ဂျေးဆုဟာ အာဆင်နယ်ကို ရောက်လာပြီးနောက် မန်စီးတီးမှာနဲ့မတူ၊ပြောင်းလဲသွားတဲ့ ကစားသမားတစ်ယောက်ဖြစ်လာတယ်ဆိုတာ ကျွန်တော်တို့အားလုံးအမြင်ပါ။ လွတ်လွတ်လပ်လပ်ပျံသန်းခွင့်ပေးထားလို့ ပျော်ရွှင်နေသူ၊ ဂန်းနားတိုက်စစ်မြှားဦးမှာ မရှိမဖြစ်ဦးဆောင်သူဖြစ်လာတဲ့ ဂျေးဆုဟာ အချိန်တိုအတွင်းမှာပဲ အာဆင်နယ်ပရိသတ်သတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
တစ်ချိန်က ဂွာဒီယိုလာကစားစေချင်တဲ့နေရာတွေမှာ ကစားခဲ့ရတာ၊ အီတီဟတ်မှာ အထောင်တိုက်စစ်မှူးစစ်စစ်ဖြစ်ခွင့်မရခဲ့တာ၊ ပြီးခဲ့တဲ့နွေမှာ မန်စီးတီးကို ဟာလန်းရောက်လာခဲ့တွေဟာ ဘရာဇီးလ်သားနဲ့မန်စီးတီးတို့ရဲ့ ကတ္တီပါလမ်းခွဲဇာတ်လမ်းအစဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလ်လက်ရွေးစင်အသင်းမှာရွေးချယ်ခံရဖို့ ဂျေးဆုအတွက် ပုံမှန်ကစားခွင့် ရမယ့်အသင်းလိုအပ်ခဲ့ပါတယ်။ လာကာဇက်၊ အူဘာမီယန်းတို့မရှိတော့တဲ့တိုက်စစ်မှူးနေရာကို သွေးသစ်လောင်းဖို့ အာတီတာဟာ ဂျေးဆုကိုလိုအပ်ခဲ့ပါတယ်။ဒီလိုနဲ့ပြီးခဲ့တဲ့နွေမှာတော့ ဘရာဇီးလ်တိုက်စစ်မှူးတစ်ယောက် အမ်းမရိတ်မြေကိုရောက်လာခဲ့ပါတယ်။
မကြာသေးခင်က ESPN Brasil နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးလ်မှာ ဂျေးဆုက သူ မန်စီးတီးကနေထွက်ခွာခဲ့ရတဲ့ အကြောင်းရင်းနဲ့အာဆင်နယ်မှာ ကစားရတာပျော်ရွှင်ရတဲ့အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။
“အဓိကက ဂွာဒီယိုလာရဲ့ ဘောလုံးကိုနားလည်လက်ခံတဲ့ပုံစံနဲ့ သူကစားစေချင်တဲ့ပုံစံကြောင့်ပါ။ သူ့ရဲ့ကစားသမားတွေဟာဒါတွေကိုလက်ခံဖို့ရပါလိမ့်မယ်။တကယ်လို့ လက်မခံနိုင်ဘူးလား ‘ကျေးဇူးတင်ပါတယ်၊အခုပဲ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေတော့“လို့ သူပြောပါလိမ့်မယ်”
“အချိန်ခဏလောက် ဒါတွေကိုကျွန်တော်လက်ခံခဲ့တယ်။ဒါပေမယ့် တစ်နေ့မှာတော့ ကိုယ်တကယ်လိုချင်တဲ့ အရာတစ်ခုကိုရှာဖွေဖို့အချိန်ရောက်လာခဲ့ပါတယ်။သူ့ကို ကျွန်တော်ကျေးဇူးတင်ပါတယ်၊ဂွာဒီယိုလာဟာ ကျွန်တော့်ကို နားလည်ပေးခဲ့ပြီး ကျွန်တော်လည်း ရှေ့ဆက်ခဲ့ပါတယ်“
မန်စီးတီးနဲ့အာဆင်နယ်မှာ ကစားရတာမတူညီတဲ့ အကြောင်ူကိုလည်း ဂျေးဆုက ပြောပြခဲ့ပါတယ်။အာဆင်နယ်မှာကစားရတဲ့အပေါ် ဘရာဇီးလ်သာဟာ အတော်ပဲ ပျော်ရွှင်နေပုံပေါ်ပါတယ်။
“အာဆင်နယ်မှာ ကစားရတာဟာ အရင်ကကစားရတာနဲ့ မနူဘူးပေါ့ဗျာ။ဘောလုံးဆိုတာ မတူကွဲပြားမှုတွေနဲ့မလား၊မတူညီတဲ့ကစားသမားတွေနဲ့ခြားနားတဲ့ကစားဟန်တွေနဲ့ပေါ့။မန်စီးတီးမှာကစားရတဲ့ပုံစံကလည်း တကယ်ကိုကွဲပြားပါတယ်။တိုက်စစ်မှူးဟာ ဘောလုံးထိခွင့်သိပ်မရဘူး၊ခင်ဗျားတို့တွေ့ကြမှာပါ“
“ဘောလုံးကိုထိခွင့်ရမယ့်အချိန်(ဂိုးသွင်းခွင့်ရမယ့်အချိန်)ရောက်တော့လည်း ကိုယ့်အတွက်မဟုတ်ခဲ့ပြန်ဘူး။ပက်ပ်(ဂွာဒီယိုလာ)က ကွင်းလယ်ကစားသမားကို ရှေ့တက်ပြီး ကစားခိုင်းထားတယ်လေ၊ဒီတော့ –ကောင်းပြီ၊ငါပြောင်းမှ ရတော့မယ်– လို့ တွေးခဲ့ပါတယ်“
ဂျေးဆုဟာ အမ်းမရိတ်ကို မပြောင်းရွှေ့သေးခင် ဆရာဟောင်းအာတီတာနဲ့ ကစားပြောခဲ့ကြပါသေးတယ်။အာတီတာနဲ့သူ ဘာတွေပြောခဲ့လဲ၊အာဆင်နယ်မှာ ကစားရတဲ့အပေါ်လည်း ဘယ်လိုခံစားရလဲဆိုတဲ့အပေါ် လည်း ဂါဘီအကြီးကောင်က ခုလိုသဘောကျစွာနဲ့ဆိုပါတယ်။
“အာဆင်နယ်ကစားပုံနဲ့ပတ်သက်ပြီး ကျွန်တော် အာတီတာနဲ့ အများကြီးဆွေးနွေးဖြစ်ခဲ့ပါတယ်။သူက ကျွန်တော့်ကိုသိတယ်၊ကျွန်တော်ကလည်းသူ့ကို သိပါတယ်။သူ ကျွန်တော့်ဆီက ဘာလိုချင်လဲဆိုတာလည်း ကောင်းကောင်းသိပါတယ်“
“ကွင်းထဲမှာ ကျွန်တော် လွတ်လွတ်လပ်လပ်နဲ့ ကစားခွင့်ရနေပါတယ်။တစ်ခါတစ်လေ ကျွန်တော်ပြုံးပြီးဘောလုံးကန်နေတာ၊အသင်းအတွက် အကောင်းဆုံးကြိုးစားနေတာကို ခင်ဗျားတို့ တွေ့ရမှာပါ“ လို့ ဂျေးဆုကဆိုပါတယ်။
အသင်းရဲ့အမှတ်တံဆိပ်လို့ပြောနိုင်တဲ့ကစားသမားတွေဆုံးရှုံးထားရတဲ့ ဂန်းနားတို့အတွက် ဂျေးဆုနဲ့ အာဆင်နယ် အလျင်အမြန်အသားကျသွားတာဟာ ကောင်းတဲ့အချက်ဖြစ်ပါတယ်။ အသင်းနဲ့အံဝင်နေတာကလည်း ဂိုးတွေထက်ပိုတဲ့ ချိတ်ဆက်မှုပဲဖြစ်ပါတယ်။ တကယ်လို့ မြောက်လန်ဒန်ဒါဘီမှာသာ တစ်ခုခုလုပ်ပြနိုင်မယ်ဆိုရင်တော့ အမ်းမရိတ်ပရိတ်သတ် တွေရဲ့ ရင်ထဲကိုပါ အချိန်တိုတွင်းရောက်နိုင်ပြီလို့ဆိုရမှာဖြစ်ပါတယ်။ ဂန္တဝင်ကြီး သီယာရီအွန်နရီဆိုတာလဲ မြောက်လန်ဒန်ဒါဘီမှာ တစ်ခါမှ မရှုံးဘူးသူပဲ မဟုတ်လား။ ကျွန်တော်တို့အားလုံး ဂျေးဆုကိုအားပေးရင် စောင့်ကြည့်ကြတာပေါ့။