ဒီတစ်ခါ ဂန်းနားတို့အလှဲ့လား

အာဆင်နယ်နဲ့လီဗာပူးလ်တို့ဟာ လာမယ့်တနင်္ဂနွေနေ့ည၊အာဆင်နယ်ရဲ့ အိမ်ကွင်းအမ်းမရိတ်မှာ ထိပ်တိုက်ရင်ဆိုင်သွားဖို့ရှိ‌နေပါတယ်။ အာဆင်နယ်ရဲ့ဒီရာသီရလဒ်တွေဟာ အထူးကောင်းမွန်နေခဲ့ပြီး လီဗာပူးလ်ကတော့ ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတာကြောင့် ဘောလုံးဝေဖန်သုံးသပ်သူအများစုဟာ ဒီပွဲစဉ်မှာ အာဆင်နယ်က အသာရသွားမယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာလည်း အာဆင်နယ်ဟာ လန်ဒန်ဒါဘီမှာ စပါးကိုဂိုးပြတ်အနိုင်ရခဲ့ပေမယ့် လီဗာပူးလ်ကတော့ အိမ်ကွင်းမှာ ဘရိုက်တန်နဲ့တစ်ဖက်သုံးဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ကြားရက်မှာယှဉ်ပြိုင်ခဲ့ကြတဲ့ ဥရောပပွဲစဉ်တွေမှာတော့ အာဆင်နယ်က ဘိုဒိုဂလင့်ကို (၃-၀)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့သလို လီဗာပူးလ်ကလည်း ရိမ်းဂျားကို (၂-၀)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်တွေအတွင်း နှစ်ဖက်အသင်းထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းတွေအရ ကြိုးကြာနီတွေဟာ အမြှောက်တပ်သားတွေကို အမြဲလိုလိုအသာရထားခဲ့ပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ ထိပ်တိုက်တွေ့ဆုံခဲ့မှုတွေအရ အာဆင်နယ်ဟာ လီဗာပူးလ်ကို အမ်းမရိတ်မှာ ၃ပွဲနိုင်၊၄ပွဲသရေ၊၃ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်မှာ  ရလဒ်ရှုံးခဲ့ပေမယ့် ကစားပုံနဲ့ စိတ်ဓါတ်ပိုင်းမှာ အာဆင်နယ် မနိမ့်ကျခဲ့ပါဘူး။ ပြန်လည်ဆောက်ခြင်းဆိုတဲ့ ခေါင်းစဥ်အောက်က ဂန်းနားလူငယ်တွေအတွက် သိသာတဲ့တိုးတက်မှုအဖြစ် အားလုံးက ချီးကျူးခဲ့ပါတယ်။ အထူးတလည်အနေနဲ့ အာတီတာရဲ့  ဝါရင့်နည်းပြကလော့ပ်ကို တုန့်ပြန်ရန်တွေ့ခဲ့ပုံဟာ မီဒီယာထက်မှာ ကျယ်ပြန့်စွာတက်လာခဲ့သလို  ဂန်းနားပရိတ်သတ်တွေလဲအားရခဲ့ပါတယ်။

ယာဂင်က‌လော့ပ်ကတော့ လက်ရှိမှာပုံစံကောင်းတွေပြသနေတဲ့  အာတီတာနဲ့အဖွဲ့သားတွေကို လေးစားမှုအပြည့်နဲ့ ချီးမွမ်းခန်းဖွင့်ခဲ့ပါတယ်။မနှစ်က ကာရာဘောင်ဖလားပြိုင်ပွဲအပြီးမှာလည်း ယာဂင်ကလော့ပ်ဟာ မာတင်နယ်လီကို အထူးတလည်ချီးကျူးခဲ့ဖူးပါတယ်။

မီခေးလ်(အာတီတာ)ဟာ တကယ်ကို ကောင်းကောင်းအလုပ်လုပ်နေတာပါ။သူ့ကို အများကြီးလေးစားမိပါတယ်။မာတင်နယ်လီကတော့ အရည်အသွေးတွေအများကြီးရှိတဲ့ကစားသမားပါ၊အစောကြီးကတည်းက ကျွန်တော် သူ့ကိုစိတ်၀င်စားခဲ့ပါတယ်။အိုဒီဂတ်လားသူ၁၅နှစ်သားအရွယ်၊နော်ဝေးမှာ ရှိနေစေဉ်က သူနဲ့သူ့အဖေကို ကျွန်‌တော်စကားပြောခဲ့ဖူးပါတယ်၊ဆာကာကတော့ ဝိုးပေါ့ဗျာ (တကယ်အံ့ဩဖို့ကောင်းတဲ့ကစားသမားပါ)”

ဂျေးဆုကလည်း မန်စီးတီးဂျာစီနဲ့တုန်းကထက် ပိုကောင်းလာတာကို တွေ့နေရတယ်။သောမတ်စ်ပါတေးဟာလည်း အက်သက်တီကိုမက်ဒရစ်မှာကတည်းက ဘယ်လောက်ကောင်းလဲဆိုတာ လူတိုင်းသိပါတယ်၊တကယ်ကို အရည်အသွေးအများကြီးရှိတဲ့ကစားသမားပါ။

အာဆင်နယ်ဟာ အလုပ်ကောင်းကောင်းလုပ်နေပြီး ငယ်ရွယ်တဲ့၊စိတ်၀င်စားဖို့ ကောင်းတဲ့အသင်းပါ။အခု ကျွန်တော်တို့ သူတို့ရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အတိတ်ကရလဒ်တွေကို ခေါင်းထဲမထည့်ထားပါဘူးလို့ ကလော့ပ်ကဆိုပါတယ်။

အာဆင်နယ်နောက်ခံလူဟောင်းဖြစ်တဲ့ ဝီလီယံဂါးလက်စ်ကလည်း လာမယ့်သီတင်းပတ်မှာ ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်နဲ့လီဗာပူးလ်တို့ရဲ့ပွဲစဉ်မှာ အာဆင်နယ်ကအနိုင်ရသွားမယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

အာဆင်နယ်အတွက် ၁၄၂ပွဲကစားခဲ့တဲ့ ဝီလီယံဂါးလက်စ်က ပြီးခဲ့တဲ့သီတင်းပတ်မှာကစားခဲ့တဲ့ အာဆင်နယ်နဲ့စပါးတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်က (၃-၂)ဂိုးနဲ့အနိုင်ရသွားမယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။  ဒါပေမယ့် တဆက်ထဲမှာလည်း ဂန်းနားတို့အနေနဲ့ ဒီတစ်ခါမှ မနိုင်ရင် စိတ်ပျက်စရာသိပ်ကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

ခန့်မှန်းတဲ့နေရာမှာ ကျွန်တော်ပိုတော်လာပါပြီလို့ဂါးလက်စ်ကရယ်ပြီး ပြောပါတယ်။ 

အာဆင်နယ်နဲ့လီဗာပူးလ်တို့ရဲ့ ပွဲစဉ်မှာလည်း အာဆင်နယ်အနိုင်ရသွားမယ်လို့ ကျွန်တော်ထင်ပါတယ်“”

Advertisements

အာဆင်နယ်အနေနဲ့လီဗာပူးလ်ကို အနိုင်မရခဲ့ရင် စိတ်ပျက်စရာတစ်ခုဖြစ်လာမယ်လို့ ဂါးလက်စ်ကဆိုပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာပုံစံကောင်းတွေနဲ့အမှတ်ပေးဇယားအဆင့်တစ်နေရာမှာ ရပ်တည်နေပါတယ်။လီဗာပူးလ်ကတော့ ဒီရာသီပရီးမီးယားလိဂ်မှာ ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပွဲစဉ်၇ပွံအပြီးမှာ ၂ပွဲသာအနိုင်ရထားခဲ့ပါတယ်။

အထူးသဖြင့် တောတင်ဟမ်ကိုအနိုင်ယူထားခဲ့တဲ့အခြေအနေမျိုးမှာ အာဆင်နယ်ဟာ လီဗာပူးလ်ကိုအန်ဖီးလ်မှာ အနိုင်မရဘူးဆိုရင် စိတ်ပျက်ရပါလိမ့်မယ်။လီဗာပူးလ်ရဲ့ဒီရာသီစွမ်းဆောင်ရည်၊ဘရိုက်တန်နဲ့ပွဲကစွမ်းဆောင်ရည်တွေအရ အာဆင်နယ်အနေနဲ့အနိုင်ရသင့်ပါတယ်လို့ ဂါးလက်စ်ဆိုပါတယ်။

လီဗာပူးလ်ဟာ ဒီရာသီမှာ ရုန်းကန်နေရပါတယ်။ဘရိုက်တန်နဲ့ပွဲကသူတို့ရဲ့ခြေစွမ်းအပေါ် ကျွန်တော်မအံ့ဩမိခဲ့ပါဘူး၊ဘာလို့လဲဆိုတော့ သူတို့ဟာဒီရာသီမှာအခြားအသင်းတစ်သင်းလို့ဖြစ်နေပါတယ်

အာဆင်နယ်နဲ့လီဗာပူးလ်တို့ဟာ ကြားရက်တွေမှာ ဥရောပပွဲစဉ်တွေကို ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ လီဗာပူးကတော့ ရိမ်းဂျားစ်ကို အနိုင်ယူခဲ့ပြီး ယုံကြည်မှုတွေပြန်လည်ရရှိထားခဲ့ပါတယ်။ အာဆင်နယ်ကတော့ မြန်မာစံတော်ချိန် သောကြာနေ့မနက်၁နာရီခွဲအချိန် အိမ်ကွင်းအမ်းမရိတ်မှာ  အက်ဖ်ကေဘိုဒိုဂလင့်ကို လက်ခံကစားခဲ့ပြီး  လီဗာပူးနဲ့ ပွဲအတွက် သွေးပူလေ့ကျင့်ခန်းဆင်းထားခဲ့ပါတယ်။

ကြိုးကြာနီတွေကို အမြှောက်တပ်သားတွေအနိုင်မရခဲ့တာကြာပြီဆိုပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒီမှတ်တမ်းဆိုးကိုချေဖျက်ဖို့ အကောင်းဆုံးအခွင့်အရေးရှိနေပါပြီ။ ဂါးလက်စ်ရဲ့ခန့်မှန်းမှုတွေဆက်လက်မှန်ကန်ပါစေလို့ပဲ မျှော်လင့်ကြတာ‌ပေါ့။ အမှတ်ပေးဇယားအရလည်း အာဆင်နယ်တို့အနေနဲ့ ဇယားထိပ်မှာဆက်လက်ရှိနေဆဲဖြစ်ပြီး ပွဲစဥ် ၈ တိုင်လာခဲ့ပြီဖြစ်ပါတယ်။  နိုင်ပွဲသာရခဲ့ရင်တော့ ချန်ပီယံလောင်းစာရင်းထဲမှာ ပိုပြီးအလေးပေးလာကြဖို့ရှိနေပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: