ဂန်းနားတို့ မှန်းထားတာထက် ပိုအောင်မြင်မယ့် ရာသီလား

ဒီရာသီအစမှာ ကျွန်တော်တို့တွေးထားခဲ့တာက အသင်းဟာ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ရှုံးထွက်ဆုဖလားတစ်ခုခုကို သိမ်းပိုက်နိုင်ဖို့ပါပဲ။ ပရီးမီးယားလိဂ်ချန်ပီယံဆိုတာ အာဆင်နယ်မမီနိုင်သေးတဲ့ ပန်းတစ်ပွင့်လိုပဲ ကျွန်တော်တို့အားလုံးထင်ခဲ့ကြတာပါ။

ဒါပေမယ့် ပရီးမီးယားလိဂ်ပွဲစဉ်၈ပွဲအပြီး၊ အာဆင်နယ်ဟာ ၇ပွဲနိုင်၊၁ပွဲရှုံးဆိုတဲ့ရလဒ်နဲ့ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေချိန်မှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ပြီးလားဆိုတဲ့ အတွေးစတွေကို ကျွန်တော်တို့ စတွေးနေမိပါပြီ။ ဘောလုံးဆွေးနွေးမှုတွေမှာလည်းထည့်သွင်းပြောဆိုစရာကိစ္စတစ်ခုဖြစ်လာပါပြီ။ တကယ်လို့ လီဗာပူးနဲ့ပွဲမှာ ရလဒ်မဆိုးခဲ့ဘူးဆိုရင်တော့ ကျယ်လောင်တဲ့ခေါင်းစဥ်တစ်ခုအဖြစ်ပါ ပြောင်းလဲသွားတော့မှာပါ။

ဒီရာသီမှာ လီဗာပူးလ်ဟာ အသက်အရွယ်အရကော၊ခြေစွမ်းအရပါ အကျဘက်ကို ရောက်နေတဲ့လူစာရင်းကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အခြေအနေမှာ ရှိမနေပါဘူး။ ပိုင်ရှင်အပြောင်းအလဲ၊ စနစ်အပြောင်းအလဲ၊ နည်းပြအပြောင်းအလဲများနဲ့ချဲလ်ဆီးဟာလည်း မန်စီးတီးကိုစိန်ခေါ်နိုင်တဲ့အဆင့်မှာ ရှိမနေပါဘူး။

ဒီတော့ ချဲလ်ဆီးနဲ့လီဗာပူးလ်တို့ကို ဖယ်လိုက်မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာရှိနေတဲ့ အားအကောင်းဆုံးအသင်းလေးသင်းဟာ မန်စီးတီး၊ အာဆင်နယ်၊ မန်ယူနဲ့တော့တင်ဟမ်တို့ပဲဖြစ်ပါတယ်။

Advertisements

ဟာလန်းကိုရလိုက်တာကြောင့် မန်စီးတီးဟာ မြင်းကိုချိုတပ်ပေးလိုက်သလိုမျိုး ထိန်းချုပ်မရတဲ့အသင်းတစ်သင်းဖြစ်လာခဲ့ပါတယ်။ ပက်ပ် လို မန်နေဂျာကောင်းနဲ့ ဒီလိုကစားသမားအစုအဖွဲ့ကိုပိုင်ဆိုင်ထားတဲ့ မန်စီးတီးဟာ သုံးနှစ်ဆက်တိုက်ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ရေပန်းစားနေတာ မဆန်းလှပါဘူး။

တော့တင်ဟမ်ဟာလည်း ကွန်တီရဲ့လက်အောက်မှာ ပုံစံကောင်းတွေရနေပြီး ပြီးခဲ့တဲ့နွေက ကစားသမားအင်အားဖြည့်တင်းမှုတွေကြောင့် ပိုတောင့်တင်းလာတဲ့ အသင်းတစ်သင်းဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်၊ မန်ယူတို့နဲ့အပြိုင် မန်စီးတီးကို စိန်ခေါ်နိုင်တဲ့‌အဆင့်မျိုးကို ကွန်တီရဲ့အသင်းဟာ မရောက်သေးပါဘူး။

မန်ယူကတော့ ပြီးခဲ့တဲ့နွေမှာ မန်နေဂျာသစ်အဖြစ် အဲရစ်တန်ဟက်ဂ်ကို ရထားတယ်။ ကစားသမားသစ်တွေအဖြစ် အဲရစ်ဆင်၊ မာတီနက်ဇ်၊ ကက်စ်စမဲရိုးနဲ့အန်တိုနီယိုတို့ကို ရထားပြီး ဒီလူတွေကို အသင်းရဲ့ရှိရင်းစွဲလူစာရင်းနဲ့ပေါင်းစပ်လိုက်ဆဲ့အခါ မန်ယူရဲ့လူစာရင်းဟာ အတော်‌လေးကိုတောင့်တင်းတဲ့အနေအထားပါ။ သူတို့ရဲ့ကစားပုံဟာ အကောင်းကြီးမဟုတ်သေးဘူးဆိုပေမယ့် ထိပ်တန်းကစားသမားအများအပြားကိုပိုင်ဆိုင်ထားတယ်ဆိုတဲ့အားသာချက်နဲ့ သရဲနီတွေဟာ ဒီရာသီမှာ တစ်ခုခုလုပ်ပြလာနိုင်ပါတယ်။

ဒါဆို ကျွန်တော်တို့ရဲ့ အာဆင်နယ်ကရော ?

ပြီးခဲ့တဲ့နွေမှာ အာဆင်နယ်ကို ဆာလီဘာ၊ဂျေးဆု၊ဇင်ချန်ကို၊မာကွင်ဟို၊ဗီအဲရာနဲ့မတ်တာနာတို့ကို အာဆင်နယ်ဟာ ရထားခဲ့ပါတယ်။ ဆာလီဘာ၊ဂျေးဆု၊ဇင်ချန်ကိုတို့ဟာ အသင်းရဲ့အဓိကပွဲထွက်လူစာရင်းမှာ နေရာတစ်နေရာကို အပိုင်သိမ်းယူနိုင်ခဲ့ပြီး အသင်းကိုနောက်တစ်ဆင့်ရောက်အောင် ကူညီနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေမှာ အာဆင်နယ်ပြုလုပ်ခဲ့တဲ့အမှားကတော့ ကွင်းလယ်အထိုင်နဲ့ညာတောင်ပံတိုက်စစ်ကို အင်အားမဖြည့်ခဲ့တာပါပဲ။ ဆာကာဒဏ်ရာရသွားခဲ့ရင်၊ရှာကာ သို့မဟုတ် ပါတေးတို့ထဲကတစ်ဦးဦးနာသွားခဲ့ရင် အာတီတာအတွက်ခေါင်းကိုက်စရာအကြီးကြီးဖြစ်လာနိုင်ပါတယ်။ ပါတေးမပါ၀င်နိုင်တဲ့ပွဲစဉ်တွေဆို အသင်းဟာရလဒ်ကောင်းတွေရယူဖို့ ခက်ခက်ခဲခဲရုန်းကန်ရတာကိုလည်း ကျွန်တော်တို့မြင်တွေ့ခဲ့ရပြီးပါပြီ။

Advertisements

ဒီတော့ ပြီးခဲ့တဲ့နွေကအမှားကို လာမယ့်ဇန်နဝါရီမှာ ပြင်ဆင်ရပါမယ်။အာဆင်နယ် ကွင်းလယ်နဲ့ညာတောင်ပံတိုက်စစ်အတွက် လူ၀ယ်ရပါမယ်။

ဒီရာသီမှာ တိုးတက်မှုတွေအနေနဲ့ အသင်းဟာကွင်းတွင်းကွင်းပြင်ပိုပြီးစည်းရုံးလာတယ်၊ကစားခဲ့တဲ့ပွဲစဉ်တိုင်းမှာ ပြိုင်ဘက်ကို အသာရအောင်ကစားထားနိုင်ခဲ့တယ်။အသင်းရဲ့ကွင်းလယ်ဟာ သွင်းဂိုးတွေရယူနိုင်စွမ်းရှိလာပြီ။အနိုင်ရသင့်တဲ့ပွဲစဉ်တွေကို အနိုင်ရအောင်ကစားလာနိုင်ခဲ့ပါပြီ။ပရိသတ်‌ တွေနဲ့အသင်းကြားက ပေါင်းစည်းမှု၊နားလည်မှုတွေဟာလည်း ပိုအားကောင်းလာခဲ့ပါပြီ။အသင်းဟာ ပြီးခဲ့တဲ့ရာသီကထက် အများကြီးပိုတောင့်တင်းလာခဲ့ပါပြီ။

အာတီတာနဲ့သူရဲ့ကောင်လေးတွေဟာ လိုအပ်ချက်တွေကိုပြုပြင်ပြီး လက်ရှိခြေစွမ်းကောင်းတွေကို ရာသီကုန်အထိ တည်တည်ငြိမ်ငြိမ်နဲ့ထိန်းထားနိုင်မယ်၊ ကစားသမားတွေကလည်း ဒဏ်ရာပြဿနာကင်းစင်မယ်၊ကံတရားရဲ့ကူညီစောင်မမှုလေးလည်း ရှိမယ်ဆိုရင်တော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးကို အတိုင်းအတာတစ်ခုအထိ စိန်ခေါ်လာနိုင်မှာပါ။ လာမယ့်သီတင်းပတ်မှာ လီဗာပူးလ်ကို ဆက်အနိုင်ရခဲ့ရင်တော့ ပိုပြီးစိတ်၀င်စားစရာကောင်းလာတော့မှာပါ။ ဒါကတော့ ကွင်းတွင်းကိစ္စရပ်ဖြစ်ပါတယ်။

စီမံအုပ်ချုပ်ရေးဖက်ကလည်း အစီအမံတွေကို လိုက်လျောညီထွေစွာလုပ်ကိုင်သွားဖို့လိုပါတယ်။ ပြီးခဲ့တဲ့နှစ်ဟာ သိပ်နှမြောဖို့ကောင်းပါတယ်။ အသင်းဟာ မှန်းထားတဲ့ပစ်မှတ်ကို ခပ်စောစောပဲထိခဲ့တယ်။ ပိုမြင့်တဲ့အဆင့်မှာ ရာသီသိမ်းဖို့အခွင့်အလှမ်းရှိခဲ့တယ်။ ဒါပေမယ့် ဖြည့်တင်းမှုတွေဟာ ကောင်းမွန်စွာမထောက်ပံ့နိုင်တဲ့နောက်  မိုးထဲရေထဲမှာ ဂန်းနားတို့ အဆင့် ၅နဲ့ ဇာတ်သိမ်းရတော့တာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် မျှော်လင့်စရာတွေများလာသလို ၊ ပိုကောင်းတဲ့ရာသီဖြစ်ဖို့လဲရှိနေပါပြီ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: