Editorial – ဂျေးဆုရဲ့ မြောက်လန်ဒန်ဒါဘီ မိနစ်များ

ပွဲချိန်၃၀မိနစ်၀န်းကျင်၊ အာဆင်နယ်ရဲ့ပင်နယ်တီဧရိယာထဲမှာ ရစ်ချာလီဆန် လဲကျသွားတယ်။ ကွင်းလယ်ဒိုင်ကဝီစီမှုတ်ပြီး ပင်နယ်တီအမှတ်နေရာကို လက်ညှိုးထိုးပြလိုက်ပါတယ်၊သွားပြီ၊ ဒါဟာ ပင်နယ်တီပါပဲ။

ဒီမတိုင်ခင်မှာ အာဆင်နယ်ဟာ ကစားပွဲတစ်ခုလုံးအသာစီးယူပြီး ထိန်းချုပ်ထားနိုင်ခဲ့တယ်၊ ဂိုးသွင်းဖို့အခွင့်အရေးကောင်းတွေလည်း ဖန်တီးနိုင်ခဲ့တယ်၊ ပါတေးရဲ့ လှပတဲ့အဝေးကန်ချက်နဲ့လည်း ပြိုင်ဘက်ကို ဦးဆောင်ထားနိုင်ခဲ့တယ်။ ဒါပေမယ့် မလိုအပ်ပဲ ဘောလုံးကိုင်ထားခဲ့တဲ့ဆာကာရဲ့အမှားကနေ စပါးရဲ့တန်ပြန်တိုက်စစ်ကို ခွင့်ပြုခဲ့ရပြီး ဂါဘရီယယ်အလတ်ကောင်ရဲ့ ထပ်ဆင့် အမှားကြောင့် ပင်နယ်တီခွင့်ပြုလိုက်ရတယ်။

ဟယ်ရီကိန်းရဲ့ ကန်ချက်ကို ရမ်ဒေးလ်ဟာမကာကွယ်နိုင်ခဲ့ပါဘူး၊စပါးဟာ ချေပဂိုးရသွားပါပြီ။မဖြစ်သင့်တဲ့အမှားကနေ ၊ဘာမှမဟုတ်တာကနေ ချေပဂိုးပေးလိုက်ရ‌တာကြောင့် အာဆင်နယ်ကစားသမားတွေနဲ့ ပရိသတ်တွေဟာ တောက်တခေါက်ခေါက်နဲ့ပေါ့။ပထမဆုံးပိုင်းပြီးဆုံးချိန်မှာတော့ တစ်ဖက်တစ်ဂိုးစီဆိုတဲ့ရလဒ်နဲ့ သရေကျနေခဲ့ပါတယ် 

ဒီလိုအချိန်မှာ အာဆင်နယ်အနေနဲ့ နောက်ထပ်ဦးဆေင်ဂိုးတစ်ဂိုးကို အမြန်ဆုံးပြန်ရယူဖို့လိုအပ်နေပါပြီ။ ကစားပွဲကိုပြန်ထိန်းချုပ်ဖို့၊စိတ်ဓာတ်ခွန်အားတွေပြန်ရယူဖို့ အရေးပါတဲ့ဒုတိယသွင်းဂိုးကို ဒုတိယပိုင်းပြန်လည်စတင်ခဲ့ပြီး လေးမိနစ်အကြာမှာတော့ ဆာကာရဲ့ကန်ချက်ကို ဟူဂိုလောရစ်နဲ့စပါးနောက်တန်းတို့ တားဆီးပုံလိုအပ်ချက်ကနေ ရလာတဲ့အခွင်ြအရေးကို ဂျေးဆုက အပိုင်အဆုံးသတ်ခဲ့ပါတယ်။

ဒီလိုမျိုး ဒုတိယဦးဆောင်ဂိုးကို ရယူနိုင်ခဲ့တာဟာ အသက်တမျှ အရေးပါခဲ့တဲ့ အခိုက်အတန့်ဖြစ်ခဲ့တယ်လို့  အသင်းခေါင်းဆောင် အိုဒီဂတ်က ဆိုလာခဲ့ပါတယ်။

ဒုတိယမြောက်သွင်းဂိုးဟာ ကျွန်တော်တို့အတွက် အသက်တမျှအရေးပါခဲ့တယ်လို့ ထင်ပါတယ်။ကျွန်တော်တို့ကစားပွဲကို အသာစီးယူထားနိုင်ခဲ့တယ်။ဒါပေမယ့် ဘာမှမဟုတ်တာကနေ ချေပဂိုးပြန်ပေးလိုက်ရတဲ့နောက် ကျွန်တော်တို့ဂိုးပြန်သွင်းနိုင်ဖို့၊အရှိန်‌ပြန်ယူဖို့၊စွမ်းအင်တွေပြန်ရယူဖို့ဟာ သေရေးရှင်ရေးလောက်ကို အရေးကြီးခဲ့ပါတယ်။ဒါကြောင့် ဒုတိယသွင်းဂိုး(ဂျေးဆုရဲ့ဂိုး)ဟာ သိပ်ကိုအရေးပါခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်

ဒုတိယသွင်းဂိုးရယူခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ဟာ ကစားပွဲကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ ပြတ်သားတဲ့အနိုင်ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ဒီလိုမျိုး နှစ်ဂိုးအသာနဲ့ အနိုင်ရတဲ့ခံစားချက်ဆိုတာမျိုးက အမြဲကောင်းမွန်ပါတယ်။သူတို့တစ်ယောက်လျော့သွားတဲ့အချိန်မှာ ကျွန်တော်တို့ဟာ ဘောလုံးပိုင်ဆိုင်မှုပိုယူထားနိုင်ခဲ့တယ်။တစ်ယောက်လျော့သွားတာဟာ တော့တင်ဟမ်ကို အတော်လေးအထိနာစေခဲ့ပါတယ်

ဒုတိယသွင်းဂိုးဟာ အသင်းကိုယုံကြည်မှုတွေပေးခဲ့ပြီး အမ်းမရိတ်ကွင်းကြီးထဲက ဂန်းနားတွေကိုလည်း ပိုပြီးဆူညံ့စေခဲ့ပါတယ်။ အာဆင်နယ်နဲ့ပရိသတ်တွေပေးတဲ့ဖိအားဒဏ်ကို တော့တင်ဟမ်ဟာ မရင်ဆိုင်နိုင်ခဲ့ပါဘူး။ပွဲချိန်၆၂မိနစ်မှာ‌တော့ အီမာဆင်ရွိင်ရယ်ဟာ မာတင်နယ်လီကို မလိုအပ်ပဲ ဖျက်ထုတ်ပုံအတော်လေးကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဒီနောက်‌မှာတော့ အာဆင်နယ်ဟာ တစ်ယောက်လျော့သွားတဲ့ပြိုင်ဘက်ကို စိတ်ကြိုက်ထိန်းချုပ်ကစားခဲ့ပြီး ရှာကာက တတိယမြောက်သွင်းဂိုးကို ရယူခဲ့ပြီးနောက်မှာတော့ ပွဲဟာပြီးသလောက်ရှိသွားခဲ့ပါတယ်။ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ လန်ဒန်မြို့ရဲ့ကောင်းကင်ဟာ အနီရောင်ဖြစ်ခဲ့ပါတယ်။ ဂျေးဆုဟာလဲပဲ မြောက်လန်ဒန်မှာဂိုးသွင်းပြီး အထာကျကျအောင်ပွဲခံသွားခဲ့တယ်။ ပွဲကြည့်စင်ပေါ်က  King  ကြီးလဲသဘောကျမယ်ထင်ပါရဲ့။

ဂျေးဆုသွင်းလိုက်တဲ့အချိန်မှာ  မြောက်လန်ဒန်ဒါဘီမတိုင်ခင်  ၂ရက်လောက်မှာ ကိုယ့် Page က တင်ထားတဲ့ဆောင်းပါးခေါင်းစဥ်ကို ပြေးသတိရမိတယ်။ “ ရင်ထဲရောက်ဖို့ ခြေတလှမ်းအလို “ ဆိုတာပါပဲ။ ၈ပွဲကစား ၅ ဂိုးသွင်းထားပြီး ၊ ရာသီကုန်ရင် ဂိုး ၂၀ ကျော်ဖို့ မျှော်လင့်ထားနိုင်တဲ့ တိုက်စစ်မှုးဟာ ပရိတ်သတ်တွေအသဲပေါက်မတတ်နိုင်ချင်တဲ့ပွဲတစ်ပွဲမှာ အရေးကြီးတဲ့ဂိုးတစ်ဂိုးသွင်းလိုက်ပြန်ပြီပေါ့။

အနီရောင်သူရဲကောင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျေးဆုကတော့ ပရီးမီးယားလိဂ်ပွဲစဉ်၈ပွဲအပြီးမှာ ၅ဂိုးသွင်း၊ ၃ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒီကိန်းဂဏန်းဟာ ယခုရာသီမှ အသင်းနဲ့ပူးပေါင်းတဲ့ တိုက်စစ်မှုးတစ်ယောက်အတွက်သိပ်လှပါတယ်။ ဂန်းနားပရိတ်သတ်တွေမမေ့ဖို့ကတော့ ဒီလိုတိုက်စစ်မှုးကို ကျွန်တော်တို့ ပိုင်ထားပြီဆိုတာပါပဲ။

တစ်ခါတစ်လေ အာဆင်နယ်ပရိတ်သတ်တွေကို အသဲယားမိတာက ကိုယ်ဘယ်အခြေအနေမှာလဲကိုယ်မေ့နေတာကိုပဲ။  ဇယားကိုလဲပြန်ကြည့်ပါဦး။ ပြီးတော့ … ပလေယာတွေလည်း ခြေစွမ်းပြနေပြီလေဗျာ။ လက်ဖက်ရည်ဆိုင်မှာ အရမ်းဆူညံနေရင် တိတ်ဆိတ်ဆိတ်ကော်ဖီဆိုင်လေးထဲ နားအေးပါးအေးအနားသွားယူနေလဲရတာပဲမဟုတ်လား။  မာတင်နယ်လီ၊ ဂျေးဆု ၊ ဆာလီဘာ ၊ ဆာကာ ၊ ပါတေး။ အေးဆေးပေါ့။  ကိုယ်တွေမှာ လူ ၄ ယောက်လောက်က ဝိုင်းကပ်ထားရမယ့် တိုက်စစ်မှုးတစ်ယောက်ရှိနေတယ်ဆိုတာကို မေ့မနေကြပါနဲ့ဗျိုး။

Advertisements
Advertisement

Leave a Reply

%d bloggers like this: