်တွေရဲ့ ထိုးနှက်မှုကိုပါ ရရှိခဲ့ပါတယ်။ တန်ဟက်ကတော့ ဆုံးဖြတ်ချက်ပြတ်သားသူအဖြစ်ပုံဖော်ခံရပါတယ်။

အာတီတာဟာ အသင်းကြီးနည်းပြအဖြစ်မှတ်တန်းမရှိခဲ့သူဖြစ်ပြီး ဒီအချက်ကိုလဲ သူ့ကို မကြိုက်သူတွေက များစွာထောက်ပြကြပါတယ်။ Second Rated ဒုတိယတန်းစားအဆင့်ပဲရှိတယ်ဆိုတဲ့ သတ်မှတ်ချက်တွေကနေ  သင်ယူစရာရှိတာသင်ယူရင်းအာတီတာဟာ ဒီနေ့အခြေအနေထိရောက်လာပါပြီ။ နည်းပြတစ်ယောက်မှားတတ်တဲ့အမှားကိုတောင် သိပ်မှားခွင့်မရတဲ့ စပိန်သားဟာ  အသင်းကို အသင်းနဲ့တူအောင်တော့ တည်ဆောက်ပေးခဲ့ပြီဖြစ်ပါတယ်။

သူနဲ့အာဆင်နယ်ဘယ်အချိန်ထိခရီးဆက်မလဲ မသိနိုင်ပေမယ့် ကျွန်တော်ကတော့ ခရီးစဥ်တဝက်ကိုတော့ အောင်မြင်ခဲ့ပြီလို့ ယူဆပါတယ်။ ပြိုလဲနေတဲ့ အဖွဲ့အစည်းတစ်ခုကို ခိုင်မာတဲ့  Core Value တစ်ခုပြန်လည်တည်ဆောက်ခြင်းအဆင့်အထိကို အာတီတာဟာ အောင်မြင်ခဲ့ပါပြီ။  အခုအချိန်မှာ အခြားနည်းပြတစ်ယောက်က လက်လွှဲယူမယ်ဆိုရင်တောင် ထိုနည်းပြဟာ ပိုမိုတိုးတက်ဖို့ကိုသာ အာရုံစိုက်ရဖို့ရှိပါတယ်။ အရှုတ်တွေရှင်းတာနဲ့ ဖယိုဖရဲအခြေအနေကို ထိမ်းကြောင်းတာတွေဟာ သူ့လက်ထက်မှာ ပြေလည်ခဲ့ပါပြီ။ အာဆင်နယ်အသင်းရဲ့ ပြန်လည်တည်ဆောက်ခြင်းက ခရီးစတင်နေခဲ့ပါပြီ။

ဒီနေရာကိုရောက်တော့ Old School Fan အချို့ဟာ စာရေးသူကို “ဘောလုံးပွဲမကြည့်ဖူးသူ” အဖြစ်မှတ်ချက်ပေးကောင်းပေးလာနိုင်ပါတယ်။ ပြဿနာတော့သိပ်မရှိလှပါဘူး။ အာတီတာလည်း ဒီလိုအခြေအနေတွေနဲ့ပဲ လုံးပန်းနေရတာမဟုတ်လား။ ထိုအမြင်တွေက သူဖြတ်သန်းခဲ့ရတဲ့ မိုင်တိုင်တွေပဲဖြစ်ပါတယ်။ လောလောဆယ်သူနဲ့ တန်းတူ / ခေတ်ပြိုင်တွေမလုပ်နိုင်တာကို သူလုပ်ပြထားတာကတော့ အားလုံးအမြင်ပဲဖြစ်ပါတယ်။ အချို့သတင်းတွေမှာဆိုရင် ” အာတီတာကို အချိန်ပေးသလို အချိန်ပေးဖို့ ” ဆိုတာမျိုးရေးသားနေကြပါပြီ။

လုပ်ငန်းစဥ်ဟာ ဆက်လက် အလုပ်ဖြစ်နေသလို  ၊ အလုပ်တွေလဲ ပြီးမြောက်သင့်သလောက် ပြီးမြောက်ခဲ့ပါပြီ။ ပန်းတိုင်တော့ မရောက်သေးပေမယ့်ပေါ့။ ကျွန်တော်တို့ အနေနဲ့ကတော့ ၊ အထူးသဖြင့် ပရိတ်သတ်တွေအနေနဲ့ အာတီတာကို စိတ်ချလက်ချ ချီးကျူးလို့ရပါပြီ။  လန်ဒန်မှာတောင် သူ့နာမည်ကို သီချင်းလုပ်ဆိုနေကြပြီမဟုတ်လား။

News by Htunn Aung Lwin, Adapted by Ko Pyae

Advertisements
Advertisement

Leave a Reply

%d bloggers like this: