ပြီးခဲ့နွေမှာ အာဆင်နယ်ဟာ တာဗာရက်စ်ကို မာဆေးလ်ဆီ အငှားချခဲ့ရာမှာတော့ လီဂူး၀မ်းကလပ်က အငှားစာချုပ်မှာ အပြီးသတ်၀ယ်ယူခွင့် ထည့်သွင်းဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ မာဆေးလ်ရဲ့တောင်းဆိုမှုကို ငြင်းဆိုသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဆာလီဘာဟာ မာဆေးလ်မှာ အငှားကစားခဲ့ပြီး ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒက်ချမ်မ့်ရဲ့ ပြင်သစ်လက်ရွေးစင်အသင်းမှာ ပထမဆုံးအနေနဲ့ ရွေးချယ်ခံခဲ့ရသလို လိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါကြောင့် သူဟာ နောက်ထပ် ဆာလီဘာ ဇာတ်လမ်းတပုဒ်ဆိုပြီး မီဒီယာတွေထက်မှာရေးသားမှုတွေလဲရှိခဲ့ပါတယ်။
ရာသီအကုန်မှာတော့ မာဆေးလ်က ဆာလီဘာကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပေမယ့် အာဆင်နယ်ကတော့ သူတို့ရဲ့ကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိပဲ အမ်းမရိတ်ကို အရောက်ပြန်ခေါ်ခဲ့ပါတယ်။ ဒါ့ကြောင့် တာဗာရက်စ်ကို အငှားခေါ်ယူဖို့ ကြိုးစားခဲ့ရမှာ မာဆေးလ်ဟာ အပြီးသတ်၀ယ်ယူခွင့် ထည့်သွင်းလိုခဲ့တာဖြစ်ပေမယ့် အာဆင်နယ်ကတော့ ပေါ်တူဂီသားကို အပြီးသတ်လက်လွှတ်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။
လက်ရှိမှာတော့ တာဗာရက်စ်ဟာ မာဆေးလ်နဲ့အတူ ခြေစွမ်းပြနေခဲ့ပါတယ်။မကြာသေးမီက ပြုလုပ်ခဲ့တဲ့အင်တာဗျူးလ်မှာတော့ တာဗာရက်စ်က မာဆေးလ်မှာ ကစားနေရတာ ပျော်ရွှင်ကြောင်း၊ပြင်သစ်မြေကိုအငှားလာရောက်မကစားခင် သူနဲ့သူရဲ့အေးဂျင့်ဟာ အငှားစာချုပ်မှာ အပြီးသတ်ခေါ်ယူခွင့်ထည့်သွင်းဖို့ ကြိုးစားခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။
“ဒီမှာအဆင်ပြေပါတယ်။ ခံစားချက်လည်းကောင်းပြီး ပွဲစဉ်တွေမှာ ကျွန်တော်အဆင်ပြေနေတာကို တွေ့ရမှာပါ။အဓိကကတော့ မာဆေးလ်ဟာ လစ္စဘွန်းနဲ့ အရမ်းဆင်တယ်လို့ ခံစားရပါတယ်၊လမ်းတွေ၊မြို့တွေ၊ရာသီဥတုနဲ့နေရောင်ခြည်တွေပေါ့“
“အနာဂတ်အကြောင်း ကျွန်တော်တွေးမနေပါဘူး။ပစ္စုပ္ပန်မှာပဲ ကျွန်တော်နေပြီး တစ်ရက်ချင်းဆီ ဖြတ်သန်းနေပါတယ်။အနာဂတ်နဲ့ ပတ်သက်တဲ့ အတွေးတွေမရှိပါဘူး။ကျွန်တော် နှိမ့်ချပြီးပဲနေပါတယ်“
“အာဆင်နယ်မှာ တီယာနေး နဲ့ ယှဉ်ပြိုင်ရတာဟာ ပြဿနာတစ်ခုဖြစ်ခဲ့လားဆိုတာ ကျွန်တော်မသိပါဘူး၊ကျွန်တော့်အတွက်တော့ ဒါဟာ ဘာမှမဟုတ်ပါဘူး ။မာဆေးလ်ကို ရောက်လာခဲ့ပြီး နောက်ဆုံးမှာတော့ ကျွန်တော်ရဲ့ positionမှာ ကစားခွင့်ရခဲ့ပါတယ်“
“မာဆေးလ်နဲ့ စာချုပ်ချုပ်တော့ အပြီးသတ်ခေါ်ယူခွင့် ထည့်သွင်းချင်ခဲ့ပေမယ့် အာဆင်နယ်က ငြင်းဆန်ခဲ့ပါတယ်။ကျွန်တော်နဲ့အေးဂျင့်က အပြီးသတ်ခေါ်ယူခွင့်ထည့်ချင်ခဲ့ပါတယ်၊ဒါပေမယ့် အာဆင်နယ်က ဒါကို အလိုမရှိခဲ့ဘူး“လို့ တာဗာရက်စ်က ဆိုပါတယ်။
တာဗာရက်စ်ဟာ အာဆင်မှာရှိခဲ့စဉ်က နောက်တန်းဘယ်အစွန်မှာ ကစားခဲ့တာဖြစ်ပါတယ်။ တာဗာရက်စ်ရဲ့ တိုက်စစ်အလွန်အကျွံလိုက်ပါပုံကြောင့် နောက်တန်းဘယ်အစွန်နေရာဟာ ပေါ်တူဂီသားနဲ့ မလိုက်ဖက်ခဲ့ပါဘူး။
မာဆေးလ်မှာတော့ တာဗာရက်စ်ဟာ ကွင်းလယ် ဘယ်တောင်ပံနဲ့ကစားခွင့်ရနေပြီး သူ့စိတ်ကြိုက် positionမှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။အသက်၂၂နှစ်အရွယ် ကစားသမားဟာ အသင်းရဲ့အနာဂတ်အစီအစဉ်တွေထဲမှာ ပါ၀င်သူဖြစ်တာကြောင့် သူ့ကို မာဆေးလ်ဆီအပြီးသတ်လက်လွှတ်ဖို့ ဆန္ဒမရှိခဲ့တာ ဖြစ်ပါတယ်။
လိုအပ်ချက်များရှိခဲ့ပေမယ့် ရဲရဲတင်းတင်းနဲ့ လုပ်ဆောင်စရာရှိတာကို လုပ်ရဲတဲ့ တာဗာရက်စ်ကို အာဆင်နယ်ပရိတ်သတ်တွေအကြိုက်တွေ့ကြပါတယ်။ ဒါပေမယ့် ကစားသမားဟာ အသင်းကိုပြန်လာပြီးအကျိုးပြုမှာလား ၊ အပြီးသတ်ပဲပြောင်းရွှေ့သွားမှာလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ဆာလီဘာဇာတ်လမ်းမဟုတ်ပဲ ဂွမ်ဒူဇီဇာတ်လမ်းလဲ ဖြစ်နိုင်တာပဲ မဟုတ်လား။