မာတင်ကီအွန်ပြောပြတဲ့ ဆာကာနဲ့မာတင်နယ်လီတို့အကြောင်း

ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်၉ပွဲအပြီးမှာ မန်စီးတီးပြီးရင် တိုက်စစ်အကောင်းဆုံးအသင်းက အာဆင်နယ်ဖြစ်ပြီး ၂၃ဂိုးသွင်းယူထားခဲ့ပါတယ်။ အသင်းရဲ့တိုက်စစ်မြှားဦးကို ဦးဆောင်နေတဲ့ ဂျေးဆုကို ချီးကျူးရမှာဖြစ်သလို မနှစ်ကထက် ပိုတိုးတက်လာတဲ့ မာတင်နယ်လီ၊ ရာသီအစမှာ အနည်းငယ်ရုန်းကန်နေရပေမယ့် တဖြည်းဖြည်းနဲ့ခြေမှန်လာတဲ့ ဆာကာတို့ကို မေ့ထားလို့ မဖြစ်ပါဘူး။

အာဆင်နယ်လို့ ဆိုလိုက်တာနဲ့ တန်းပြီးမြင်မိတဲ့ကစားသမားတွေဆိုရင် ဘယ်သူတွေကိုပြောချင်ပါသလဲ။ သေချာတာကတော့  လူတိုင်းရဲ့ အဖြေမှာ  မာတင်နယ်လီ သို့မဟုတ်  ဆာကာ  သို့မဟုတ်  ၂ ယောက်စလုံးက ပါနေမှာဖြစ်ပါတယ်။ ဂန္တဝင်ကြီးဖြစ်တဲ့ မာတင်ကီအွန်ကတော့ ဆာကာနဲ့မာတင်နယ်လီတို့ဟာ လိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် တိုက်ပွဲ၀င်နေခဲ့ပြီလို့ ချီးကျူးလာခဲ့ပါတယ်။

အသင်းရဲ့အကယ်ဒမီထွက် ကစားသမားဖြစ်တဲ့ဆာကာနဲ့ဘရာဇီးလ်တတိယတန်းကလပ်တစ်ခုကနေ အမ်းမရိတ်ကို ရောက်လာခဲ့တဲ့ မာတင်နယ်လီတို့ဟာ အာတီတာ ရဲ့လက်အောက်မှာ တစ်ခုခု လုပ်ပြနိုင်မယ့် လူငယ်လေးတွေလို့ အများရဲ့ ထင်ကြေးပေးခံထားရသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလောက်ထိဖြစ်လာမယ်လို့တော့ ယူဆမိချင်မှ ယူဆမိမှာပါ။ သူတို့ နှစ်ဦးဟာ ပြိုင်ဖက်အသင်းအတွက် အကြောက်တရားများဖြစ်ကြပါတယ်။

Advertisements

ပြီးခဲ့တဲ့နှစ်တွေမှာ ငရုတ်သီးလေးလို့ ပရိသတ်တွေနဲ့အသင်းဖော်တွေက ချစ်စနိုးခေါ်တဲ့ ဆာကာဟာ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးသမားဆု၊လူငယ်ကစားသမားဆု ဆန်ကာတင်စာရင်းတွေမှာ ပါ၀င်ခဲ့သလို အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို နှစ်နှစ်ဆက် ရရှိခဲ့ပါတယ်။

အမ်းမရိတ်ကို ရောက်ခါစက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ဘရာဇီးလ်လူငယ်ဟာ မနှစ်ကစပြီး ကြံ့ခိုင်မှုအပြည့်နဲ့ အသင်းရဲ့ပွဲစဉ်တွေမှာ ပါ၀င်နိုင်ခဲ့ပါတယ်။ဒီရာသီမှာတော့ မာတင်နယ်လီဟာ သူရဲ့တိုးတက်မှုကို ဆက်လက်ပြသနေခဲ့ပါတယ်။

ကြိုးကြာနီတွေကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဆာကာနဲ့မာတင်နယ်လီတို့က အသင်းရဲ့သွင်းဂိုး‌အားလုံးကို သွင်းယူပေးခဲ့ပါတယ်။ဒီပွဲမှာ အကောင်းဆုံးကစားသမား‌ဆု ရရှိခဲ့တဲ့မာတင်နယ်လီဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၄ဂိုးသွင်း၊၂ဂိုးဖန်တီးထားခဲ့ပြီး ဆာကာက‌ ၃ဂိုးသွင်း၊၄ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့ပါတယ်။

ဒါကြောင့် မာတင်ကီအွန်က အာဆင်နယ်လူငယ်လေးတွေဟာ အသင်းရဲ့အောင်မြင်မှုအတွက်ရော၊တစ်ဦးချင်းအောင်‌မြင်မှုတွေအတွက်ပါ တိုက်ပွဲ၀င်နေပြီလို့ ဆိုပါတယ်။သူတို့ဟာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ယှဉ်ပြိုင်နေကြပြီဖြစ်တယ်လို့ မာတင်ကီအွန်က မှတ်ချက်ပေးခဲ့ပါတယ်။

လီဗာပူးလ်နဲ့ပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ အာဆင်နယ်ရဲ့ အသင်းသားတွေဟာ အာတီတာရဲ့လက်အောက်မှာ ရှင်းလင်းပြတ်သားတဲ့ အတွေးအခေါ်နဲ့ခံယူချက်တွေရှိပြီလို့ မာတင်ကီအွန်က ဆိုပါတယ်။ ဒါ့အပြင် ဆာကာရဲ့သွင်းဂိုးကို မာတင်နယ်လီ‌ဖန်တီးပေးခဲ့တာနဲ့ပတ်သက်ပြီးလည်း ကစားသမားနှစ်ယောက်ကြားက ယုံကြည်မှုကို မာတင်ကီအွန်က ချီးမွမ်းခန်းဖွင့်ခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့အစည်းက ချီးမြှင့်တဲ့ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို အာဆင်နယ်ကစားသမားအနေနဲ့ ရော်ဘင်ဗန်ပါစီက ၂၀၁၂ခုနစ်မှာ နောက်ဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။ဒီဆုကို ရရှိခဲ့တဲ့ အခြား အာဆင်နယ်ကစားသမားဟောင်းကြီးတွေကတော့ သီယာရီအွန်နရီ၊ဒင်းနစ်ဘားကမ့်နဲ့လီယမ်ဘရက်ဒီတို့ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ ကစားသမားလေး နှစ်ယောက်နဲ့ အာဆင်နယ်အသင်းတို့ဟာ စာချုပ်သစ်ကိုယ်စီအတွက် ညှိနှိုင်းနေကြပြီး  ကာလရှည်အမ်းမရိတ်မှာဆက်ရှိနေမယ်လို့လည်း အားလုံးကမျှော်လင့်နေကြပါတယ်။ ကစားမယ့်လူစာရင်းမှာ သူတို့ပါလာတာနဲ့ ပရိတ်သတ်တွေရဲ့ စိတ်လှုပ်ရှားမှုနဲ့ ယုံကြည်မှုကို ရရှိထားတဲ့ ဒီကစားသမား ၂ ယောက်ဟာ ငွေကြေးအရလဲ သန်းပေါင်းများစွာလဲ ထိုက်တန်နေပြီဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: