ဂျေးဆူဖြေရမယ့်စာမေးပွဲ

နာမည်ကျော်သုံးသပ်သူ ဂန္တဝင်ကြီး ကာရေဂါကတော့ ဂျေးဆူနဲ့ဟာလန်းဟာ ဒီရာသီပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေလို့ ညွှန်းဆိုလာခဲ့ပါတယ်။ ဘရာဇီးလ်သားဟာ ပရီးမီးယားလိဂ်ပွဲစဉ်၇ပွဲအပြီးမှာ သွင်းဂိုး၄ဂိုးနဲ့ ဂိုးဖန်တီးမှု၃ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ ဒီနှုန်းအတိုင်းဆက်သွားရင် ဂျေးဆူဟာ ဂိုး ၂၀ ကျော်သွင်းယူနိုင်မှာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ကျိန်စာသင့် ကျောနံပါတ်၉ ပိုင်ရှင်ဟာ အချိန်တိုအတွင်းမှာပဲ အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ဂန်းနားတွေရဲ့တိုက်စစ်ကို အကောင်းဆုံးဦးဆောင်နိုင်သူအဖြစ် ချီးကျူးမှုများစွာကိုလည်း ရရှိထားခဲ့ပါတယ်။

‌အထောင်တိုက်စစ်မှူးစစ်စစ်မပါ၀င်တဲ့ ကစားကွက်ကိုသာ အမြဲအသုံးပြုလေ့ရှိတဲ့ ပက်ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့နွေမှာတော့ ဟာလန်းလို အထောင်တိုက်စစ်မှူးစစ်စစ်တစ်ဦးကို ခေါ်ယူခဲ့ပါတယ်။“ဟာလန်း ပရီးမီးယားလိဂ်မှာ ဘာမှလုပ်ပြနိုင်မှာမဟုတ်ဘူး” “ပက်ရဲ့ ကစားကွက်တော့ ပျက်စီးတော့မယ်”ဆိုတဲ့ ဝေဖန်သံတွေကို နော်ဝေးသားဟာ သူ့ရဲ့သွင်းဂိုးတွေနဲ့ တိတ်ဆိတ်စေခဲ့ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်၇ပွဲအပြီးမှာ ဟက်ထရစ်နှစ်ကြိမ်အပါအ၀င် ၁၁ဂိုးသွင်းယူခဲ့ပြီးပါပြီ။

ဒီတိုက်စစ်မှူးနှစ်ဦးဟာ သူတို့ရဲ့အသင်းတွေကို အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးဆီ တွန်းပို့နေသူတွေဖြစ်ပါတယ်။ ကာရေဂါကတော့ ဂျေးဆူနဲ့ဟာလန်းတို့နှစ်ဦးစလုံးဟာ ထိပ်တန်းအရည်အသွေးတွေရှိပြီး အဆင့်အတန်းတူညီတဲ့ ကစားသမားတွေလို့ သုံးသပ်လာခဲ့ပါတယ်။

တကယ်ကို ကောင်းမွန်တဲ့ ရာသီအစတစ်ခုလို့ ကျွန်တော်ထင်ပါတယ်၊တကယ်ပဲသဘောကျမိတယ်ဗျာ။ဟာလန်းကတော့ တကယ်ကိုထူးချွန်လွန်းတဲ့ ကစားသမားဆိုတာ သိသာပါတယ်။သူနဲ့ဂျေးဆူဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့သူတွေဖြစ်ပြီး သိပ်ကောင်းတဲ့ ကစားသမားတွေပါ လို့ Talk Sport ရဲ့အားကစားအစီအစဉ်မှာ လီဗာပူးလ်ကစားသမားဟောင်းကြီးက ပြောပြလာခဲ့ပါတယ်။

တချိန်ထဲမှာလည်း ဘောလုံးဝေဖန်သုံးသပ်သူတစ်ဦးဖြစ်တဲ့ နိုရယ်ဝီလန်က အာဆင်နယ်ဟာ လီဗာပူးလ် သို့မဟုတ် မန်စီးတီးတို့နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်တွေမတိုင်မီ အသင်းရဲ့အဓိကတိုက်စစ်မှူးဂျေးဆူကို ပွဲပယ်ပြစ်ဒဏ်ကြောင့် ဆုံးရှုံးရမယ်ဆိုရင် အသင်းအတွက် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ဘရာဇီးလ်သားဟာ ဂန်းနားတွေရဲ့ တိုက်စစ်ကို အကောင်းဆုံးဦးဆောင်နေပြီး ကောင်းမွန်တဲ့ မှတ်တမ်းတစ်ခုကိုရရှီထားတယ် ဆိုပေမယ့်  အဝါကဒ်ငါးကဒ်ကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒါဟာ အထောင်တိုက်စစ်မှူးတစ်ဦးအတွက်အတော်လေးများတဲ့ အဝါကဒ်ပြစ်ဒဏ်အရေအတွက်ပါပဲ။ ဒါကြောင့် အသင်းရဲ့အရေးကြီးပွဲစဉ်တွေမှာ ဂျေးဆုမပါ၀င်နိုင်ခဲ့ရင် အာဆင်နယ်အတွက် အခက်တွေ့နိုင်တာကို နိုကယ်ဝီလန်က သတိပေးလာခဲ့တာ ဖြစ်ပါတယ်။

ပွဲကြီးပွဲကောင်းတွေမှာ ကိုယ့်ရဲ့အကောင်းဆုံးကစားသမားကို ပါစေချင်မှာပါပဲ

ဒီပွဲစဉ်နှစ်ပွဲ (စပါး၊လီဗာပူးလ်တို့နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်တွေ)ဟာ ရာသီကုန်မှာ သူတို့ရဲ့ အဆင့်ရပ်တည်မှုကို သတ်မှတ်ပေးလာမယ့် ပွဲစဉ်တွေဖြစ်လာနိုင်ပါတယ်။ သူတို့ဘာအတွက် တိုက်ပွဲ၀င်နေလဲဆိုတာ သိလာမယ့်အချိန်ပါပဲ  .. ဒီလိုအသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ကစားရတဲ့အခါ အသင်းရဲ့အဓိကကစားသမားတွေ ပါ၀င်နိုင်ဖို့လိုအပ်ပါတယ်။ သူတို့ဟာ ကစားပွဲရဲ့အဖြေကို ပြောင်းလဲနိုင်စွမ်းရှိသူတွေပါ

စပါး၊လီဗာပူးလ်တို့နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်တွေမှာ သူတို့ဂျေးဆူကို လိုအပ်ပါတယ်။ဒီလိုပွဲစဉ်တွေမှာ ဂျေးဆူ ပွဲပယ်ပြစ်ဒဏ်ကျသွားရင် အသင်းအတွက် ထိုးနှက်ချက်အကြီးကြီး ဖြစ်လာနိုင်ပါတယ်

ဂျေးဆူဟာ ပြိုင်ဘက်ခံစစ်ကစားသမားတွေက်ု အမှားများအောင် ဖိအားပေးကစားတတ်တာကြောင့် သူ့လဲအဝါကတ်ထိသလို သူ့ကြောင့်လဲ ပစ်ဒဏ်တွေရလေ့ရှိပါတယ်။ သူ့ရဲ့ ကစားဟန်ကိုပြောင်းလဲပစ်ဖို့ မလိုအပ်ပေမယ့် အရေးကြီးပွဲစဉ်တွေကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ရတာမျိုးမဖြစ်အောင် ဂရုစိုက်ရမှာပါ။ ဂန်းနားတို့အတွက်ရော ဂျေးဆူအတွက်ပါ စာမေးပွဲကြီးကြီးတွေကတော့ စောင့်မျှော်နေပြီဖြစ်ပါတယ်။

ဘယ်လိုပဲဆိုဆို တိုက်စစ်မှုးကောင်းတစ်ယောက်အမြဲတန်းမျှော်လင့်နေရတဲ့ ဂန်းနားတို့အတွက်လည်း ထိပ်တန်းဂိုးသွင်းဇယားမှာ ကိုယ့်အသင်းသားကိုယ်မြင်ရတာဖြစ်သလို ၊ အခြားအသင်းတွေကြောက်နေရတဲ့ Fear Factor တစ်ခုကိုလဲ စတင်ပိုင်ဆိုင်နိုင်ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ကြရမှာပါပဲ။

Advertisement

Leave a Reply

%d bloggers like this: