ရမ်းစ်ဒေးလ် နဲ့ လက်ရွေးစင်အသင်း ဂိုးပေါက် .. ဘယ်တော့ရေစက်ဆုံမလဲ

မနှစ်ကနွေမှာ တန်းဆင်းသွားရတဲ့ ရှက်ဖီးလ်က ဂိုးသမားတစ်ယောက်ကို ယူရိုသန်း၃၀နဲ့ခေါ်ခဲ့တဲ့ အသင်းရဲ့လုပ်ရပ်ကို လှောင်ပြောင်ကဲ့ရဲ့ခဲ့သူတွေ၊နားမလည်ခဲ့သူတွေ အတော်လေးများခဲ့ပါတယ်။ဒါပေမယ့် တစ်နှစ်အကြာမှာတော့ ဒီလိုကဲ့ရဲ့ပြစ်တင်မှုတွေ၊သံသယတွေဟာ မြူမှုန်တစ်စတောင် မကျန်တော့ပါဘူး။

ဟုတ်ကဲ့၊သူကတော့ ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတစ်ဦးဖြစ်တဲ့ အာရွန်ရမ်ဒေးလ်ပါပဲ။ အဲ့ဒီတော့ ချီးကျူးစကားတွေကို ချန်ထားပြီး  ကစားသမားအတွက် နောက်တစ်ဆင့်တက်ရေးကို ဝေဖန်ဆွေးနွေးကြရအောင်ပါ။

ရမ်ဒေးလ်မရောက်လာခင်က အသင်းရဲ့ပထမ‌ဦးစားပေး ဂိုးသမားဖြစ်တဲ့လေနိုဟာ ဂိုးပေါက်ကာကွယ်တဲ့နေရာမှာ ထူးချွန်ပေမယ့် ရှေးရိုးစွဲဂိုးသမားတစ်ဦးဖြစ်တာကြောင့် ခံစစ်ကိုဦးဆောင်အမိန့်ပေးနိုင်စွမ်း၊အသင်းရဲ့ကစားကွက်မှာ တိကျတဲ့ဘောလုံးပေးပို့မှုတွေနဲ့ ပါ၀င်နိုင်စွမ်းမရှိခဲ့ပါဘူး။ ခေတ်သစ်ခေတ်ဟောင်းပြဿနာတက်နေတာ အာဆင်နယ်တစ်သင်းထဲတော့မဟုတ်ပါဘူး။ ကံကောင်းစွာပဲ ဂန်းနားတို့ဟာ Stopper to Sweeper အပြောင်းအလဲကို ညင်သာစွာဖြတ်ကျော်နိုင်ခဲ့ါပတယ်။

အာတီတာက ရမ်ဒေးလ်ကို အသင်းရဲ့ဂိုးပေါက်မှာ နေရာပေးခဲ့ပြီး ရမ်ဒေးလ်ကလည်း အာတီတာလိုချင်တဲ့အတိုင်း sweeper-keeperတစ်ယောက်လို ကစားနိုင်ခဲ့ပါတယ်။ အသင်းရဲ့ခံစစ်ကစားသမားတွေကို ဦးဆောင်အမိန့်ပေးနိုင်စွမ်းရှိပြီး အသင်းကိုချစ်တဲ့၊နိုင်လိုစိတ်ပြင်းပျတဲ့ ဂန်နားတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကိုလည်း ရရှိခဲ့ပါတယ်။

ဒီလိုအာဆင်နယ်နဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာကြောင့် ရမ်ဒေးလ်ဟာ ဆောက်ဂိတ်ရဲ့အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပထမဆုံးအနေနဲ့ရွေးချယ်ခံခဲ့ရပါတယ်။ အင်္ဂလန်သားလေးဟာ မိခင်အသင်းအတွက် သုံးပွဲကစားခဲ့ပြီး clean sheet နှစ်ကြိမ်ရယူထားခဲ့ပါတယ်။

လက်ရှိရာသီမှာ ရမ်ဒေးလ်ဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၈ပွဲကစားပြီးချိန်မှာ clean sheetသုံးကြိမ်ရယူထားခဲ့ပြီး ဂိုးပေါက်ကာကွယ်မှု ၁၁ကြိမ်ပြုလုပ်ထားခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပေမယ့် လာမယ့်ကမ္ဘာ့ဖလားမှာ သူဟာ အင်္ဂလန်အတွက် ပွဲထွက်ခွင့်ရမှာမဟုတ်ဘူးလို့ ရမ်ဒေးလ်ကဆိုပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကျွန်တော့်အတွက် စောလွန်းသေးတဲ့ စိန်ခေါ်မှုလို့ ထင်ပါတယ်။ကျွန်တော် မကြာခဏပြောခဲ့သလိုပဲ   

မင်းနံပါတ်တစ်ဖြစ်သင့်တယ်လို့ ကိုယ့်ကိုယ်ကို လိမ်မှာမဟုတ်ပါဘူး။ကျွန်တော်က လက်တွေ့ဆန်တဲ့သူပါ

ကျွန်တော် အင်္ဂလန်အတွက် သုံးကြိမ်ပဲ ကစားရပါသေးတယ်။ကမ္ဘာ့ဖလားပြိုင်ရဖို့ သီတင်းပတ်ခြောက်ပတ်ပဲ လိုပါတော့တယ်။ကျွန်တော်ကတော့ ကစားခွင့်ရမှာမဟုတ်ပါဘူး။ဒါပေမယ့် လုံး၀လက်လျှော့လိုက်တာတော့ မဟုတ်ပါဘူ။ပွဲထွက်ခွင့်ရဖို့ ကျွန်တော်တိုက်ပွဲ၀င်သွားမှာပါ။တကယ်လို့ ကျွန်တော်ပါ၀င်ခွင့်မရဘူးဆိုလည်း တတ်နိုင်တဲ့ဘက်ကနေ အသင်းကို အကောင်းဆုံးပံ့ပိုးပေးသွားမှာပါ လို့ ရမ်ဒေးလ်က ဆိုပါတယ်။

လက်ရှိအင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဦးစားပေးဂိုးသမားဟာ အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်ဖြစ်ပါတယ်။ပစ်ဖို့ဒ်ဟာ နိုင်ငံတကာအတွေ့အကြုံများတဲ့ ကစားသမားဖြစ်တာကြောင့် ကမ္ဘာ့ဖလားလိုပြိုင်ပွဲမှာ ဆောက်ဂိတ်ဟာ ပစ်ဖို့ဒ်ကိုပဲ ပထမဦးစားပေးဂိုးသမားအဖြစ် ရွေးချယ်သွားဖို့ များနေပါတယ်။

ဒီအခြေအနေကို ရမ်ဒေးလ်က ကောင်းကောင်းနားလည်တာ‌ ကြောင့် ခုလိုဆိုလာခဲ့တာဖြစ်ပါတယ်။အင်္ဂလန်နဲ့အတူ နိုင်ငံတကာအတွေ့အကြုံတွေဆက်ယူရင်းနဲ့ ရမ်‌ဒေးလ်တစ်ယောက် လာမယ့်ယူရို၂၀၂၄မှာ ပွဲထွက်ခွင့်ရဖို့ပဲ စောင့်မျှော်နေရပါတော့မယ်။ လိုအပ်ချက်အနေနဲ့ကတော့ ရမ်းစ်ဒေးလ်ဟာ ပစ်ဖို့ဒ်လောက်  အာရုံစူးစိုက်မှုနဲ့  ကြိုတင်ခန့်မှန်းနိုင်မှုတို့မှာ ခရီးမရောက်သေးဘူးလို့ဆိုကြပါတယ်။ ​ဒါကလည်း အစောပိုင်းတုန်းက ကြုံခဲ့ရတဲ့ ဝေဖန်မှုတွေကြောင့်ဖြစ်မယ်လို့ ကျွန်တော်က ယူဆပါတယ်။  “ ဒီကောင် မဖြစ်ထွန်းပါဘူးကွာ  “ ဆိုတာကြီးကလဲ ကျော်လွန်သက်သေပြဖို့အတွက် ဝန်လေးလွန်းလှတယ်မဟုတ်လား။

ရမ်းစ်ဒေးလ်ကို ကျွန်တော်တို့ အားပေးကြရအောင်ပါ။  သူအပါအဝင် ဂန်းနားတသင်းလုံးဟာ ရစရာမရှိအောင် လှောင်ပြောင်ခံခဲ့ရာကနေ  ပြန်လည်ရှင်သန်နေကြပြီမဟုတ်လား။

Advertisements
Advertisement

Leave a Reply

%d bloggers like this: