အာတီတာနဲ့ ပွဲပြီးအင်တာဗျူး

အာဆင်နယ်ရဲ့ ချန်ပီယံအိပ်မက်နဲ့ချန်ပီယံလိဂ်၀င်ခွင့်တွေကို အတိုင်းအတာတစ်ခုအထိ အဆုံးအဖြတ်ပေးလာနိုင်တဲ့ အောက်တိုဘာဟာ တစ်၀က်ကျိုးခဲ့ပါပြီ။ ပြိုင်ပွဲကလည်း လေးပုံတစ်ပုံ ကျိုးလာခဲ့ပြီဖြစ်ပေမယ့် အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေဆဲပါ။

ဒီပွဲမှာ အသင်းရဲ့ ခြေစွမ်း အကောင်းကြီးမဟုတ်ခဲ့ပေမယ့် အနိုင်သုံးမှတ်ရခဲ့တာဟာ သိပ်ကို အဖိုးတန်ခဲ့ပါတယ်။တနင်္ဂနွေည ပွဲစဉ်အပြီး၊ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ရမှာ အာတီတာ ဘာတွေပြောခဲ့သလဲဆိုတာ တစ်ချက်လောက် ကြည့်လိုက်ရအောင်ဗျာ

ဒုတိယပိုင်းမှာ ကစားပွဲက အရမ်းပြင်းထန်ခက်ခဲခဲ့တဲ့အပေါ်

“ပထမပိုင်းရောပါပဲ။ဒီမှာ ကစားရတာဟာ အမြဲတမ်း ပြင်းထန်ပါတယ်။တကယ်ကို ဖရိုဖရဲဖြစ်သွားနိုင်တဲ့ အခိုက်အတန့်တွေကို ကြိုမျှော်လင့်ခဲ့ပြီးသားပါ။ဒီအခြေအနေကို ကျွန်တော်တို့ ကိုင်တွယ်နိုင်ရပါမယ်။ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်လို့ ထင်ပါတယ်။ကျွန်တော်တို့ နှစ်ဂိုး၊သုံးဂိုးလောက် သွင်းနိုင်ခဲ့သင့်တယ်၊ ဒါပေမယ့် မသွင်းခဲ့ဘူး”

“ဒုတိယပိုင်းစပြီဟေ့ဆိုကတည်းက ကျွန်တော်တို့ ရစ်သမ်မှန်မှန် မဆော့နိုင်တော့ဘူး၊မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်တော့ဘူး။ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် လုပ်ခဲ့တယ်။ဒါပေမယ့် ဒီလို ခက်ခဲတဲ့ အခိုက်အတန့်တွေ ရောက်လာတဲ့အခါ အသင်းဟာ ကစားပွဲကိုအနိုင်ရဖို့ ကြံ့ကြံခံနိုင်ခဲ့တာ၊ပြန်တိုက်ခိုက်နိုင်တာ၊ခွန်အားသတ္တိတွေပြသနိုင်ခဲ့တာ တွေကို ကျွန်တော် သဘောကျပါတယ်”

ဒီရာသီမှာ အခြားပွဲတွေနဲ့မတူတဲ့ နည်းလမ်းနဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်ဖြစ်မလား

“ကျွန်တော်တို့က ကိုယ့်ကိုယ်ကို အခက်တွေ့အောင် လုပ်ခဲ့တာပါ၊ဘာလို့လဲဆိုတော့ ကျွန်တော်တို့လုပ်ခဲ့သင့်တဲ့ အရာဖြစ်တဲ့ ကစားပွဲကို စောစောစီးစီးဖြတ်လိုက်တာမျိုး မလုပ်နိုင်ခဲ့ဘူး။ဒုတိယပိုင်းမှာတော့ အမှားတွေအများကြီး လုပ်ခဲ့ပြီး လိဒ်စ်ကို ယုံကြည်မှုတွေပေးခဲ့တယ်။သူတို့ကို ချီးကျုးရမှာပါ၊ဒုတိယပိုင်းမှာ သူတို့ တကယ်ကို ကောင်းခဲ့တာပါ။ပရိသတ်တွေရဲ့အားပေးမှုတွေက တကယ်ကို အံ့ဩလောက်စရာ ဖြစ်ပြီး ဒီအတွက်လည်း ချီးကျူးခံရသင့်ပါတယ်”

Advertisements

နောက်ကျပင်နယ်တီပြစ်ဒဏ်ဘောကို VARကြည့်ပြီး ပယ်ဖျက်ခဲ့တဲ့အပေါ်

“ရှင်းလင်းတဲ့ ဆုံးဖြတ်ချက်လို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော် ပြန်မကြည့်ခဲ့ပါဘူး။ဒါပေမယ့် လူတိုင်းကတော့ တူညီတဲ့စကားတစ်ခုပဲ ကျွန်တော့်ကိုပြောနေတယ်၊ဒီတော့ ဘာမှ အထွန့်တက်စရာ မရှိပါဘူး”

ကစားပွဲပြီးတော့ နှလုံးခုန်သံတွေ ဘယ်လိုရှိလဲ

“ဒီမှာ ကစားရတာက အမြဲ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ကျွန်တော်တို့ အနိုင်ရခဲ့တာဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ဒီ‌နေ့မှာ အသင်းက ပြသခဲ့တဲ့ ယှဉ်ပြိုင်ကစားလိုတဲ့ ဆန္ဒတွေ၊ကိုယ်ရည်ကိုယ်သွေးတွေ၊စရိုက်လက္ခဏာတွေကြောင့် အနိုင်ရခဲ့တာပါ။ကြာသပတေးနေ့ပွဲပြီးတော့ ရုန်းကန်နေခဲ့ရတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ကြာသပတေးနေ့ညမှာ နော်ဝေးကနေပြန်လာပြီး လိဒ်စ်ကို လာကစားခဲ့ရတယ်၊နှစ်ပွဲစလုံးကိုလည်း အနိုင်ရခဲ့တယ်၊ကောင်လေးတွေကို ဒီ့အတွက် ချီးကျူးရမှာပါ”

ဒီရာသီမှာ အခက်ခဲဆုံး ပွဲစဉ်တစ်ပွဲဖြစ်ခဲ့လား

“ဒီရာသီ လိဒ်စ်ရဲ့ အိမ်ကွင်းရလဒ်တွေကို ကြည့်မယ်ဆိုရင် ဒီကို(လိဒ်စ်အိမ်ကွင်းကို) လာကစားရတာဟာ အမြဲ ခက်ခဲပါတယ်။ကျွန်တော်တို့ နိုင်ပွဲတွေ ဆက်တိုက်ရခဲ့လို့ အရမ်းပျော်ပါတယ်။ဘယ်လိုအခြေအနေမျိုးမှာမဆို အနိုင်ရအောင်လုပ်ဖို့ လိုပါတယ်၊ဒီနေ့က အခြားနေ့တွေနဲ့ အများကြီးကွဲပြားခဲ့ပြီး ကျွန်တော်တို့ အနိုင်ရမယ့် နည်းလမ်းကို ရှာတွေ့ခဲ့ပါတယ်”

မန်စီးတီးနဲ့လီဗာပူးလ်ပွဲ ကြည့်ဖြစ်မှာလား

“ဒါပေါ့ဗျ၊ညစာကောင်းကောင်းစားရင်း ကျွန်တော်ကြည့်နေမှာပါ၊ဘာလို့လဲဆိုတော့ တကယ်ကို ပြိုင်ဆိုင်မှု ပြင်းထန်မယ့်ပွဲပါ။ပြီးရင်တော့ ကျွန်တော် နည်းနည်းလောက်နားမှာပေါ့”

Advertisements
Advertisement

Leave a Reply

%d bloggers like this: