Editorial – အသစ်တဖန်ရှင်သန်လာခြင်း

အာဆင်နယ်လို့ ပြောလိုက်ရင် ဘာကိုတန်းပြီးမြင်ကြပါလဲ … ပရိတ်သတ်တွေစိတ်ထဲမှာ မြင်တဲ့အရာဟာ အာဆင်နယ်တည်ဆောက်ထားခဲ့တဲ့အရာပဲဖြစ်ပါတယ်။  ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေပေါ့။

Heineken ဆိုရင် ဘီယာအကောင်းစား ၊  Mercedez ဆိုရင် ကားအကောင်းစား ၊ ဟားဗက်တက္ကသိုလ်ဆိုရင် ထိပ်တန်းတက္ကသိုလ် စသည်ဖြင့် မိမိကိုယ်တိုင်ထဲထဲဝင်ဝင်သိသည်ဖြစ်စေ ၊ မသိသည်ဖြစ်စေ အချို့သောနာမည်တွေဟာ လူတွေရဲ့ စိတ်ကို လွှမ်းမိုးထားပြီးသားဖြစ်ပါတယ်။ ဘောလုံးဝါသနာမပါသူတွေကအစ  ဘရာဇီးလ်အသင်း ၊ မန်ချက်စတာယူနိုက်တက် ၊ ရိုနယ်ဒို ၊ ပီလီ ၊ မာရာဒိုနာ စတဲ့နာမည်တွေကို သိနေကြပါတယ်။ “ ဂိုး “ ဆိုတဲ့အသံအကျယ်ကြီးကြားရင်  အိမ်က အမေတွေက “ မန်ယူနိုင်တာလား “ မေးတာကလဲ ယူနိုက်တက်ရဲ့ ဂုဏ်သတင်းပဲဖြစ်ပါတယ်။ ထို့အတူ သူတို့အသင်းကို ဟာသလုပ်ကြတာတွေလဲအများသားပေါ့။ အာဆင်နယ်အကြောင်းဆက်ရအောင်။

ပြီးခဲ့တဲ့နှစ်တွေမှာ အာတီတာရဲ့အရည်အချင်းအပေါ် သံသယ၀င်သူတွေ၊ မယုံကြည်သူတွေ အများအပြားရှိခဲ့မှာပါ။ သက်တော်ရှည်မန်နေဂျာကြီး ၀င်းဂါးအလွန်၊ အူနိုင်းအမ်မရီကျရှုံးခဲ့တဲ့ အသင်းတစ်သင်း၊ အပေါက်အဖာဗလပွနဲ့သွေးသစ်လောင်းဖို့လိုနေတဲ့ အသင်းတစ်သင်းဟာ  လူငယ်နည်းပြတစ်ဦးရဲ့လက်ထဲရောက်သွားချိန်မှာ အာဆင်နယ်ကပ္ပတိန်ဟောင်းက တော်၀င်အမြှောက်တပ်ကို အစကနေပြန်တည်ဆောက်နိုင်သူဖြစ်နိုင်ပါ့မလားလို့ ကျွန်တော်တို့စိုးရိမ်ခဲ့ဖူးမှာပါ။  ပြီးတော့ တည်ဆောက်ခြင်းကိုယ်တိုင်က  အဓိပ္ပါယ်မရှိဘူးလို့ ပရိတ်သတ်အချို့နဲ့ Pundit တွေကယူဆခဲ့ကြပါတယ်။

EPL မှာ ပြန်လည်တည်ဆောက်နေကြတဲ့အသင်း ၂ သင်းအဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်ကို ပုံဖော်ကြပါတယ်။ ယူနိုက်တက်ကတော့ သူတို့ရဲ့ ကြွယ်ဝမှုရင်းမြစ်တွေကို အသုံးပြုကာ အသင်းကို ဆာအဲလက်စ်ခေတ်က အခြေအနေကို ပြန်လည်ခရီးနှင်နေကြပေမယ့် ဂန်းနားတို့ကတော့ လုပ်ငန်းစဥ်အခြေပြုကာ Objective by Objective  နဲ့သွားနေခဲ့ပါတယ်။ ဒါကြောင့်မို့လို့ Movement တိုင်းမှာ “ ငါတို့ ချန်ပီယံဖြစ်တော့မလား “ ဆိုတဲ့ခံစားချက်ကို ပရိတ်သတ်တွေထံ မပေးနိုင်ခဲ့ပါဘူး။ ဒါကလည်း ” တကယ်လိုအပ်ရဲ့လား ” ” PR Stunt ” တစ်ခုလားဆိုပြီး ကျယ်ပြန့်စွာအငြင်းပွားခဲ့ကြတဲ့ခေါင်းစဥ်ဖြစ်ပါတယ်။ Arsenal ရဲ့ Communication Strategy အရ ပရိတ်သတ်တွေကို Delusion ဖြစ်အောင်ပဲ Trust the Process ဆိုပြီးလုပ်ထားသလားပေါ့ .. ကျွန်တော်တို့တွေငြင်းခဲ့ကြ ခုံခဲ့ကြပါတယ်။

Advertisements

အသင်းတစ်သင်းခြင်းစီမှာ ကိုယ်ပိုင်အမှတ်သညာတွေရှိပါတယ်။ ရီးရဲမက်ဒရစ်ဆိုရင် မဟာဆန်ခြင်း ၊ ယူနိုက်တက်ဆိုရင် အနိုင်မခံအရှုံးမပေး .. စတာတွေပေါ့။ အာဆင်နယ်ကတော့ ညက်ညောသော ၊ အနုပညာဆန်သော ၊ အံ့သြဖွယ်ခန်းနားသော အသင်းဆိုပြီးပြောကြမှာဖြစ်ပါတယ်။ ထိုနည်းတူစွာ  Photoshop အသင်း .. ဆေးရုံအသင်း စတာတွေကလည်းပဲ ဒီအသင်းနဲ့တွဲပြီးမြင်နေကြတာတွေပဲဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ် ၊ ဒီဘရိုင်းတို့ရဲ့ စွမ်းဆောင်ရည်တွေကို ထင်ဟပ်ကာ  “ ကိုယ်ပိုင် ဘရူနို  “  “ ကိုယ်ပိုင် ဒီဘရိုင်း “ ဆိုပြီး ဒီဖက်နှစ်တွေမှာ နာမ်စားတွေသုံကြပါတယ်။  “ လီဗာပူးလိုတည်ဆောက်မယ် “  ဆိုတာကိုလဲ  မကြာခန မြင်ရသလို အာတီတာ ကိုယ်တိုင်လဲသုံးနှုံးခဲ့ပါတယ်။ ထိုနည်းတူစွာပဲ ယခုလတွေမှာ “ အာတီတာကို အချိန်ပေးသလို  အခွင့်အရေးပေးရမယ် “ ဆိုတာမျိုးကို ဆောင်းပါးရှင်တွေက သုံးနှုံးလာကြပြန်ပါတယ်။ ဒါဟာ  အာတီတာရဲ့ Transformation  ကို  အသိအမှတ်ပြုလိုက်ကြတယ်ဆိုတာပါပဲ။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ပရီးမီးယားလိဂ်အသင်းကြီးတွေထဲမှာ မန်နေဂျာရာထူးအပြောင်းအလဲမရှိတဲ့ အသင်းဆိုလို့ မန်စီးတီးနဲ့လီဗာပူးပဲရှိခဲ့ပါတယ်။ကျန်တဲ့အသင်းကြီးတွေဖြစ်တဲ့ တော့တင်ဟမ်၊ချဲလ်ဆီး၊မန်ယူ စတဲ့အသင်းတွေကတော့ အသင်းရဲ့ရလဒ်တွေဆိုးလာတိုင်း မန်နေဂျာအပြောင်းအလဲလုပ်ဖို့ သိပ်၀န်လေးနေတတ်သူတွေမဟုတ်ပါဘူး။

 ဒီလိုအသင်းရဲ့ရလဒ်ဆိုးတွေကို မန်နေဂျာတစ်ယောက်တည်းခေါင်းခံရတာဟာ ဘောလုံးလောကမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုပါပဲ။ ဒါပေမယ့် အာဆင်နယ်ဘုတ်အဖွဲ့ကတော့ အာတီတာကို ယုံကြည်ခဲ့တယ်၊ အာတီတာလိုတဲ့အချိန်လည်းပေးခဲ့သလို လိုအပ်တဲ့အကူအညီအထောက်အပံ့အားလုံးကိုလည်း ပေးခဲ့ပါတယ်။

နည်းပြချုပ်ကနေ မန်နေဂျာ ရာထူးကို တိုးမြင့်ပေးခဲ့ပြီး လုပ်ပိုင်ခွင့်တွေပေးခဲ့တယ်။ ပြီးခဲ့တဲ့နွေအပြောင်းအရွှေ့နှစ်ခုမှာ  ပေါင်သန်းရာချီသုံးပြီး အာတီတာနဲ့အီဒူးတို့လိုချင်တဲ့ကစားသမားတွေကို ခေါ်ပေးခဲ့တယ်။အသင်းရဲ့ရလဒ်တွေဆိုးရွားနေချိန်မှာတောင် အာတီတာကို နှစ်ရှည်စာချုပ်သစ်ချုပ်ခဲ့တာဟာ စပိန်သားအပေါ် အသင်းရဲ့ဘုတ်အဖွဲ့က ဘယ်လောက်ထိယုံကြည်လဲဆိုတ ပြသနေပါတယ်။

အဲ့ဒီလို ယုံကြည်တဲ့ခရီးကလည်း ပြဿနာများစွာနဲ့ပါပဲ။ ယုံကြည်သူထက် မယုံကြည်သူကများနေခဲ့တာကိုး။ ဂန္တဝင်ကြီး ဝင်းဂါးကို အသဲစွဲခဲ့ကြသူတွေဟာ အာဆင်နယ်ရဲ့ ပြန်လာခြင်းခရီးကို သူတို့ကိုယ်တိုင်ဟာသလုပ်ခဲ့ကြပါတယ်။

ဒီရာသီမှာတော့ ဒီလိုမျိုး အာတီတာကိုအချိန်ပေးခဲ့တဲ့၊ ယုံကြည်ခဲ့တဲ့ အသီးအပွင့်တွေကို အသင်းဟာ စခံစားနေရပါပြီ။ပြီးခဲ့တဲ့ရာသီမှာ အသင်းရဲ့သမိုင်းတစ်လျှောက်အဆိုးရွားဆုံးရာသီအစနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်၈ပွဲအပြီးမှာ ၇ပွဲအနိုင်ရထားခဲ့ပါပြီ။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်၀င်ခွင့်နဲ့လွဲချော်ခဲ့တဲ့အသင်းဟာ လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့်တစ်နေရာမှာ ရှိနေပြီး ချန်ပီယံဆုကို စိန်ခေါ်သူတွေ‌တောင် ဖြစ်လာနိုင်ပါပြီ။

လီဗာပူးလ်ကို (၃-၂)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဖာဒီနန်က အာဆင်နယ်နဲ့ပတ်သက်ပြီး”မှန်ကန်တဲ့ဦးတည်ချက်နဲ့ အသင်းတစ်သင်းကို မြင်နေရပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။ အာတီတာကို အချိန်ပေးခဲ့တဲ့အသင်းရဲ့စိတ်ရှည်မှုကိုလည်း ချီးကျူးခဲ့ပြီး နည်းပြအပြောင်းအလဲတွေခဏခဏလုပ်နေတဲ့၊မန်နေဂျာတွေကို လုပ်ဆောင်ခွင့်အပြည့်အ၀မပေးတဲ့ အသင်းတွေဟာ အာဆင်နယ်ကို အတုခိုးဖို့လိုတယ်လို့ ဖာဒီနန်က ဆိုပါတယ်။

Advertisements

“အာဆင်နယ်နဲ့ အာတီတာရဲ့အသင်းကိုတည်ဆောက်ပုံတွေကို ကြည့်စမ်းပါ။ခင်ဗျားတို့ချီးကျူးရမယ့်အရာတစ်ခုက သူတို့အာတီတာကိုအချိန်ပေးခဲ့တာပါပဲ။အချို့အချိန်တွေမှာ ပရိသတ်အချို့က  – အာတီတာကိုထွက်စေချင်ပြီ- လို့ပြောနေတာတွေ ကျွန်တော်ကြားခဲ့ရတယ်”

ဒါပေမယ့် အသင်းရဲ့ဘုတ်အဖွဲ့က အာတီတာအပေါ်စိတ်ရှည်ခဲ့တယ်။ကြီးမားတဲ့ဆုံးဖြတ်ချက်တွေ၊အသင်းကိုပြောင်းလဲမှုတွေလုပ်ဖို့ ခွင့်ပြုခဲ့တယ်။အခုဆို မှန်ကန်တဲ့ဦးတည်ချက်နဲ့ အသင်းတစ်သင်းကို မြင်နေရပါပြီ။နည်းပြတွေရဲ့ လုပ်ပိုင်ခွင့်တွေကိုကန့်သတ်နေတဲ့၊အလုပ်ဖြုတ်လိုက်လုပ်နေတဲ့ အချို့အသင်းတွေအတွက် အာတီတာဟာ အတုခိုးစရာဥပမာပါ။အချို့လူတွေဟာ အစီအစဉ်တစ်ခု၊အချိန်နဲ့တည်ငြိမ်မှုလိုအပ်ပါတယ်လို့ ဖာဒီနန်ကဆိုပါတယ်။

အခုဆို အာတီတာဟာ သူအပေါ်ထားတဲ့ပရိသတ်တွေရဲ့ သံသယတွေကို ယုံကြည်မှုတွေအဖြစ်ပြောင်းလဲပေးခဲ့ပါပြီ။ပျက်စီးသွားတဲ့မြို့ပျက်တစ်ခုဟာ အာတီတာဆိုတဲ့ ဗီသုကာရဲ့လက်အောက်မှာ တဖြည်းဖြည်းပုံပေါ်လာနေပါပြီ။  ကိုယ့်လက်နဲ့ကိုယ်မတည်ဆောက်ဖူးသေးတဲ့ ဗိသုကာဖြစ်လို့ ၊ နာမည်ကြီးတစ်ယောက်ဆီမှာပဲ ကူညီဖူးသူမို့ သံသယရှိသေးတယ်ဆိုရင်လဲ ၊ ဒီလူတစ်ယောက်နဲ့အတူ ဖြတ်သန်းရင်း လက်တည့်စမ်းကာလကို ကျော်လွန်ခဲ့ပြီလို့ ဆိုရမှာပါပဲ။ ဒါက အာတီတာမကြိုက်သူတွေအတွက်ရေးပေးတဲ့စာကြောင်းပါ။   “ လက်တည့်စမ်း”  ဆိုတဲ့အသုံးအနှုံးကို ကျွန်တော်မသုံးလိုပါ။

နည်းပြတစ်ယောက်အဖို့ အစွန်းထွက်အမှားတွေကတော့ အာတီတာမှာမှ မဟုတ်ပါ ၊ ပက်ပ်မှာတောင်ရှိနေမှာပါ။  ဒီတော့ အာတီတာဟာလဲ အမှားတွေလုပ်ပြီး အသင်းကို နစ်နာစေတာတွေလဲရှိနေမှာပါ။ ရှိလဲရှိခဲ့ပါတယ်။ ဝင်းဂါးရဲ့ နည်းနာတွေ ၊ ချဥ်းကပ်ပုံတွေနဲ့ မတူညီစွာပဲ အာတီတာဟာအသင်းကိုအုပ်ချုပ်နေပါတယ်။ ဒီနေရာမှာ အလုပ်ဖြစ်တာတွေလဲရှိမယ် ၊ အံချော်နေတာလဲရှိမယ်။ အဆုံးမတော့  တိုးတက်တဲ့အရွေ့ကို စတင်မြင်ရပြီဖြစ်ပါတယ်။

အခုမြင်နေရတဲ့ အာဆင်နယ်အသင်းကို  “ ဒါဟာ အာဆင်နယ်အသစ်ပါ၊ဒါဟာ အာတီတာရဲ့လက်ရာပါ “ လို့ ကျွန်‌တော်တို့ မဖြစ်မနေ အသိအမှတ်ပြုချိန်တန်ပါပြီ။ တချိန်က ခန်းနားခဲ့တဲ့ အာဆင်နယ်အသင်းက ပြန်မလာတော့ပါဘူး။  မတူညီတဲ့ Philosophy နဲ့အတူ အသစ်တဖန်ရှင်သန်လာခဲ့ပါပြီ။

Outline by Htunn Aung Lwin, Adapted and Edited by Ko Pyae

Advertisements
Advertisement

Leave a Reply

%d bloggers like this: