Editorial – စပိန်သားအတွက် ခေါင်းစဥ်သစ်

အာတီတာအတွက်တော့ နှိုင်းယှဥ် ပြောဆိုမှုတွေ၊  ခေါင်းစဥ်တပ်ခံရမှုတွေကတော့ ဆုံးဦးမယ့်ပုံမရှိပါဘူး။ သူ့ရဲ့အုပ်ချုပ်မှု ပုံစံ၊ အောင်မြင်မှုမှတ်တမ်းအားနဲမှု၊ အာဆင်နယ်ကို ကိုင်တွယ်ရမယ့် အဆင့်မရှိဘူး  … စတဲ့ မှတ်ချက်တွေဟာ အသင်းဆီစရောက်လာကတည်းက ဆူညံနေခဲ့သလို သူ့ရဲ့နည်းပြဘဝဟာ ရိုလာကိုစတာလိုပဲ အနိမ့်အမြင့်များစွာနဲ့ဖြစ်ပါတယ်။

ဆိုးရှား ၊ လမ်းပတ် ၊ နူနိုဆန်တို ၊ တန်ဟက် (ထိုစဥ်က အေဂျက်) ၊  ဘရန်ဒန်ရော်ဂျာ ၊ ကွန်တီ ၊ ဂရေဟမ်ပေါ်တာ စသည်ဖြင့် အာတီတာက ဘယ်သူ့အဆင့်ပဲရှိကြောင်း ၊ ဘယ်သူသာ အာဆင်နယ်ကိုနည်းပြလိုက်ရင် ဘယ်လို ဆိုတာကို နှိုင်းယှဥ်ရင်း မရိုးနိုင်အောင်ကြားခဲ့ရတာပါ။ လောလောလတ်လတ် ” အာတီတာရဲ့  လုပ်ငန်းစဥ်ကို ယုံကြည်ခဲ့ပြီ ” ဆိုပြီး ထုတ်ဖော်ပြောကြားလိုက်တဲ့ မော်ဂန်ဆိုဘာ အိုဇေး ၊ အူဘာ ဘယ်ကိစ္စဖြစ်ဖြစ် အာတီတာရဲ့ ဆန့်ကျင်ဖက်မှာပဲ ရပ်ခဲ့သူဖြစ်ပါတယ်။  တဖြေးဖြေးနဲ့ နှိုင်းယှဥ်ခံရသူတွေဟာ အခြေအနေတွေပြောင်းသွားပေမယ့် အာတီတာကတော့ သူလုပ်စရာရှိတာတွေကို ဆက်လက်လုပ်ကိုင်ခွင့်ရနေဆဲဖြစ်ပါတယ်။ နှိုင်းစရာနည်းပြကုန်သွားတဲ့အခါမှာတော့  ဒီစပိန်သားအတွက်ခေါင်းစဥ်သစ်တစ်ခုက စောင့်နေပြန်ပါတယ်။ ဒါကတော့  “ ပြောသမျှနားထောင်တဲ့ လူငယ်တွေနဲ့ပဲအလုပ်လုပ်တတ်ပြီး ကမ္ဘာကျော်တွေကို မကိုင်တွယ်တတ်ဘူး “ ဆိုတာပါပဲ။

Advertisements

အူဘာကိုယ်တိုင် ပေးလိုက်တဲ့မှတ်ချက်

အူဘာမီယန်းဟာ တစ်ချိန် အာဆင်နယ်ပရိသတ်တွေရဲ့ရင်ထဲမှာ အခိုင်အမာရှိခဲ့ဖူးတဲ့ တိုက်စစ်မှူးတစ်ဦးပါ။ ဒေါ့မွန်ကနေ အာဆင်နယ်ကိုပြောင်းရွှေ့လာခဲ့ပြီးနောက် ဂန်းနားတွေရဲ့ဂိုးသွင်းစက်တစ်လုံးဖြစ်လာခဲ့တဲ့ ဂါဘွန်သားကြီးကို အာဆင်နယ်ရဲ့ဂန္တ၀င်တိုက်စစ်မှူးတစ်ဦးဖြစ်လာဖို့ ပရိသတ်တွေက မျှော်လင့်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ ကပ္ပတိန်လက်ပတ်၊မြင့်မားတဲ့လစာငွေနဲ့စာချုပ်သစ်တွေဟာ အူဘာမီယန်းရဲ့အာဆင်နယ်ကစားသမားဘ၀ကို ဖျက်ဆီးခဲ့သလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။ အသင်းကိုဦးဆောင်နိုင်မှုအားနည်းတာ၊သွင်းဂိုးရယူနိုင်စွမ်းလျော့နည်းလာတာတွေဟာ အာဆင်နယ်ကပ္ပတိန်ဟောင်းကို အပြစ်ပြောစရာဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးမှာတော့ စည်းကမ်းလိုက်နာဖို့ မကြာခဏပျက်ကွက်တယ်ဆိုတဲ့ အ‌ကြောင်းပြချက်နဲ့ အူဘာဟာ ကပ္ပတိန်လက်ပတ်အပြင် ပွဲထွက်ခွင့်ကိုပါ ဆုံးရှုံးခဲ့ရပါတယ်။အာတီတာဟာ အူဘာကိုအခွင့်အရေးပြန်ပေးဦးမလားလို့ ပရိသတ်တွေက မျှော်လင့်ခဲ့ပေမယ့် စပိန်သားကြီးက‌တော့ အာဆင်နယ်ကပ္ပတိန်ကြီးကို ဒုတိယအခွင့်အရေးမပေးခဲ့ပါဘူ။

ပြီးခဲ့တဲ့ဇန်နဝါရီမှာတော့ အာဆင်နယ်ဟာ အူဘာမီယန်းနဲ့ ကျန်ရှိနေတဲ့စာချုပ်သက်တမ်းကို ဖျက်သိမ်းပေးခဲ့ပါတယ်။ ဒါ့ကြောင့် အူဘာမီယန်းဟာ ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့ပါတယ်။

ရာသီကုန်မှာတော့ အူဘာမီယန်းဟာ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ တဖန်ပြန်ခြေချခဲ့ပါတယ်။ဒီနောက်မှာတော့ အူဘာက အာတီတာဟာနာမည်ကြီးကစားသမားတွေကို ကိုင်တွယ်နိုင်စွမ်းမရှိသူလို့ အတိအလင်းဝေဖန်လာခဲ့ပါတယ်။

ကြီးကျယ်တဲ့ အရည်အချင်း၊ကြီးကျယ်တဲ့ ကစားသမားတွေကို သူ(အာတီတာ)ဟာ ကိုင်တွယ်နိုင်စွမ်းမရှိပါဘူး  …  သူလိုအပ်တာ သူ့ကိုဘာမှပြန်မပြောမယ့် လူငယ်ကစားသမားလေးတွေပဲ ဖြစ်ပါတယ်

အာတီတာဟာ စည်းကမ်းပိုင်းအတော်လေးတင်းကြပ်သလို ကွင်းတွင်ကွင်းပြင် အသင်းရဲ့စည်းလုံးညီညွတ်မှုကို အလေးထားသူတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိလူငယ်တွေနဲ့ အာတီတာတည်ဆောက်ထားခဲ့တဲ့အသင်းဟာ ဘယ်လောက်ထိ အောင်မြင်မှုတွေရနေလဲဆိုတာ အူဘာမြင်နိုင်ဖို့ သင့်ပါတယ်။ အကြောင်းကတော့ ငရုတ်သီးဆိုတဲ့နာမည်ကိုပါ သူပေးခဲ့တာဖြစ်ပြီး  ၊ အာဆင်နယ်ကနေ သူထွက်ခွာသွားတာ  ၁ နှစ်တောင်မပြည့်သေးပါဘူး။ ဒါပေမယ့် သူ့ကြည့်ရတာ သူ့ဖက်ခြမ်းကအမြင်ကိုပဲ ဇောင်းပေးသွားခဲ့ပါတယ်။ ဂန်းနားတို့ရဲ့အသဲနှလုံးဟာ အသင်းဟောင်းအပေါ် အချစ်ပျယ်ခဲ့ပြီလားလို့ မေးရမယ့်ပုံပါပဲ။

Advertisements

အာတီတာဆီက ဘယ်လိုတုန့်ပြန်မှုတွေမြင်ရမလဲ

ဒီလိုပြောစကားကို ပရိတ်သတ်တွေကြား ၊ Pundit တွေကြားမှာလဲ မကြာခနကြားနေရတာဖြစ်ပြီး သိပ်တောင်မထူးဆန်းတော့သလိုဖြစ်နေခဲ့တာပါ။  အခုတော့ နည်းပြခြင်းနှိုင်းယှဥ်မှုအလွန်မှာ “ အာတီတာမရပါဘူး” ဆိုတဲ့အဆိုအတွက် ထပ်မံတင်သွင်းလာတဲ့ခေါင်းစဥ်ပါပဲ။ အရင်က မှတ်ချက်အနေနဲ့ရှိခဲ့တာကနေ  ဆွေးနွေးစရာအချက်တစ်ခုဖြစ်လာခဲ့တာပါ။  အာတီတာ ဆိုတဲ့ နည်းပြတစ်ယောက်ကို ဝေဖန်နေကြတာလား  ၊ ကိုယ်ပြုခဲ့တဲ့ မှတ်ချက်စကားတွေမှန်ကန်ကြောင်း နေရာစုံကနေ Evidence တွေလိုက်ဆွဲထုတ်နေကြသလားဆိုတာကတော့ လူမှုဗေဒ ပညာရှင်တွေဆီကိုတောင်ယူသွားပြီးဆွေးနွေးသင့်ပါတယ်။

အာတီတာကို ထူးချွန်တဲ့နည်းပြဖြစ်တယ်ဆိုတာကို ကျွန်တော်ဘယ်တုန်းကမှ  ထောက်ခံခြင်း / ငြင်းပယ်ခြင်း မလုပ်ခဲ့ဘူး။ ဒီကိစ္စကို ဆွေးနွေးဖို့က အတော်လေးကျယ်ပြန့်သလို ၊ အဖြေပေါ်ဖို့လဲစောင့်ရဦးမှာပါ။ ပြန်လည်တည်ထောင်ထားတဲ့အသင်းနဲ့ အတူ ဘာဆုဖလားမှ မရသေးပါဘူး။  သို့သော် သုံးစားမရသူဆိုပြီး ပြောလာရင်တော့  အမြဲလိုလို ပြန်ငြင်းခဲ့ပါတယ်။ သူဟာ ကိုယ်ပိုင် Philosophy တစ်ခုနဲ့ သွားနေတဲ့သူဖြစ်ပါတယ်။ ကြိုက်လို့လဲရ   မကြိုက်လို့လဲရပေမယ့် အရှိတရားကို ဖယ်ထုတ်လို့မရပါဘူး။ အောင်မြင်မှုမရသေးတာက အရှိတရားဖြစ်သလို ၊ အရည်အသွေးမမဲ့တာကလည်း မြင်သာတဲ့ကိစ္စဖြစ်ပါတယ်။

အာတီတာဟာ သူကျရှုံးခဲ့တဲ့ အချက်တွေကို ပြန်လည်အနိင်ယူဖို့ စိတ်အားထက်သန်သူဖြစ်ပါတယ်။ အရပ်စကားအလွယ်ပြောရရင်တော့ အညိုးကြီးတယ်ပေါ့လေ။   ဒီတော့ အူဘာရဲ့မှတ်ချက် ၊ အိုဇေးလ်ကိစ္စတုန်းက သူ့ကို ပြောကြတာတွေအတွက်လည်း အလွယ်တကူမေ့သွားမယ့်ပုံတော့မရှိပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် မီခေးလ်ကတော့ သူ့အလုပ်သူ ဆက်လုပ်သွားမှာပါ။ သူ့မှာ Road Map ရှိပြီးသားပါ။ ဒါပေမယ့် ဖြစ်နိုင်ရင် .. ကမ္ဘာကျော်တွေကို မကိုင်တွယ်တတ်ဘူးဆိုတဲ့ စကားကို  ကမ္ဘာကျော်ကစားသမား ၄-၅ ယောက်ခေါ်ပြီးသက်သေပြစေချင်သေးတယ်ဗျာ။ ကိုယ်တွေအတွက်လည်း ကြည့်ရတာပေါ့လေ။ လေ့ကျင့်ရေးကွင်းမှာ အာတီတာနဲ့ ထိပ်တန်းပလေယာတွေ အတူတူစကားပြောနေတဲ့မြင်ကွင်းကိုလဲ မြင်ရချင်မြင်ရမှာပေါ့။  ဒီလူက ဘာကိစ္စမဆို မှတ်ထားပြီးပြန်တုန့်ပြန်တတ်တဲ့အကျင့်လဲရှိတာပဲမဟုတ်လား။

အဲ့ဒီနောက်  အာတီတာ ဟာ အာတီတာဖြစ်လို့ မအောင်မြင်နိုင်ပါဘူး ဆိုတဲ့ ဝေဖန်ချက်အသစ်တစ်ခုလဲ ထွက်လာရင်ထွက်လာဦးမှာပါ။ အချို့ကတော့ သူတို့မမှားကြောင်းဆက်ပြီးသက်သေပြဖို့ လိုချင်လိုမှာဖြစ်လို့ပါပဲ။

Advertisement

Leave a Reply

%d bloggers like this: