အောက်တိုဘာကိုရင်ဆိုင်မယ့် ဂန်းနားတို့ရဲ့အခြေအနေများကို ယေဘူယျသုံးသပ်ခြင်း

အာဆင်နယ်ပွဲစဉ်တွေ ငတ်နေခဲ့ရတဲ့ ပရိသတ်တွေအတွက် ဘရန်းဖို့ဒ်ကို သူတို့ရဲ့ အိမ်ကွင်းမှာ ဂိုးပြတ်ချေမှုန်းနိုင်ခဲ့တာဟာ သိပ်ကို ‌ချိုမြိန်တဲ့ အောင်ပွဲတစ်ခုပါပဲ။ ဒီပွဲအနိုင်ကြောင့် နိုင်ငံတကာ ပွဲစဉ်တွေမလာခင် နိုင်ပွဲနဲ့ အမှတ်ပေးဇယား အဆင့်တစ်နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ရပါတယ်။ ပိတ်ရက်တွေကို အပေါ်စီးကနေ ဖြတ်သန်းကြတာပေါ့လေ။ ဒါ့အပြင်ယခုပွဲစဥ်ဟာ ရှုံးပွဲမဆက်ဖို့အပြင် ၊ အမှတ်ဆုံးနိုင်ခြေများတဲ့လမတိုင်ခင်မှာ ရသမျှအမှတ်ယူဖို့ အခွင့်အရေးတစ်ခုလဲဖြစ်ပါတယ်။ ဂန်းနားတို့အရယူနိုင်ခဲ့တယ်တော့ ဆိုနိုင်ပါတယ်။

ဘရန်းဖို့ဒ်ကိုနိုင်တဲ့ပွဲကနေ ပြောစရာဖြစ်ခဲ့တဲ့ အချက်တွေကတော့ အများကြီးပါပဲ။ ကျွန်တော်တို့တွေဟာ Page ပေါင်းစုံရဲ့တင်ဆက်ထားတဲ့ဆောင်းပါးတွေကနေ ဒီနိုင်ပွဲအကြောင်း အကြိမ်ကြိမ်ဖတ်ရင်း ပီတိဖြစ်နေဦးမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါ့အပြင် ဒီအကြောင်းတွေဟာ အောက်တိုဘာလကို ရင်ဆိုင်မယ့် အာဆင်နယ်အသင်းရဲ့ အနှစ်ချုပ်အခြေအနေလို့ပြောရင်လဲမမှားပါဘူး။ ကိုယ်တိုင်လည်း သိပ်ကို ရေးချင်နေတာကြောင့် ဒီပွဲစဉ်မှာ တွေ့ခဲ့ရတဲ့စိတ်၀င်စားစရာ အချက်တွေနဲ့ အာဆင်နယ်ရဲ့ အခြေအနေကို လက်လှမ်းမှီသလောက် ဖော်ပြလိုက်ရပါတယ်။ ဒီအကြောင်းတွေကိုဖတ်ရင်း အောက်တိုဘာလကိုရင်ဆိုင်ဖို့အားတင်းကြရအောင်ပါ။

အိုဒီဂတ် မပါ၀င်နိုင်ချိန်မှာ တောက်ပတဲ့ခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်

ပွဲမစမီ အသင်းရဲ့ လူစာရင်းမှာ အိုဒီဂတ်မပါ၀င်နိုင်ဘူးဆိုတာ သိလိုက်ရချိန်မှာ ပရိသတ်တွေအတွက် အနည်းငယ် စိတ်ပူစရာဖြစ်ခဲ့ရပါတယ်။ ဗီအဲရာဟာ အိုဒီဂတ်ရဲ့နေရာမှာ ကောင်းကောင်းကစားနိုင်ပါ့မလားလို့ ကျွန်တော်တို့ စိတ်ပူနေခဲ့ပေမယ့် ဗီအဲရာကတော့ ခြေစွမ်းပြနိုင်ခဲ့ပြီး လှပတဲ့ အဝေးကန်ချက်နဲ့ သွင်းဂိုးတစ်ဂိုးကိုပါ ရယူနိုင်ခဲ့ပါတယ်။

အီုဒီဂတ်မရှိလည်း ဗီအဲရာရှိတယ်လို့ ကျွန်တော်တိုစိတ်ချလို့ရတော့မယ်ထင်ပါတယ်။ လောလောဆယ်မှာ အိုဒီဂတ်ကလည်းပြန်ပါလာဖို့ရှိနေပါတယ်။ တစ်လလုံးခက်ခဲမယ့် လအတွက် ကွင်းလယ်မှာတိုက်စစ်လမ်းကြောင်းကိုဖွင့်ဖို့ ဂန်းနားတို့မှာ အခြေအနေကောင်းနေပါတယ်။ ဒါ့အပြင် ဗီအဲရာဟာ အိုဒီဂတ်ထက်အနဲငယ် တဲ့တိုးဆန်တဲ့ (Straight forward) ဖြစ်တဲ့ကစားဟန်လဲရှိတယ်လို့ဆိုရမယ်ဗျ။ ဒါကိုတော့သီးသန့်ဆွေးနွေးကြတာပေါ့။

ကပ္ပတိန်လက်ပတ်နဲ့‌ပြန်တွေ့ခဲ့ရတဲ့ ရှာကာ

ရှာကာကို ကပ္ပတိန်လက်ပတ်နဲ့ ပွဲထွက်လာတာကို မမြင်ခဲ့ရတာ အတော်ကြာပါပြီ။ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာတော့အသေးစားဒဏ်ရာပြဿနာရှိနေတဲ့ အိုဒီဂတ်က အသင်းရဲ့ လူစာရင်းမှာ မပါ၀င်နိုင်ခဲ့တာကြောင့် ရှာကာက အသင်းရဲ့ ကပ္ပတိန်အဖြစ်ပွဲထွက်လာခဲ့ပါတယ်။

ရှာကာဟာ ကပ္ပတိန်လက်ပတ် မ၀တ်ထားရင်တောင် အသင်းရဲ့ ခေါင်းဆောင်တစ်ဦးဆိုတာ ဘယ်သူမှ မငြင်းဆန်နိုင်ဘူး။အသင်းသားတွေကို ကာကွယ်ပေးဖို့ ၊လူငယ်လေးတွေကို ဦးဆောင်ဖို့ အမြဲ အသင့်ရှိနေတဲ့ ဆွစ်ဇာလန်သားကြီးဟာ ဒီပွဲစဉ်မှာလည်း  ပါတေးနဲ့အတူတွဲဖက်ပြီး ကွင်းလယ်မှာအကောင်းဆုံး ကစားပြခဲ့ပါတယ်။

ဂျေးဆူကို သွင်းဂိုးကို လှလှပပဖန်တီးပေးခဲ့တဲ့ ရှာကာဟာ တကယ့်ကို နှစ်ချို့ဝိုင်ပါပဲ။သူ့ကို ရိုးမားဆီမပြောင်းအောင် အာတီတာ နားချနိုင်ခဲ့တာဟာ ကျွန်တော်တို့အတွက် တကယ်ကို ကံကောင်းတာပါပဲ။ ဒါ့အပြင် ဂရန်းနစ်ကိုကြည့်ရတာ အသင်းမှာသိပ်ပျော်နေပုံပါပဲ။ လက်ပတ်ဝတ်မထားတဲ့အသင်းခေါင်းဆောင်လို့တောင်ဆိုကြပါတယ်။  အနီးဆုံးမြောက်လန်ဒန် ဒါဘီကစလို့ သူ့ရဲ့ အကောင်းဆုံးတွေကို မြင်ချင်မိတယ်။

Advertisements

မှတ်တမ်းကောင်းတစ်ခုနဲ့ ဆာလီဘာ

အသင်းရဲ့ အဖွင့်ဂိုးရှင် ဝီလီယံဆလီဘာဟာ အသင်းအတွက်  ပွဲစဉ် ၇ပွဲကစားပြီးချိန်မှာ နှစ်ဂိုးသွင်း၊တစ်ဂိုးဖန်တီးနိုင်ခဲ့ပါပြီ။ဒါ့ကြောင့် လက်ရှိရာသီ ဥရောပထိပ်တန်းလိဂ်တွေမှာ သွင်းဂိုးအရေအတွက် အများဆုံးပါ၀င်ပတ်သက်မှု ရခဲ့တဲ့ မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ clean sheet ပါ ထပ်မံရရှိခဲ့တာကြောင့် ဆလီဘာအတွက်တော့ အချိုပေါ်သကာလောင်းတဲ့ အောင်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

ဆာလီဘာကို မာဆေးလ်ကနေ ပြန်ရလိုက်တာဟာ  အသင်းအတွက် တကယ်ကို အားတစ်ခုပါပဲ။ဆာလီဘာ တစ်ယောက် အာဆင်နယ်ဆီပြန်လာအောင် နားချခဲ့တဲ့ အာတီတာကိုလည်း ဒီအတွက် ထပ်ဆင့်ကျေးဇူးတင်ရမှာပါ။ ဘန်ဝှိုက်နဲ့ တိုမီယာစုတို့ အစွန်မှာနေရာလုနေကြရတဲ့ကိစ္စမှာ ဆာလီဘာရဲ့ သက်ရောက်မှုကလဲ အပြည့်အဝပါပဲ။ ဘာပဲပြောပြော အာတီတာကြိုက်လောက်တဲ့ စိတ်ရှုတ်စရာပေါ့လေ။

မရှိမဖြစ်ပါတေး

ဒဏ်ရာကနေ ပါတေးပြန်လာနိုင်ခဲ့တာဟာ ဒီနေ့ပွဲစဉ်ရဲ့ အနိုင်ရစေခဲ့တဲ့ အဓိကအချက်ပါပဲ။ ပါတေး၊ရှာကာ တွဲဖက်ကစားတဲ့အခါတိုင်း အသင်းဟာ ရလဒ်ကောင်းတွေရခဲ့တဲ့ မနှစ်က ရာသီကတည်းကပါပဲ။ ပါတေး၊ဂျေးဆူ တို့ဟာ အသင်းရဲ့ မရှိမဖြစ်ဆိုတဲ့  ကစားသမားတွေ ဖြစ်လာခဲ့ပါပြီ။

ဒီနေ့ပွဲစဉ်မှာလည်း  ပါတေးကြောင့် အသင်းရဲ့ ကွင်းလယ်ကစားပုံဟာ  အတော်လေးကောင်းခဲ့ပါတယ်။ရာသီကုန်တဲ့အထိ ပါတေးတစ်ယောက် ဒဏ်ရာပြဿနာ ကင်းကင်းနဲ့ ကစားနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဂါနာသားကြီးကတော့ သူဟာ အသင်းအတွက် တကယ်ကို မရှိမဖြစ်ကစားသမား ဆိုတာကို ထပ်မံသက်သေပြခဲ့တဲ့ ပွဲစဉ်တစ်ခုပါပဲ။  ဒီအချက်က​​  ရေရှည်အတွက်ဖြေရှင်းရမယ့် ကိစ္စဖြစ်ပေမယ့် အကြပ်ဆုံးလကိုရင်ဆိုင်ရမယ့် ဂန်းနားတွေအတွက်တော့ပျော်စရာဖြစ်ပါတယ်။  တစ်ဦးထဲအပေါ် မှီခိုရတာ သိပ်တော့သဘောကျစရာမရှိသေးပါဘူး။

Advertisements

အာဆင်နယ်နဲ့ ပွဲ၁၀၀ပြည့်ခဲ့ပြီဖြစ်တဲ့ အန်ကက်တီးယား

ဒီနွေမှာအသင်းနဲ့ စာချုပ်သက်တမ်းတိုးလိုက်တဲ့ အင်္ဂလန်သားလေးဟာ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ် ဒုတိယပိုင်းမှာ မာတင်နယ်လီအစား လူစား၀င်ရောက်ကစားခဲ့ပါတယ်။ဒီပွဲစဉ်ဟာ အန်ကက်တီးယားကို အာဆင်နယ်နဲ့ ပွဲ၁၀၀ ပြည့်မြောက်ခဲ့စေခဲ့ပါတယ်။လက်ရှိမှာ သူဟာ ဂျေးဆုရဲ့ နောက်မှသာ ပွဲထွက်ခွင့်ရနေပေမယ့် တစ်ချိန်မှာ အသင်းအတွက် အားကိုးရတဲ့ဂန်းနားဂိုးသွင်းစက်တစ်လုံးဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်။

သူ့ပုံကိုကြည့်ရတာ အာတီတာအတွက် နည်းဗျူဟာအပြောင်းအလဲတစ်ခုအဖြစ်ရှိနေပုံပါပဲ။ အရမ်းကြီးအားရစရာမကောင်းသေးပေမယ့် ပွဲကြီးတွေမှာ ဂိုးသွင်းလေ့ရှိတာကြောင့် ဒီလထဲမှာ အက်ဒီဆီက ဂိုးတွေကို မြင်ရရင်တော့ အကောင်းဆုံးပါပဲ။ အနိုင်ဂိုးတွေဆိုရင်တော့ အကောင်းတကာ့အကောင်းဆုံးပေါ့။

ခြေတွေ့နေတဲ့ တီယာနေး

ဒီကိစ္စကအရေးကြီးပါတယ်။ ပရိတ်သတ်အချစ်တော်တီယာနေးဟာ ပုံစံသစ်နဲ့ ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ တိုက်စစ်ကိုပိုလိုက်တယ်။ သမရိုးကျဟန်ကနေ ပိုပြီး Inverted ဆန်လာတယ်။ အာတီတာကလဲ သူဖြစ်ချင်တာပြောပြနိုင်သလို ကစားသမားကလည်း လိုက်နာပုံရပါတယ်။ တဖက်မှာ ဇင်ချန်ကို နာနေတာကတော့ အားပျက်စရာပေါ့။  တီယာနေးခြေတွေ့တာကို ပျော်ရမှာဖြစ်ပေမယ့် မကြာခန ဒဏ်ရာရတတ်တာကြောင့် သူ့ကိုလဲစိတ်ပူရပါတယ်။ ဒီနေရာကလည်း အောက်တိုဘာအတွက် အဖြေတွေထဲကတစ်ခုဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာပွဲတွေကနေ ဒဏ်ရာရမလာဖို့ဆုတောင်းရပါမယ်။

လက်ရွေးစင်အတွက် သက်သေပြမယ့် ဂျေးဆူ

ဒီဘရာဇီးသားရဲ့ စိတ်ဓါတ်နဲ့ ကြိုးစားမှုတွေကိုပြောစရာမရှိပါဘူး။ ဒါ့အပြင် လက်ရွေးစင်အသင်းနည်းပြရဲ့ မရွေးချယ်မှုကိုလည်း​ လေးစားမှုအပြည့်နဲ့တုန့်ပြန်လိုက်တာဟာ လေးစားစရာပါ။ သူ့ရဲ့စကားတွေထဲမှာ အလုပ်နဲ့သက်သေပြမယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေကိုမြင်ရပါတယ်။ ဒါကအာဆင်နယ်အတွက် အကျိုးရှိလာနိုင်ပါတယ်။ ဂန်းနားတိုက်စစ်မှုးသစ်ဟာ အခုနှုန်းအတိုင်းသွားမယ်ဆိုရင် ရာသီကုန်မှာ EPL သွင်းဂို ၂၀ ကျော်မှာ သေချာပါတယ်။ ကျွန်တော်တို့ သူ့ကို ဆက်လက်အားပေးကြရအောင်ပါ။ အောက်တိုဘာမှာလဲ ဂိုးတွေမြူးဖို့မျှော်လင့်ပါတယ်။

မနှစ်က ရာသီအဖွင့် ဘရန့်ဖို့ဒ်နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရတာကို လက်စားပြန်ချေနိုင်ခဲ့တာကြောင့် ဒီနိုင်ပွဲဟာ ဂန်းနားတွေအတွက် သိပ်ကို ချိုမြိန်လှပါတယ်။ ဒီပွဲရဲ့ ခံစားချက်က မြောက်လန်ဒန်ဒါဘီပွဲဆီကို ကောင်းမွန်တဲ့သက်ရောက်မှုတွေဖြစ်မယ်လို့ ယူဆပါတယ်။

ဒီပွဲစဉ်ဟာ အသင်းအတွက် သိပ်ကိုအရေးကြီးတဲ့ပွဲစဉ်ဖြစ်ခဲ့တာပါ ။မန်ယူနဲ့ အရှုံးကနေ ပြန်လာနိုင်ဖို့ ၊ လီဗာပူးလ်၊ စပါးတို့နဲ့ မတွေ့မီ ဒီပွဲစဉ်မှာ ရလဒ်ကောင်းတစ်ခုရဖို့ မဖြစ်မနေလိုအပ်ခဲ့တာပါ။ ဒီပွဲစဉ်သာ ရှုံးနိမ့်သွားခဲ့ရင် အသင်းဟာ ၄ပွဲဆက်ရှုံးပွဲနဲတောင် ရင်ဆိုင်သွားရနိုင်တယ်လို့ ပရိသတ်တွေအတွက် စိတ်ပူစရာ ဖြစ်ခံ့ရတာပါ။  အခုတော့အခက်ခဲဆုံးကာလအတွက် အားပြည့်အင်ပြည့်ပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: