Post Match Article – အာတီတာပျော်ရတဲ့နိုင်ပွဲ ၊ ရင်ဆိုင်ရမယ့်ခရီးကြမ်းအတွက် ပဏာမဖြစ်ခဲ့တဲ့ နိုင်ပွဲ

ဒီနေ့မနက်စောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်နဲ့ဘိုဒိုဂလင့်တို့ရဲ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်က (၃-၀)ဆိုတဲ့ရလဒ်နဲ့ပြတ်ပြတ်သားသားအနိုင်ရခဲ့ပါတယ်။ဒီရလဒ်ကြောင့် အသင်းဟာ ပရီးမီးယားလိဂ်မှာသာမက ယူရိုပါလိဂ်မှာပါ ထိပ်ဆုံးကနေဦးဆောင်ခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် အလွန်အရေးကြီးတဲ့ လီဗာပူးလ်နဲ့ပွဲစဥ်အတွက်လည်း အကြိုခြေသွေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်အတွက် သွင်းဂိုးတွေကိုတော့ အန်ကက်တီးယား၊ ရော့ဘ်ဟိုးဒင်းနဲ့ဖေဘီယိုဗီအဲရာတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီကစားသမားသုံးယောက်လုံးဟာ အသင်းရဲ့အရန်ကစားသမားတွေဖြစ်ပြီး အပြောင်းအလဲများစွာပြုလုပ်ထားတဲ့ လူစာရင်းနဲ့ ခုလိုမျိုးခြေစွမ်းပြအနိုင်ယူနိုင်တာကြောင့် အာတီတာအတွက် ‌ကျေနပ်စရာဖြစ်ခဲ့ပါတယ်။ လိုအပ်ချက်တွေကိုမြင်နေရပေမယ့် ပရိတ်သတ်တွေအနေနဲ့  ဒုတိယအသင်းတစ်သင်းရှိနေပြီဆိုပြီး ရေရွတ်နိုင်တဲ့အခြေအနေတရပ်ပါပဲ။ ဟိုးဒင်းဟာလည်း အရံကစားသမားတစ်ဦးအဖြစ် အသင်းကိုလူအင်အားပိုတောင့်စေပြီးလိုအပ်ချိန်မှာ အကောင်းဆုံးအသုံးတော်ခံဆဲပါပဲ။ မနှစ်တုန်းကလည်း EPL မှာလူစားဝင်ရင်း သွင်းဂိုးတစ်ဂိုးပါ ရယူပေးခဲ့တာအမှတ်ရစရာပါ။ ယနေ့ပွဲက သူ့ရဲ့ခေါင်းတိုက်ချက်ကလည်း အရည်အသွေးမနိမ့်ခဲ့ပါဘူး။

ပွဲအပြီးမှာတော့ စပိန်သားနည်းပြက ဒီအနိုင်ရလဒ်အပေါ် တကယ်ပဲ ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။

ကျွန်တော်တကယ် ပျော်ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ဟာ မတူညီတဲ့ပြိုင်ဘက်၊ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ဒါကို ပွဲမတိုင်မီကတည်းက ကျွန်တော်ပြောခဲ့တယ်၊လူတိုင်းလည်း မြင်ခဲ့မယ်လို့ထင်ပါတယ်

ကျွန်တော်တို့ အပြောင်းအလဲတွေအများကြီး လုပ်ခဲ့တယ်။ ကစားသမားရှစ်ယောက်အထိ အပြောင်းအလဲလုပ်ခဲ့တယ်လို့ ထင်ပါတယ်။သုံးဂိုးသွင်းပြီး ပေးဂိုးမရှိပဲအနိင်ရခဲ့တဲ့အပေါ် ကျွန်တော်တကယ် ပျော်ပါတယ်။ဒါပေမယ့် အားလုံးခြုံကြည့်မယ်ဆိုရင် အချို့အချိန်တွေမှာ အသင်းဟာ အချိတ်အဆက်မမိ‌ခဲ့တာတွေ၊ ချိန်သားမကိုက်ခဲ့တာတွေကို တွေ့ခဲ့ရတယ်

အာတီတာဟာ သွင်းဂိုးတွေရယူခဲ့တဲ့ အန်ကက်တီးယားနဲ့ဗီအဲရာတို့ကိုလည်း ချီးကျူးသွားခဲ့ပါတယ်။ အန်ကက်တီးယားဟာ သူနောက်ဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ ယူရိုပါလိဂ်၄ပွဲဆက် ဂိုးသွင်းယူထားခဲ့ပါတယ်။ဗီအဲရာကလည်း အမ်းမရိတ်မှာ ပထမဆုံးဂိုးသွင်းနိုင်ခဲ့ပြီး ဒီရာသီဒုတိယမြောက်သွင်းဂိုးရှာတွေ့ခဲ့ပါတယ်။

ကစားပုံဟာ ကျစ်လစ်ပြီး တိုက်စစ်ဆင်နိုင်ခဲ့တယ်ဆိုပေမယ့်  အချိတ်အဆက်ပိုင်းမှာ အားနဲမှုတွေကိုတော့ မြင်ခဲ့ရပါတယ်။ ဒါကလည်း တဖက်အသင်းရဲ့ ခံစစ်ကစားပုံကြောင့်လည်းဖြစ်နိုင်ပါတယ်။ အနဲငယ်မနှစ်မြို့စရာအချက်ကတော့ မာတင်နယ်လီ၊ အိုဒီဂတ် ၊ ဂျေးဆူတို့လိုကစားသမားတွေကို မိနစ်အချို့ဖြစ်ဖြစ်တော့ မှီခိုနေရသေးတာပါပဲ။ တဖက်ကကြည့်ရင်လဲ အသင်းလိုက်ထိတွေ့မှုပိုအားကောင်းစေတယ်လို့ ကောက်ချက်ချရမှာပါ။

အက်ဒီ(အန်ကက်တီးယားက အမြဲအသင့်ဖြစ်နေတာဗျ၊သူကစားရတဲ့အချိန်တိုင်း သူရဲ့စွမ်းဆောင်ရည်အချက်အလက်တွေ၊ ကိန်းဂဏန်းတွေကိုကြည့်မယ်ဆိုရင် အံ့ဩစရာပါ။ဒီနေ့မှာ သူကစားဖို့အခွင့်အရေးရခဲ့ပြီး ဒီအခွင့်အရေးကိုလည်း သူကောင်းကောင်းအသုံးချနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်

ဗီအဲရာကလည်း ကျွန်တော်တို့ဘာလုပ်ချင်လဲဆိုတာ နေ့တိုင်း ပိုနားလည်လာနေပါတယ်။ကျွန်‌တော်တို့သူ့ကို အလုပ်အများကြီးပေးချင်ခဲ့တဲ့ ခံစစ်ကစားတဲ့၊အသင်းကိုစုစည်းရတဲ့အချိန်အခိုက်အတန့်အချို့ ရှိခဲ့ပါတယ်။ဒါပေမယ့် သူရဲ့ပါရမီအရည်အသွေးတွေကို ခင်ဗျားတို့တွေ့နိုင်ပါတယ်။သူရဲ့ဖန်တီးမှုစွမ်းရည်နဲ့final third ဧရိယာထဲမှာ ဘယ်လောက်အန္တရာယ်များလဲဆိုတာ ခင်ဗျားတို့တွေ့နိုင်ပါတယ်လို့ အာတီတာက ဗီအဲရာကို ချီးကျူးသွားခဲ့ပါတယ်။

ဗီအဲရာ ရဲ့ကစားပုံကို ဒီပွဲမှာ ချီးကျူးရမယ်လို့ ပြောချင်ပါတယ်။ သူ့အနေနဲ့ အကောင်းမွန်ဆုံးအခိုက်အတန့်များစွာကို ပြသနိုင်ခဲ့သလို ရဲရင့်မှုကိုလည်းမြင်ရပါတယ်။ ကန်ချက်အချို့ အနဲငယ်လွဲချော်နေခဲ့ပေမယ့် အဆုံးသတ်ဂိုးကတော့ သူလုပ်ချင်တဲ့ပုံစံကနေပဲ ဂိုးရခဲ့တာပါ။ ဆိုလိုတာက မိုးပေါ်ထောင်တဲ့ကန်ချက်တွေများနေပေမယ့်လည်း အပြင်းကန်သွင်းလိုနေတဲ့သူ့ရဲ့စိတ်ကို မပြောင်းလဲခဲ့ပဲ လုပ်စရာရှိတာကိုရဲရဲတင်းတင်းဆက်လုပ်ခဲ့တာပါပဲ။ ရလဒ်ကတော့ သပ်ရပ်တဲ့ဂိုးတစ်ဂိုးဖြစ်ခဲ့ပါတယ်။  ဒါ့အပြင်ဖန်တီးမှုနဲ့ တဖက်အသင်းကို ခြောက်လှန့်နိုင်တဲ့ပေးပို့မှုများစွာကိုလည်းပြုလုပ်နိုင်ခဲ့ပါတယ်။ အက်ဒီ အန်ကတ်တီးယားအတွက်ကတော့ တစ်ဦးခြင်းအတွေ့မှာ ကောင်းကောင်းအဆုံးသတ်နိုင်ခဲ့ရင် သိပ်လှတဲ့ညတညကိုပိုင်ဆိုင်ရမှာဖြစ်ပေမယ့်လွဲချော်ခဲ့ပါတယ်။

အထွေအထူးချီးကျူးစရာမလိုတာကတော့ ဂျေးဆူပါ။ အခုလိုမျိုး တဖက်နောက်တန်းကိုဖရိုဖရဲဖြစ်စေတာမျိုးကို နောက်ပွဲစဥ်တွေမှာလည်းဆက်ပြီးမြင်လိုပါတယ်။  ပြန်လည်ချုံငုံသုံးသပ်ရရင် အခုလိုမျိုး Clean Sheet နိုင်ပွဲဟာအသင်းရဲ့ ကောင်းမွန်နေတဲ့ စည်းချက်ကို ပိုမိုအားပြည့်စေခဲ့ပြီး အာတီတာပြောတဲ့ “ ရလဒ်ထက်ပိုပြီးအရေးကြီးတဲ့ အသင်းလိုက်ဟန်ချက်ညီမှု “ အတွက် အထောက်အကူပြုစေခဲ့တဲ့ပွဲစဥ်လည်းဖြစ်ခဲ့ပါတယ်။ အရံကစားသမားတွေရဲ့စိတ်ထဲမှာ ” ငါတို့ဟာလည်း နိုင်ပွဲယူနိုင်သူတွေဖြစ်တယ် “ ဆိုတဲ့ယုံကြည်ချက်ကိုလည်းတိုးစေခဲ့ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: